၇၊၀၅၊၁၉၈၈
စနေနေ့
ဒီနေ့ လှိုင်မျိုး နဲ့
လျှောက်လည်ဖို့ ချိန်းထား တယ်။ ရွှေတိဂုံ ဘုရား မှာ ဆုံဖို့ ပြောထား တယ်။
ကိုဌေးလှိုင် တော့ မပါဘူး။
အိမ်ကနေ မနက်စောစော ၅ နာရီ ၄၅ မှာ
ထွက်လာတယ်။ သိမ်ကြီးဈေး မှာ ဆင်းပြီး ဗိုလ်ချုပ်ဈေး ရှေ့ ကနေ ဘုရားကား လို့
ခေါ်တဲ့ ကာလေးတွေ ကို စီးတယ်။
တောင်ဖက်မုခ် မှာ ဆင်းတယ်။
ဓါတ်လှေခါး မစီး ဘဲ စောင်းတန်း ကနေ လမ်းလျှောက် တက်လာတယ်။ စောသေးလို့ ထင်ရဲ့။
ဈေးဆိုင်တွေ မဖွင့်သေး ဘူး။ ဆိုင် ရှေ့ က ပစ္စည်း တွေ ကို အဝတ်နဲ့ ကာပြီး အစောင့်
တွေ က ဆိုင် ရှေ့ မှာ ပိုးလိုးပက်လက် အိပ်နေ ကြတယ်။
စောင်းတန်း အတိုင်း မနား ဘဲ
ဆက်တိုက် တက်လာ လိုက်တာ ရင်ပြင်တော် ပေါ် ရောက်တော့ မော နေ ပြီ။ အသက် ပြင်းပြင်း
ရှု နေရ တယ်။ ရင်ပြင်တော် ပေါ်မှာ
ဘုရားဖူး တွေ တော်တော် ရောက်နေ ပြီ။
နံနက်စောစော။ အမှောင်ပြို စ။ ရောင်နီ
ပျိုးစ အချိန်။ ရင်ပြင်တော် ပေါ်မှာ လတ်ဆတ် အေးမြ တဲ့ လေကို ရှုရှိုက် ရတာ ရင်ထဲ
အေးမြ ပြီး အမောပြေ သွားတယ်။ ကြေးစည် သံ၊ ခေါင်လောင်း သံ၊ ဆည်းလည်း သံ တွေ လည်း
ကြည်နူး ဖွယ် ကြားနေရတယ်။ လူတိုင်း လူတိုင်း အေးချမ်း သန့်စင် တဲ့ မျက်နှာ၊ အပူ
အပင် ကင်း တဲ့ မျက်ဝန်း တွေ နဲ့၊ ငြိမ်းချမ်း လိုက်ပါဘိ။ မကောင်းတဲ့ စိတ်တွေ၊
စိတ်ညစ် စရာတွေ၊ အညစ်အကြေး တွေ ကိုယ်ထဲ ခေါင်းထဲ စိတ်ထဲ က ထွက်သွား သလိုပဲ။
ငြိမ်းချမ်း ကြည်နူး ပေါ့ပါး နေတယ်။
ပြာညို့ညို့ ကောင်းကင် ထဲမှာ
ရွှေရောင် တဝင်းဝင်း နဲ့ ထိုးတက်လွင့်ပျံ နေတဲ့ ရွှေတိဂုံ စေတီတော် ကြီး ကို
မော်ဖူးမိတယ်။ ငြိမ်းချမ်း လိုက်တာ။ အေးမြလိုက်တာ။ တကိုယ်လုံး ပေါ့ပါး သွားတယ်။
ရင်ထဲ မှာ ဘာအပူ အပင် မှ မကျန်တော့ သလိုပဲ။
တောင်ဖက် မုခ် တန်ဆောင်းထဲ ဝင်ခဲ့
တယ်။ အထဲမှာ ဘုရား ရှိခိုး ပုတီး စိပ် နေတဲ့သူ ၁၀ ယောက် လောက် ရှိတယ်။ ထောင့်စွန်း
တစ်နေရာ မှာ ထိုင်ပြီး ဆင်းတုတော် ကြီး ကို ဖူးမျှော် တယ်။ ဘုရားရှေ့က ပန်းအိုးတွေ
ထဲမှာ လတ်ဆတ်တဲ့ သပြေညွန့်တွေ ကြာပွင့်တွေ နှင်းဆီတွေ စံပယ်တွေ ဝေနေတယ်။ ရေစက်လေး
တွေ တင်နေတဲ့ နှင်းဆီတွေ ကြာပွင့်တွေ က အေးချမ်းမှု ကို ဆောင်နေတယ်။ စံပယ် ရနံ့
တွေ လည်း သင်းနေတယ်။ အမွေးတိုင် မီးခိုးငွေ့ တွေ က မျက်နှာကြက် ဆီကို
လွင့်ပျံတက်နေတယ်။ မီးခိုးငွေ့တွေ နောက်က မြတ်စွာဘုရား မျက်နှာတော် ကို ဖူးမျှော်ရင်း
ရှိခိုး ဦးချတယ်။ ရွတ်ဖတ် ပူဇော် ပြီးတော့ မျက်လုံး မှိတ် ထား လိုက် တယ်။
