၁၄၊၄၊၁၉၈၈
ဒီနေ့ သင်္ကြန် အတက်နေ့။ မေမေ နဲ့
မမ က ဥပုသ်စောင့် သွားကြတယ်။ ဒီနေ့ တော့ လမ်းထဲ က အပျို အအို တွေ ငြိမ် နေ ကြတယ်။
မနေ့ ကတော့ သောင်းကျန်း လိုက်ကြတာ။ အမျိုးသမီး တွေ နဲ့ အမျိုးသား တွေ တစ်ဖက် နဲ့
တစ်ဖက် အိုးမည်း သုတ်ကြတယ်။ အပျို လူပျို တင်မကဘဲ အအို တွေ ပါ ဝင်ကစား ကြတယ်။
ကလေးတွေ ဆော့ရင် ဆူတတ်တဲ့ မိဘတွေ လည်း ဒီတစ်ခါ တော့ သူတို့ ကိုယ်တိုင် မျောက်ရှုံး
အောင် ဆော့ကြ လေရဲ့။ တစ်နှစ် တစ်ခါ
ပျော်ကြ ရ တာ။ အားလုံး စိတ်လွတ် ကိုယ်လွတ် သောကတွေ မေ့ထားပြီး ပျော်ကြတာ။
ကျွန်တော် က အိမ် အပေါ်ထပ် ခေါင်းရင်း ပြူတင်းပေါက် နားမှာ ထိုင် စာဖတ်ရင်း အပြင်
ကို ငေး နေမိတယ်။
ရာသီဥတု က တော်တော် ပူတယ်။
တပေါင်း တန်ခူး ရဲ့ နွေသရုပ် ပေါ့။ ခြံဝန်း ထဲ က သစ်ပင် တွေ ခြေရင်းမှာ ရွက်ခြောက်
တွေ ပုံနေတယ်။ သစ်ကိုင်းတွေမှာ နီဖျော့ဖျော့ ပုရစ်ဖူး လေးတွေ ထွက်နေတယ်။ မြေပြင်
လည်း သွေ့ခြောက်ပြီး မိုးတွင်းရေဝပ် ခဲ့တဲ့ နေရာ တွေမှာ ပပ်ကြားအက် တွေ က အကွက်
အကွက် ထနေတယ်။ လေငြိမ် နေ တယ်။ ကောင်းကင် ပြင် ကလည်း ပြာပြီး တောက်ပနေတယ်။ တိမ်တွေ
ကင်းလို့ နေရောင် ဟာ မြေပြင် ပေါ်ကို အကာအကွယ် မဲ့ ထိုးကျနေတယ်။ ပတ်ဝန်းကျင် တစ်ခု
လုံး လင်းထိန်တောက် ပပြီး ဟာလာ ဟင်းလင်း ပွင့်နေ သလိုပဲ။
ရင်ထဲမှာ ဟာနေတယ်။ မောနေတယ်။
စိတ်အစဉ် ကလည်း ပျံ့နေတယ်။ လွင့်မျော နေတယ်။ တစ်ခါ တစ်ခါ အသက်ကို တအား ရှိုက်ရှု
ပြီး သက်ပြင်း အရှည်ကြီး ချနေ မိတယ်။ တစ်ခါ တစ်ခါ လည်း အသက် ရှု မှန်း မသိလောက်
အောင် မျှဉ်း မျှဉ်း လေး ရှု နေမိတယ်။ မျက်တောင် မခတ်ဘဲ တစ်နေရာတည်း ကို စိုက်
ကြည့် နေ ပေ မဲ့ အရာ ဝတ္ထု တွေ က မသဲကွဲ ဘူး။ တစ်ချက် တစ်ချက် ခေါင်းထဲမှာ ရိပ်ခနဲ
ရိပ်ခနဲ ဖြစ် ပြီး ဟင်းလင်းပြင် ထဲ မျော သွားတယ်။
ရင်ထဲ ဟာနေတယ်။
စိတ်က မျောလွင့်နေတယ်။
တစ်ခုခု ကို လွမ်းနေတယ်။
ဘာကို လွမ်း နေမိ မှန်းလည်း မသိ။
