အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၁)
(RICHARD PRESTON ၏
“THE
HOT ZONE” ကို ပြန်ဆိုသည်။)
photo from http://media.spokesman.com/ |
သူတို့ နှစ်ဦးသည်စင်္ကြံလမ်း
ကျဉ်းကျဉ်း တစ်ခုတွင် ရောက်နေကြသည်။ လမ်းအဆုံး အခြား တစ်ဖက် တွင် တံခါးဖွင့်ထားသော
အခန်းများကို တွေ့ရသည်။ ဝင်္ကပါ တစ်ခုနှင့်ပင် တူနေသည်။ နံရံတွင်
အဝါရောင်လေပိုက်များ တွဲလောင်းကျနေသည်။ လေပေးသည့် စနစ် ချို့ယွင်းလျှင် သတိပေးမည့်
အရေးပေါ်မီးသီးတစ်ခု ကို မျက်နှာကြက် တွင် တပ်ထားသည်။ နံရံ အားလုံးကို ဆေး ထူထဲစွာ
သုတ်ထားသည်။ လျှပ်စစ်ပစ္စည်းများ၏အနားစွန်းများကို ချောမွတ်ပျော့ပျောင်းသော
ပစ္စည်းတစ်မျိုးဖြင့် ဖုံးကာထားသည်။ ဗိုင်းရတ်များမတော်တဆ လေထဲမျောလွင့် ကာ
ပြင်ပသို့ ရောက်မသွားအောင် ရှိသမျှ အပေါက်များ၊ ချိုင့်များ၊အက်ကြောင်းရာများ၊
အကွဲကြောင်းများ အားလုံးကို ပိတ်ဆို့ ဖာထေးထားသည်။ နန်စီ က လေပိုက်တစ်ခုကိုလှမ်းယူကာ
ဝတ်စုံတွင် တပ်လိုက်သည်။ လေများ ဝင်ရောက်လာပြီး ခေါင်းစွပ်ထဲတွင် လေတိုးသံ
တရှီးရှီး မြည်နေသည်။ လေတိုးသံမှာ ဝတ်စုံထဲ တွင် အတော်ကျယ်လောင်နေရာ တစ်ဦးနှင့်
တစ်ဦးစကားပြောဆို ဆက်သွယ်၍ မရတော့ပါ။
နန်စီ သည် သတ္တုဘီရိုတစ်ခုကို
ဖွင့်၊ အဝါရောင် ရာဘာလည်ရှည်ဘွတ်ဖိနပ် တစ်ရံထုတ်ယူပြီး ဝတ်စုံဝတ်ထားသည့်
ခြေအစုံကိုအသာအယာ လျှောထည့်ကာ စီးသည်။ ဂျွန်ဆင်၏ မျက်လုံး အစုံ ကို စိုက်ကြည့်ပြီး
လုပ်ငန်းစတင်ရန်အသင့်ရှိကြောင်း အချက်ပြ လိုက်သည်။
လေပိုက်များကိုဖြုတ်လိုက်ပြီး
ခန်းမကြီး အတိုင်းလျှောက်ကာ မျောက်လှောင်အိမ်များ ထားရာ အခန်းသို့
ဝင်လာကြသည်။အခန်းထဲတွင် လှောင်အိမ်များကို နံရံ နှစ်ဖက်တွင် ကပ်၍
မျက်နှာချင်းဆိုင် အတန်းနှစ်တန်းချထားသည်။ နန်စီ နှင့် ဂျွန်ဆင် တို့ လေပိုက်ကို
ဆွဲယူပြီး ကာကွယ်ရေး ဝတ်စုံတွင် တပ်ရပြန်သည်။ လှောင်အိမ်တန်း တစ်ဖက်တွင်
မျောက်နှစ်ကောင်ကို သီးသန့်ခွဲထားသည်။ သူတို့ကိုအီဘိုလာ ဗိုင်းရတ် ထိုးမပေးရသေးပါ။
ကျန်းကျန်းမာမာ ပင် ရှိသေးသည်။