ဂွမ်းစလေး တစ်ခုလို ပေါ့ပါး နေတယ်။ လေထဲ မျောသွားသလိုလို တိမ်တွေ ပေါ် ရောက်နေ
သလိုလို ခံစား ရတယ်။ ဘုရားရိပ် တရားရိပ် ဟာ အေးချမ်း လိုက်တာ။
လှိုင်မျိုး နဲ့ ၇ နာရီခွဲ မှာ တွေ့ဖို့
ချိန်းထားတယ်။ ၆ နာရီ ၄၅ ပဲ ရှိသေးတော့ စောင်းတန်းထဲ မှာ ပဲ ထိုင် စောင့် နေ
လိုက်တယ်။
မနက် စောစော ပေမယ့် ဘုရားပေါ်မှာ
လူတွေ တော်တော် များနေပြီ။ ပါတိမောက္ခ ကျောက်စာ တော် ရှေ့နား မှာ ထိုင်း ခရီးသည်
တွေ စုနေကြ တယ်။ ဓါတ်ပုံ တွေ ရိုက် နေကြတယ်။ ရွှေထီး တွေ တလက်လက် နဲ့
မောင်ရင်လောင်း တွေ စောင်းတန်း လှေကား အတိုင်း တက်လာ ကြ တယ်။ ရင်ပြင် တော် ပေါ်မှာ
လည်း ရှင်လောင်း လှည့် နေကြတယ်။ မောင်ရင်လောင်း တစ်ဖွဲ့ က ရွဲ လိုက် တဲ့ သူတောင်
ပါ သေး တယ်။ ရှင်လောင်းတွေ ကို ငေးနေ တုန်း ကိုကျော်ဆင့် ကို တွေ့ တယ်။ သူ့အဖိုး
ကို ဘုရား လိုက် ပို့တာတဲ့။
၇ နာရီ ခွဲ တော့ လှိုင်မျိုး
ရောက်လာတယ်။ စပယ်ပန်း ကန်စွန်းရွက် ပေါက်ပေါက် ပဲကြီးလှော် နဲ့ ဘိုကိတ်ပဲ တွေ
ဝယ်လာတယ်။ စပယ်ပန်းတွေ ကို ရေ ဆေးကြတယ်။ တစ်ယောက် ပန်း ဆယ် ကုံး စီ ယူပြီး ကိုယ့်
မွေးနံ ထောင့် တွေမှာ ပန်းကပ် ရေသပ္ပာယ် ဘုရား ရှိခိုး ကြတယ်။ ဗဟန်း စောင်းတန်း က
ဆင်းပြီး ငါးကန်မှာ ငါးစာ ကျွေး တယ်။ ငါးကျည်း တွေ အများ ကြီး ပဲ၊ ကန်စွန်း ရွက်
ချ ပေးလိုက် ရင် ဝိုင်း တွတ် လိုက် ကြတာ ခနလေး နဲ့ ကုန်ရော။ လိပ်တွေ လည်း ရှိတယ်။
လိပ်ကြီး တွေ က ပေါက်ပေါက် ဆုပ် အလုံး ကြီး တွေ မှ စားတယ်။
ဘုရား ကနေ ကန်တော်ကြီး ဖက် ကို
လျှောက် လာ ကြ တယ်။ မနက် စောစော ဆို တော့ လမ်းမှာ လူ ရှင်းနေ တယ်။ ခေါက်ဆွဲ ဆိုင်
တွေ့ လို့ ဆီချက် ခေါက်ဆွဲ ဝယ်တာ စောသေး လို့ မရဘူး။ ကန်တော်ကြီး ဟော်တယ် ရှေ့ ကနေ
တိရစ္ဆာန် ရုံ ကို သွားကြ တယ်။ တိရစ္ဆာန် ရုံ ဖွင့် နေပြီ။ စားဖို့ ဘာမှ မရှိ သေး
လို့ တိရစ္ဆာန် ရုံ ထဲ မဝင် သေးဘဲ ရန်ကုန် ဘူတာ ကြီး ကို ဆက်လျှောက် ကြတယ်။
ဘူတာကြီး မှာတော့ လူတွေ ပျားပန်းခပ်
နေတယ်။ လူအုပ် ထဲ တော်တော် တိုး သွား ရတယ်။ ပန်းဆိုးတန်း လမ်း အတိုင်း အလယ် ဘလောက်
ကို ဆင်း လာပြီး ရွှေမန်း ဒန်ပေါက် ဆိုင်မှာ ဒန်ပေါက် နှစ် ထုပ် ဝယ်တယ်။ တစ်ထုပ်
ကို ၁၂ ကျပ် ပေးရတယ်။ ဒန်ပေါက် ဝယ်ပြီး လက်ကျန် ပိုက်ဆံ စစ် ကြည့်တော့ နှစ်ယောက်
ပေါင်းမှ ၈ ကျပ် ပဲ ကျန် တော့ တယ်။ အပြန် လမ်းစရိတ် တစ်ယောက် ၂ ကျပ် စီ ဖယ် လိုက်
