အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၆)
(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
စာရေးသူက သူ့ကို မစ္စတာဂျုန်း ဟု ခေါ်ပါမည်။ သူသည်ဂျာမနီ၌် မားဗတ်ဗိုင်းရတ် ပေါ်ထွက်လာသည့် ၁၉၆၇ ခုနှစ် နွေရာသီ က ယူဂန်ဒါနိုင်ငံ အန်တက်ဘီမြို့ရှိနိုင်ငံခြားသို့တင်ပို့သည့် မျောက်များထားရာ သိုလှောင်ရုံတွင် စစ်ဆေးရေးမှုးအဖြစ် ခေတ္တလုပ်ကိုင်ခဲ့သည်။ မူလစစ်ဆေးရေးမှုး တိရစ္ဆာန် ဆေးကု ဆရာဝန် ခွင့်ယူထားချိန်ဖြစ်သည်။ ပိုင်ရှင်မှာ အလွန်ချမ်းသာသောတိရစ္ဆာန်ကုန်သည် တစ်ဦးဖြစ်ပြီး မစ္စတာဂျုန်း က သူ့ကို “လူယုတ်မာ” ဟု သမုတ်သည်။ သူသည်တစ်နှစ်လျှင် မျောက်ကောင်ရေ ၁၃၀၀၀ ခန့် ဥရောပသို့ တင်ပို့သည်။ ဤပမာဏမှာ အလွန်များသည့်ပမာဏ ဖြစ်ပြီး သူ့အတွက် ငွေ အမြောက်အမြား ရရှိသည့် လုပ်ငန်းဖြစ်သည်။ မားဗတ်ဗိုင်းရတ်ကူးစက်နေသည့် မျောက်များ ပါဝင်သော ထိုအသုတ်ကို လေကြောင်းလိုင်းဖြင့် လန်ဒန်မှတစ်ဆင့်ဂျာမနီသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းမျောက်များတွင် ကူးစက်နေခဲ့သော ဗိုင်းရတ်သည်ဂျာမနီနိုင်ငံ မားဗတ်မြို့မှ လူထုကို ကူးစက်ခဲ့ခြင်းဖြစ်သည်။
တယ်လီဖုန်းဆက်သွယ် မေးမြန်းမှုများအကြိမ်ကြိမ်အခါခါ ပြုပြီးသည့်နောက် အင်္ဂလန် ရှိ မြို့ တစ်မြို့တွင် နေထိုင်လျှက်ရှိသောမစ္စတာဂျုန်းကို စာရေးသူ ဆက်သွယ်နိုင်ခဲ့သည်။ သူသည် တိရစ္ဆာန် ဆေးကု ပါရဂူအဖြစ် ထမ်းဆောင်လျှက်ရှိသည်။နိုင်ငံခြားသို့ မတင်ပို့မီ တိရစ္ဆာန်များအားလုံးကို မျက်မြင် စစ်ဆေးရကြောင်း မစ္စတာဂျုန်းကပြောပြသည်။ ထိုဗိုင်းရတ်ကူးစက်နေသည့် မျောက်များကို ဘယ်သူ စစ်ဆေးခဲ့သလဲ ဟု စာရေးသူကမေးမြန်းရာ သူကိုယ်တိုင် စစ်ဆေးခဲ့ကြောင်းဖြေသည်။ သူစစ်ဆေးချိန်တွင် မျောက်အားလုံးနီးပါး ပုံမှန်ပင်ဖြစ်ကြောင်း၊ မျောက် တစ်ကောင် နှစ်ကောင်တွင်သာ ထိခိုက်ဒဏ်ရာ အနည်းငယ်တွေ့ရကြောင်းပြောပြသည်။ သူ၏ကာကွယ်နည်းမှာ မျောက်များကို မတင်ပို့ခင် မျက်မြင်အရ နေမကောင်းဖြစ်နေဟန်ရှိသည့် မျောက်တို့ကိုရွေးထုတ်ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် သုတ်သင် ပစ်ခြင်းဖြစ်သည်။ထိုမျောက်များကို ဂျာမနီသို့ တင်ပို့ပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် ကူးစက်ရောဂါဖြစ်ပွားကြောင်းကြားရသည့်အခါ မစ္စတာဂျုန်းမှာ အလွန်တုန်လှုပ်သွားခဲ့သည်။ တင်ပို့ရန် ဆေးထောက်ခံစာကိုသူလက်မှတ်ထိုးပေးခဲ့သည် မဟုတ်ပါလား။