ပွယောင်းယောင်းပုံမကျ ပန်းမကျ ဝတ်စုံ ဝတ်ထားသူ နှစ်ဦး အခန်းတွင်း ရုတ်တရက် ဝင်လာခြင်းကြောင့် မျောက်နှစ်ကောင် လန့်သွားသည်။ လှောင်အိမ်ကို ဂျုန်းဂျုန်း ဂျိုင်းဂျိုင်း မြည်အောင် ဆွဲလှုပ်ပြီးဝရုန်းသုန်းကား ခုန်ပေါက် ပြေးလွှားကြတော့သည်။ ဝတ်စုံဝတ်ထား သူ နှစ်ဦး ကို ကြောက်လန့်နေကြသည်။ လှောင်အိမ် ရှေ့တံခါးကို လှုပ်ရမ်းပြီး စူးရှ ကျယ်လောင်စွာ အော်ဟစ်သည်။ ထို့နောက်လှောင်အိမ် နောက်ဖက်သို့ ခုန်ကူး သွားပြန်သည်။ သူတို့၏ မျက်လုံးများသည် နန်စီနှင့်ဂျွန်ဆင်ကို အလစ် မပေးဘဲ လှုပ်ရှားသမျှကို သတိကြီးစွာ စောင့်ကြည့်နေကြသည်။ မျောက်တွေကစူးစမ်း စပ်စုတတ်သည်။ ပေါက်ပေါက်ရှာရှာ ကလိတတ်သည်။ ထို့ကြောင့် လှောင်အိမ် တံခါးချက်ကိုခိုင်ခိုင်မြဲမြဲ တပ်ဆင် ထားရသည်။
မျက်နှာချင်းဆိုင်အခြားလှောင်အိမ်တန်းက ငြိမ်သက်နေသည်။ ဤလှောင်အိမ်ထဲမှ မျောက်များကို အီဘိုလာ ဗိုင်းရတ်ကူးစက်အောင် ပြုထားသည်။ မျောက်တို့မှာ မလှုပ်မယှက် ငြိမ်သက်နေကြသည်။ မျောက် တစ်ကောင်၊နှစ်ကောင်မှာ စိတ်ဖောက်ပြန်ပြီး ရန်လိုဟန်ရှိသော်လည်း အားလုံးသော မျောက်တို့ သည် ကျဆင်း နေပြီဖြစ်သည်။သူတို့၏ ကိုယ်ခံအား စံနစ်မှာ ပျက်စီး ( သို့ ) ကပြောင်းကပြန် ဖြစ်သွား ပေပြီ။ အများစုမှာအလွန် မကျန်းမမာ ဖြစ်နေပုံ မပေါ်သော်လည်း ကျန်းမာ သည့် မျောက်များကဲ့သို့ တက်ကြွမှု၊လှုပ်ရှားမှု မရှိတော့ပါ။ ဆူဆူညံညံ ခုန်ပေါက် ပြေးလွှာခြင်း မရှိတော့ပါ။ မနက်စာ ကျွေးထားသော ဘီစကွတ် ကိုပင် မစားကြတော့။လှောင်အိမ်ထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်ရင်း နန်စီတို့ ကို ခံစာချက်ကင်းမဲ့သောမျက်နှာသေများဖြင့် ငေးကြည့်နေကြသည်။
ထိုမျောက်များအားကမ္ဘာ ပေါ်တွင်
အပြင်းထန်ဆုံး အီဘိုလာ ဗိုင်းရတ် ဗီဇကို ထိုးပေးထားသည်။ ၎င်းဗီဇ မှာ
အီဘိုလာဇိုင်ယာမျိုး ဖြစ်ပြီး မေရင်ဂါ ဗီဇ ဟုခေါ်သည်။ ဤ အီဘိုလာ ဗီဇ ကို ၁၉၇၆
ခုနှစ် အောက်တိုဘာ၁၉ ရက်နေ့ တွင် သေဆုံးခဲ့သည့် မေရင်ဂါ ဟုအမည်ရှိသော
အမျိုးသမီးငယ် တစ်ဦးထံမှ ထုတ်ယူထားခြင်းဖြစ်သည်။သူသည် ဇိုင်ယာ နိုင်ငံ
ဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးဖြစ်ပြီး အီဘိုလာ ဗိုင်းရတ် ကြောင့်သေဆုံးခဲ့သည့်
ရိုမန်ကက်သလစ် သီလရှင် တစ်ပါး ကိုပြုစုခဲ့သူ ဖြစ်သည်။ သီလရှင်သည် သူနာပြုဆရာမလေး
မေရင်ဂါ ၏ လက်ပေါ်တွင်ပင် သွေးများယိုစီးထွက်ကာ သေဆုံးခဲ့သည်။ ရက်အနည်းငယ်
အကြာတွင်ဆရာမလေး မေရင်ဂါ လည်း အီဘိုလာ ဗိုင်းရတ်ကြောင့် သွေးယိုစီးကာ
သေဆုံးခဲ့သည်။ ဆရာမလေး၏သွေးနမူနာ အချို့သည် နောက်ဆုံး အမေရိကန် နိုင်ငံ သို့
ရောက်လာခဲ့သည်။ မေရင်ဂါ ၏ သွေးထဲတွင်ရှင်သန်ခဲ့သော အီဘိုလာ ဗိုင်းရတ် ဗီဇသည် အမေရိကန်ကြည်းတပ် ကူးစက် ရောဂါများဆိုင်ရာ
ဆေးသုတေသန ဌာန၏ အနှုတ် ၁၆၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် စူပါရေခဲသေတ္တာ ထဲမှ
ဖန်ပြွန်ထဲတွင် ရှင်သန်လျှက်ရှိနေပါသည်။photo from http://topnews.net.nz
အန္တရာယ်ကောင် ဗိုင်းရတ်များ
သိုမှီးထားသည့် ရေခဲသေတ္တာများကို သော့အထပ်ထပ် ခတ်ထားသည်။ အရေးပေါ်
သတိပေးစံနစ်လည်း တပ်ဆင်ထားသည်။ ဇီဝကူးစက် အန္တရာယ်သင်္ကေတ လည်း ဖော်ပြထား သည့်
အပြင် တိပ်များဖြင့်လည်း အထပ်ထပ် ရစ်ပတ်ထား သေးသည်။ ထိမ်းသိမ်းထားသည့်
ဗိုင်းရတ်များ အပြင်ထွက် မလာစေရန် ကာကွယ်ထားသည့် ရှေတန်းခံစစ် မှာ
ဤအထပ်ထပ်ရစ်ပတ်ကပ် ထားသည့် တိပ်များပင်ဖြစ်သည်။ တိပ်များက
ရေခဲသေတ္တာများမှဟနေသည့်နေရာများ၊ ဆက်ရာများ ကို ပိတ်ဆို့ ဖာထေး
ထားခြင်းကြောင့်ဖြစ်သည်။ ရေခဲသေတ္တာတစ်ခုတွင် တိပ်အထပ်ထပ် ရစ်ပတ် မထားပါက ပုံးထဲတွင်ကူးစက်စေနိုင်သည့်ပစ္စည်း မရှိဟု
အကြမ်းအားဖြင့် သိနိုင်သည်။
အီဘိုလာ ဗိုင်းရတ်သွေးယို ရောဂါ
အတွက် ဆေးဝါး ရှာဖွေ စမ်းသပ်မှု တွင် အရပ်သားပညာရှင် ယူဂျင်း ဂျွန်ဆင်က ဆရာမလေး
မေရင်ဂါ ၏ ဗိုင်းရတ်ဗီဇ ကို အသုံးပြု သည်။ အေးခဲထားသည့် မေရင်ဂါ ၏
သွေးကိုအရည်ပျော်စေပြီး မျောက်များကို ထိုးပေးသည်။ မျောက်များ အီဘိုလာ ဗိုင်းရတ်
ကြောင့် မကျန်းမမာဖြစ်လာသည့် အခါ ဆေးဝါး အမျိုးမျိုးဖြင့် စမ်းသပ် ကုသသည်။
သို့သော် ယခုအထိ ကုသနိုင်သည့်ဆေးဝါးကို မဖော်ထုတ်နိုင်သေးပါ။