တော့ သုံး ဖို့ ၄ ကျပ် ပဲ ကျန် တော့တယ်။ ဆူးလေ ကို ဆက် လျှောက် ကြ တယ်။ ဆူးလေ
မှတ်တိုင် ကနေ ၄၄ ကားစီး ပြီး တိရစ္ဆာန် ရုံ ကို ပြန် သွား တယ်။ ကားခ နှစ် ယောက်
စာ ၁ ကျပ် ပေးရတယ်။ တိရစ္ဆာန် ရုံ ဝင်ကြေး က တစ်ယောက် ၁ ကျပ် ဆိုတော့ သုံး ဖို့
လက် ကျန် ၁ ကျပ် ပဲ ကျန်တော့ တယ်။ ရေသောက် ချင် တာ ရေခဲရေ ဝယ် မသောက် နိုင် ဘူး။
မြက်ခင်း စပ် က ရေဘုံပိုင် မှာ သောက်ကြ တယ်။
အထဲ ကို ဝင်ခဲ့ ကြတယ်။ မရောက် တာ
တော်တော် ကြာပြီ။ သစ်ပင် စုစု မြက်ခင်း စိမ်းစိမ်း စိုစို မြင် ရတော့ ရင်ထဲ
ပျော်လာတယ်။ ပါလာတဲ့ ပဲကြီးလှော် ကို မျောက် ယုန် နဲ့ ပူး လေး တွေ ကို ကျွေး တယ်။
တိရစ္ဆာန် တွေ တော်တော် စုံအောင် လျှောက် ကြည့် ပြီး မှ သဘာဝ သမိုင်း ပြတိုက် ဘက်
သွားကြ တယ်။ ပြတိုက် ထဲမှာ နှံ့ အောင် ကြည့် ကြတယ်။ ၁ နာရီ ထိုးခါ နီး မှ ပြတိုက်
ထဲ က ထွက် ပြီး အနားက သစ်ပင် ကြီး အောက် မှာ ဒန်ပေါက် စားကြတယ်။ စား လို့ ကောင်း
လိုက်တာ။ သိပ်တောင် မဝချင်ဘူး။ စားနေရင်း ကိုဌေးလှိုင် ပါလာရင် ကောင်းမှာပဲ လို့
ပြောမိသေးတယ်။
စားပြီးတော့ ဆင် ရုံ နဲ့ လူဝံ ရုံ
ဘက် လျှောက် ကြည့် တယ်။ ၂ နာရီ ခွဲ မှာ ဆင်လိမ္မာ နဲ့ မြွေ အလမ္မာယ် ရှိ တယ်
ဆိုလို့ ဆင်ရုံသစ် နားမှာ လူတွေ ထိုင် စောင့် နေကြ တယ်။ ကျွန်တော် တို့ ၂ ယောက်
လည်း မြက်ခင်း ပေါ် ထိုင် ရင်း စောင့် ကြတယ်။ ကြာတော့ ညောင်းလာ တာနဲ့ မြက်ခင်းပေါ်
လှဲ လိုက် ကြ တယ်။ မကြာ ဘူး ၂ ယောက် သား အိပ်ပျော် သွား ပါလေ ရော။ နိုးတော့ ၂ နာရီ
ခွဲ ကျော် နေပြီ။ ပွဲ မပြဖြစ် ဘူး ဆိုလို့ ထလာ ကြတယ်။ နေကလည်း ပူနေပြီ၊ ကြည့်စရာ
လဲ ကုန်ပြီ၊ ပိုက်ဆံလည်း မကျန် တော့ ဘူး။ တိရစ္ဆာန် ရုံ ထဲ ကနေ ပြန်ထွက် ခဲ့
ကြတယ်။
အလံပြ ဘုရား လမ်း အတိုင်း မြို့ ထဲ
ကို လမ်း လျှောက် တယ်။ ကျန်နေသေး တဲ့ ပဲစေ့ တွေ ကို ဆူးလေ ဘုရား နား က ခို တွေ ကို
ကျွေး လိုက်တယ်။ ၂ ယောက်သား နှုတ်ဆက် ပြီး အိမ်ပြန် ဖို့ လမ်းခွဲ ကြတယ်။ ပိုက်ဆံ
သာ လောက်ရင် ရုပ်ရှင် ဝင်ကြည့် ကြ ဦး မှာ။
အိမ်ရောက်တော့ ၄ နာရီ ထိုး နေ ပြီ။
နေ့ခင်း ကျွန်တော် မရှိတုန်း ခိုဝိ လာသွားတယ်တဲ့။ စာရေး ထားခဲ့ တယ်။ ခိုဝိ က
မွမ်မံ တက်နေတာ။ နောက် လာမယ့် စနေ နေ့ (၁၄.၅.၁၉၈၈) မှာ ရန်ကင်း ရဲ့ အိမ်မှာ ဆုံ
ပြီး ဗ.န.တ ကို သွား ကြမလို့ တဲ့။ ကိုခင်ဇော် က သေသေချာချာ မှာ လိုက် တယ် တဲ့။
သွားချင်တယ်။ သွား နိုင် ပါ့ မလား။ ။