Tuesday 15 April 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၈)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၈)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
(Photo from wikipedia)
 အီဘိုလာ ပရောဂျက်
၁၉၈၃ စက်တင်ဘာ ၂၆ ရက်
   မနက် ၄ နာရီတွင် နန်စီ နိုး လာသည်။ ဂျေမီ မနိုး အောင် တိတ်ဆိတ်စွာ အိပ်ရာ မှ ထပြီး ရေချိုး သည်။ ယူနီဖောင်း ဝတ်သည်။ သူ ၏ ယူနီဖောင်း မှာ ဘေးတွင် အနက်ရောင်အစင်း ပါသော အစိမ်းရောင် စစ်ဘောင်းဘီ နှင့် အစိမ်း ရောင် ရှပ်အင်္ကျီ ဖြစ်သည်။ နေမထွက်ခင် အချမ်း သက်သာ စေရန် စစ်သုံး အမည်း ရောင် ဆွယ်တာ တစ်ထည် ကို ထပ်ဝတ်သည်။ ပခုံးပေါ်တွင် ရွှေရောင် ဘားများ က ဗိုလ်မှုး အဆင့်ကို ဖော်ပြ နေသည်။ လန်းလန်း ဆန်းဆန်း ရှိစေရန် သကြားမပါ သော ကိုကာကိုလာ တစ်ဘူး ကို သောက်လိုက် ပြီး အပေါ်ထပ် ရှိ စာကြည့်ခန်း သို့ တက်လာခဲ့ သည်။
     ယနေ့ အလုပ်ခွင်တွင် “ဇီဝကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ”  ဝတ်ရမည်။ နန်စီသည် တိရစ္ဆာန် များတွင် ဖြစ်ပွား တတ် သည့် အနာ ရောဂါများ ကို လေ့လာနေသည်။ သူ စိတ်ဝင်စား ပြီး အဓိကထားလေ့လာ သည် မှာ “ဇီဝကူးစက်ရောဂါပိုးမွှား ကာကွယ်ရေး အဆင့် ၄” ရှိ သည့် ဗိုင်းရတ် များဖြစ်သည်။ ဤ “အဆင့် ၄” ဗိုင်းရတ် များ ကို ကိုင်တွယ် လျှင် ဇီဝကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ မဖြစ် မနေ ဝတ်ရ ပေသည်။ ရှေ့ တစ်ပတ်တွင် ရောဂါဗေဒဘာသာရပ် စာမေးပွဲဖြေရဦးမည်။ 
     နေရောင်ခြည်တို့က အရှေ့ အရပ်ရှိ လယ်ကွင်းများနှင့် သစ်သီးခြံ များပေါ်သို့ ဖြာကျ လာ ချိန်အထိ နန်စီ သည် စာအုပ် များပေါ်သို့ မျက်နှာအပ် ကာ စာ ကြည့်နေခဲ့ သည်။ သာလိကာ များ လည်း ဆူဆူညံညံ အသံ ပြုကာ အိပ်တန်းထကြ လေပြီ။ ကုန်ကားကြီးများ လည်း သာမောင့်မြို့ ၏ လမ်းများ ပေါ်သို့ စတင်မောင်းနှင်နေကြ လေပြီ။သာမောင့်မြို့လေး ၏ နံနက်ခင်းကား သက်ဝင်လှုပ်ရှား လာလေပြီ။ နန်စီ၏ ညာ လက်ဖဝါး ဒါဏ်ရာက တစစ်စစ်နှင့် တော်တော် နာနေသည်။