နန်စီ နှင့်တိုနီ ဂျွန်ဆင် သည် လှောင်အိမ် တစ်ခုပြီး တစ်ခု စစ်ဆေးလာရာ နောက်ဆုံးအဆင့် ကွဲကြေ ပွင့်ထွက်ခြင်းကြောင့် သွေးများ ယိုစီးနေသော မျောက်နှစ်ကောင် ကို တွေ့ရှိ ကြသည်။ မျောက်နှစ်ကောင်သည် လှောင်အိမ် တစ်ခုစီ၏ ထောင့်တွင် ငြိမ်ကုပ်နေသည်။ သူတို့ ၏ နှာခေါင်းတွင် သွေးများစီးကျ နေသည်။ မျက်လုံးတို့ က တစ်ဝက်သာ ပွင့်သည်။ သူငယ်အိမ် ကျယ်နေသည်။ မျက်လုံး အရောင်မှာ ရဲရဲတောက် နီ နေသည်။ သူတို့ မျက်နှာတွင် နာကျင်ခြင်း၊ ဝေဒနာ ခံစားနေရခြင်း စသည့်မည်သည့် ခံစားချက်မှ မရှိ။ အရေပြားအောက်မှ တွယ်ဆက်တစ်ရှုး များ ကို ဗိုင်းရတ် က ဖျက်ဆီးလိုက်ခြင်းကြောင့် မျက်နှာသေ အတိုင်း ဖြစ်သွားခဲ့သည်။ ဦနှောက်ရှိ မျက်နှာ ခံစားမှုကို ထိန်းချုပ်သည့် အစိတ်အပိုင်း ပျက်စီး သွားခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ မျောက်တို့သည်သူတို့နားလည် နိုင်စွမ်းမရှိသည့် အရာကို မြင်တွေ့ ခြင်းရခြင်းကြောင့် ကြောင်စီစီ နှင့်ငေးနေသကဲ့ သို့ ဖြစ်နေသည်။ မျက်နှာဖုံး တပ်ထားသကဲ့သို့ ခံစားမှု ကင်းမဲ့သည့် မျက်နှာ၊နီရဲနေသည့် မျက်လုံး၊ သွေးလျှံ နေသည့် နှာခေါင်း တို့သည် အီဘိုလာ ဗိုင်းရတ် ၏ မူပိုင်လက္ခဏာ များပင် ဖြစ်သည်။ မျောက်နှင့် လူသားများ အပါအဝင် အီဘိုလာ ကူးစက်ခံရသည့် ပရိုင်းမိတ်များ တွင်ဤလက္ခဏာ များ ပေါ်ထွက်မြဲ ဖြစ်သည်။ ဦနှောက်ပျက်စီးခြင်း၊ တစ်ရှုးများ ပျက်စီးခြင်း၏ အရိပ်အယောင်များလည်း ဖြစ်သည်။
နန်စီ သည် ရင်ထဲ၌ မအီမသာ
ဖြစ်လာသည်။ သေနေသော၊ ရောဂါရနေသော မျောက်များ ကို ကြည့်နေ ရ၍ စိတ်မသက်မသာ
ဖြစ်လာသည်။နန်စီ အဖို့ ရောဂါ ရနေသော၊ ဝေဒနာခံစားနေရသော သတ္တဝါများကို ကုသပေးရေးသည်
တိရစ ္ဆာန် ဆေးကုဆရာဝန် တစ်ဦး ဖြစ်သော သူ၏ တာဝန်ဟု ခံယူ ထားသည်။ သို့သော်
လူသားတို့ ခံစား နေရသော ရောဂါဝေဒနာများ သက်သာ ပျောက်ကင်းစေရေး အတွက် ဆေးဝါး
သုတေသနပြုခြင်း သည်လည်း သိပ္ပံပညာရှင် တစ်ဦး၏ တာဝန်ဝတ္တရား ဖြစ်နေပြန်သည်။ ရိက္ခာ၊အသား အတွက်တိရစ္ဆာန်များ မွေးမြူထားသော