ခနနေတော့ ပတ်ဝန်း ကျင် အခြေ အနေ
ဟာ ပြောင်း သွားပြန်တယ်။ လေခပ် ကြမ်းကြမ်း တိုက် လာတယ်။ စာရွက် တွေ တဖျပ်ဖျပ်
လန်ကုန် တယ်။ ဆံပင် တွေ မျက်နှာ ပေါ် ကျလာတယ်။ ကြည်ပြာ ရောင် တောက် နေတဲ့
ကောင်းကင် ပြင် ဟာ မှိုင်းလာတယ်။ မိုးကုပ် စက်ဝိုင်း အစွန်း နား မှာ မိုးသားတွေ
ညို့လာတယ်။ လေထဲမှာ မိုးနံ့ လေး ရလိုက်တယ်။ သင်္ကြန်မိုး ရွာတော့ မယ် ထင်ရဲ့။
လေက တဖြည်းဖြည်း ထန်လာ တယ်။
သစ်ပင် သစ်ကိုင်း သစ်ခက် တွေ လေ ကြောင့် ယိမ်ထိုး နေတယ်။ ပင်ခြေ က သစ်ရွက် ခြောက်
တွေ လေကြမ်းနဲ့ လိမ့် ပါသွား ပြီး အပင် ခြေရင်း မှာ ရှင်း သွားတယ်။
မိုးငွေ့ လေး ပါလာတော့ သစ်ရွက်လေး
တွေ စိမ်းလာ သလို ပဲ။ ပုရစ်ဖူး တွေ လည်း ရဲရဲ နီ လာတယ်။ မြက်ပင် လေး တွေ လည်း
ခေါင်း ထောင်လာ တယ်။ ပတ်ဝန်းကျင် တစ်ခွင်လုံး မှိုင်းနေ ပေမဲ့ အရာ ဝတ္ထု တွေ က
သစ်လွင် နေတယ်။ ကျွန်တော် တို့ အိမ် ကနေ မြင် နေ ရ တဲ့ အမက ကျောင်းဝန်းထဲ လှမ်း
ကြည့် မိ တယ်။ ငွေရောင် ငန်း တစ်အုပ် က လည် ကို ဆန့် အတောင် ကို ဖြန့် ပြီး
ကျောင်းရှေ့ က မြက်ခင်း ပြင် ထဲ ပြေးဝင် သွားတယ်။ နွားမ ကြီး နဲ့ နွားပေါက်လေး
တစ်ကောင် က ကွင်းပြင် ကို ပတ် ပြီး ကဆုန် ပေါက် ပြေး နေတယ်။ ပျံလွှား လေး တစ်အုပ်
ကလည်း လေ ကို စုန် ဆန် ပျံ ဝဲ နေ တယ်။ မိုးဦး ကျ ချိန် လေး နဲ့ တူ လိုက်တာ။
အခု လေထဲ မှာ မိုးစက် တွေ ပါ
လာတယ်။ မိုးခြိမ်း သံတွေ က ဟိုး အဝေး ကနေ နီး လာ သလို ကြားရတယ်။ အပူရှိန် ရှိ
နေတဲ့ မြေပြင် ပေါ် ကို မိုးစက် တွေ ကျ ပြီး မြေသင်းနံ့ ပျံ့လာတယ်။ ကျောင်း ခြံ
စည်းရိုး နား က ရေ အိုင် ထဲ ကို မိုး စက် တွေ ကျ ပြီး ရေပြင် ပေါ် မှာ စက် ဝိုင်း
အထပ်ထပ် ပေါ်လာတယ်။ ပြူတင်း ပေါက် နား ထိုင် နေတဲ့ ကျွန်တော့် မျက်နှာ ကို မိုးစက်
တွေ လာ မှန်တယ်။ ပါးစပ် ဟပြီး မိုးစက် တွေ ရဲ့ အရသာ မြည်း ကြည့် မိ တယ်။ လေထုထဲ က
မိုးနံ့ နဲ့ မြေသင်းနံ့ ကို တဝကြီး ရှိုက်ရှု လိုက် မိ တယ်။