       ၇ နာရီ ထိုးချိန်တွင်နန်စီ သည်အပေါ်ထပ်မှဆင်းလာ ကာ ဂျေမီကို နှိုး ရသည်။ ဂျေမီက အိပ်ရာ ထဲ လူးလှိမ့် နေသေး သည်။ ထို့နောက်ဆက်၍ ဂျက်ဆင်ကို နှိုး ရသည်။ ဂျက်ဆင် က နှိုး ရ ခက် သည်။ အတော်ကြာ အောင်လှုပ် နှိုး  ရ သည်။ ထို အချိန်တွင်ကလေး ထိန်း မစ္စစ်ပန်ရောက်လာ ပြီ ဖြစ် သည်။ မစ္စစ်ပန် က ကလေး နှစ်ဦးကို အဝတ် အစား လဲ ပေးပြီး နံနက်စာ ကျွေးသည်။  နန်စီက အပေါ်ထပ်ပြန် တက်ကာ စာ ဆက် ကြည့်သည်။ ဂျက်ဆင်ကို ကျောင်းကား ပေါ် တင်ပေး ပြီးလျှင် မစ္စစ်ပန်က ဂျေမီ ကို နန်စီအလုပ် မှ ပြန်လာချိန် အထိ ကြည့်ရှု စောင့်ရှောက် ရမည်ဖြစ်သည်။  
Fort Detrick (photo from www.usmilitary.com)
     ၇ နာရီ ခွဲ တွင်နန်စီ သည် စာအုပ် ကို ပိတ် ကလေးများ ကို နှုတ်ဆက် ကာ ဟွန်ဒါကား ကို မောင်း ပြီး အလုပ်သို့ ထွက်လာ သည်။ မစ္စစ်ပန် ကို လစာ ပေးရန် ဘဏ်၌ ငွေ ထုတ်ရ ဦး မည်။ နန်စီ သည် ကားကို ဂတ်တီးဘတ် လမ်း တစ်လျောက် တောင်ဘက် သို့ ဦးတည် ကာ ကက်တင်အို တောင်ခြေ အတိုင်း မောင်းလာခဲ့သည်။ ဒီထရစ် တပ်စခန်း အနီး ရောက် သောအခါ ယာဉ်ကြော များ ပိတ်ဆို့ နေ၍  ဖြည်းဖြည်း သာ ရွေ့တော့သည်။ အဝေးပြေး လမ်းမ ကြီးမှ ခွဲထွက်ပြီး နောက် တပ်စခန်း ၏ ပင်မ ဂိတ် သို့ ရောက် လာသည်။ အစောင့် စစ်သည် က လက်ဝှေ့ရမ်း ပြကာ ဝင်ခွင့် ပြုလိုက် သည်။ ကားကို ညာဘက် ချိုး ကွေ့ ပြီး အလံတိုင် များ စိုက်ထူထားသည့် စစ်ရေးပြကွင်းကို ဖြတ်ကျော် လာကာ အဝါ ရောင် အုတ် များ ဖြင့် ဆောက်ထားသော အဆောက်အဦ ကြီး အနီးတွင် ရပ်လိုက်သည်။ အဆောက် အဦ ကြီးမှာ ထုထည် ကြီးမား ပြီး ပြူတင်း ပေါက်မရှိ သလောက် ဖြစ်ကာ ၁၀ ဧကခန့် ကျယ်သော မြေပေါ်တွင် အပြည့် နီးပါး ဆောက်ထားသည်။ ခေါင်မိုးပေါ်တွင် မြင့်မားသော လေထုတ်ပိုက်များ တပ်ဆင်ထား ပြီး အလုံပိတ် ထား သော အဆောက် အဦ အတွင်းရှိဇီဝ ဓါတ်ခွဲခန်း များမှ ထွက်လာသော လေကို အဆင့်ဆင့် သန့်စင် ကာ စွန့်ထုတ် ပစ်သည်။  ဤ အဆောက် အဦ မှာ အမေရိကန် ကြည်းတပ် ၏ ကူးစက် ရောဂါများဆိုင်ရာ ဆေးသုတေသန အဆောက် အဦ (United States Army Medical Research Institute of Infectious Diseases) ပင် ဖြစ်သည်။