လယ်တောယာတောတွင် ကြီးပြင်းခဲ့သော်လည်း တိရစ္ဆာန် တစ်ကောင်အားသေစေရန် မှာ နန်စီ
အတွက် မလွယ်ကူလှပါ။ ငယ်စဉ်က စိုက်ပျိုး မွေးမြူရေး လူငယ် ကလပ် ဖြစ်သည့် 4 –H ကလပ်မှ သူ ဆုရခဲ့သော
အသားစား နွားထီးကြီး ကို ဖခင်က သားသတ်ရုံပို့ သည့် အခါ ကြူကြူပါအောင်ငိုခဲ့ဖူးသည်။
သူသည် တိရစ္ဆာန် များကို အချို့သော လူများထက် ပို၍ သဘောကျသည်။ တိရစ္ဆာန်ဆေးကု
ဆရာဝန် အဖြစ် သစ္စာ ပြုသည့် အခါ တိရစ္ဆာန်များ အား စောင့်ရှောက် ကုသ ပေးခြင်း
သာမကလူသားတို့၏ အသက်ကို ကုသ ကယ်တင်ရန် လည်း ပါရှိသည်။ ယခု အလုပ်ထဲတွင် ထိုအချက်
နှစ်ခုမှာဖီလာ ဆန့်ကျင် ဖြစ်နေသည်။
ဤသုတေသန လုပ်ငန်းသည်အီဘိုလာ
ဗိုင်းရတ် သွေးယို ရောဂါ အတွက် ဆေးဝါးရှာဖွေ ဖော်ထုတ်နေခြင်းဖြစ်သည်။ လူ့
အသက်များစွာကို ကယ်တင် နိုင်မည့် လုပ်ငန်းဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်အား
ပျောက်ကွယ်သွားစေအောင်ပင်ပြင်းထန်သည့် ကပ်ရောဂါ ဘေးဆိုးကြီး ကို တားဆီးရန်
ကြိုးစားနေသည့် လုပ်ငန်းလည်း ဖြစ်သည်။ဤသို့ တွေးမိသော အခါ အနည်းငယ် စိတ်သက်သာရာ
ရလာသည်။ နောက်ဆုံး နန်စီသည် သူ၏ ခံစားချက်ကိုဘေးဖယ်ထား လိုက်နိုင်သည်။
နန်စီသည် သူ၏လုပ်ငန်းကို စတင်
လုပ်ကိုင်သည်။ ဂျွန်ဆင် က အနီးကပ် ကွပ်ကဲပေးသည်။ မျောနေသော
မျောက်တစ်ကောင်အားအီဘိုလာဇုံတွင် ကိုင်တွယ် လုပ်ကိုင်ရခြင်းသည် အန္တရာယ် ကြီးလွန်း
လှသည်။ မသေသေးပါက ထိုမျောက်သည်အချိန်မရွေး နိုးထလာနိုင်သည်။ ဆေးသုတေသန ပြုရန်
ဓါတ်ခွဲခန်း၌ သုံးသော မျောက်များမှာသာမညောင်ည မျောက်များ မဟုတ်။ မိုးသစ်တော ထဲမှ
မျောက်ရိုင်း များဖြစ်ပြီး အကောင်ကြီးသည်။သန်မာသည်။ လျင်မြန်သည်။ သွားဖြင့်
အားခွန် အပြည့် ကိုက်တတ်သည်။ အီဘိုလာ ဗိုင်းရတ် ကူးစက်ခံထားရသည့်မျောက်ရိုင်း က
တစ်ချက်မျှ ကိုက်လိုက် လျှင်ပင် မရဏလမ်းမြန်းဖို့ ရာနှုန်းပြည့် သေချာနေပါသည်။
နန်စီသည်
ထိုအကောင်ကိုသံတိုင်ကြားမှ လေ့လာ စစ်ဆေးသည်။ မျောက်အထီးဖြစ်ပြီး အကောင် အတော်ကြီး
သည်။ မျက်မြင်အရသေနေပြီဟု ထင်သည်။ ချွန်ထက်သော စွယ်သွားများ ရှိနေသေးသည်။
ပုံမှန်အားဖြင့် စွယ်သွားများကိုတိုက်စားကာ အန္တရာယ် ကင်းအောင် ပြုထားမြဲ ဖြစ်သည်။
အကြောင်း တစ်ခုခု ကြောင့် ယခု အကောင်တွင်သဘာဝ အတိုင်း ကြီးမားသော စွယ်သွားများ
ရှိနေသည်။ နန်စီသည် စွယ်သွားများ ကြောင့်
ကြောက်စိတ် ဝင်လာသည်။
နန်စီသည် မျောက်၏မျက်လုံးကို
ကြည့်ရင်း လက်အိတ် ဝတ်ထားသော လက်ကို သံတိုင်ကြားထဲ သွင်းကာ
ထိုအကောင်၏ခြေချောင်းကို ဖိညှစ် လိုက်သည်။ ငေးနေသည့် မျက်လုံးက လှုပ်ရှားမှု
မရှိပါ။
“ဆက်လုပ်။ တံခါးဖွင့်”
ဂျွန်ဆင် က
ခေါင်းစွပ်ထဲမှလေတိုးသံကြောင့် နန်စီ ကြားအောင် အော်ပြောရသည်။
နန်စီက
တံခါးချက်ဖြုတ်လိုက်သည်။လှောင်အိမ်တံခါးကို ဘေးသို့တွန်းကာ ကျယ်ကျယ်ဖွင့်သည်။
မျောက်ကို ထပ်မံ လေ့လာကြည့်သည်။မည်သည့် လှုပ်ရှားမှုမျှ မရှိ။ တကယ် သေနေပြီ။
“ရပြီ၊ အထဲဝင်ပြီးမျောက်ကို
ဆွဲထုတ်တော့”
ဂျွန်ဆင် က အော်ပြောသည်။
နန်စီ လှောင်အိမ်ထဲဝင်သည်။
လက်နှစ်ဖက်ကို ဆွဲကာ မျောက်၏ နောက်ဖက်မှ ချုပ်ကိုင်လိုက်သည်။ အကယ်၍
နိုးထလာပါကမကိုက်နိုင်အောင် အနောက်ဖက်မှ ချုပ်ခြင်းဖြစ်သည်။ မလှုပ်နိုင်အောင်
မြဲမြံစွာ ချုပ်ကိုင်ပြီးလှောင်အိမ် အပြင် ဆွဲထုတ်သည်။
ဂျွန်ဆင် က
ခြေထောက်နှစ်ချောင်းကိုကိုင်ပြီး နှစ်ယောက် သယ် မ ကာ အနားရှိ “ဦးထုပ်ပုံး” ထဲသို့
ထည့်လိုက်သည်။ “ဦးထုပ်ပုံး” ဆိုသည်မှာ
သူတို့ အချင်းချင်း သုံးသောဗန်းစကား ဖြစ်ပြီး ဇီဝ ကူးစက် ပစ္စည်းများထည့်သည့် ဖရောင်းသုတ်ထားသော
ကတ်ထူပုံး ဖြစ်သည်။ကတ်ထူပုံးကို နှစ်ဦး မ ကာ ခွဲစိတ် စစ်ဆေးရန် ရင်ခွဲခန်း သို့
ဖြည်းဖြည်းခြင်း သယ်ယူလာကြသည်။
ပရိုင်းမိတ် တစ်မျိုး က အခြား
ပရိုင်းမိတ် တစ်မျိုးကိုသယ်ယူလာသည်။ ပရိုင်းမိတ် တစ်မျိုး က ကမ္ဘာကြီး၏
အရှင်သခင်ဟု ကိုယ့်ဘာသာကိုယ် ယူဆထားသူ။အခြား ပရိုင်းမိတ် တစ်မျိုးက ကမ္ဘာ့
အရှင်သခင် တို့နှင့်အမျိုး ဝမ်းကွဲတော်သည့််၊ သစ်ပင်များထက်တွင်ကျင်လည်သည့်
အရှင်သခင်။ ထို အရှင်သခင် နှစ်ပါးတို့သည် သူတို့ထက် ပို၍ ရှေးကျသော၊
ပို၍အင်အားကြီးမားသော သက်ရှိ အကောင်တစ်ကောင် အောက်တွင် ဒူးထောက် ခစားနေရပေသည်။ ထိုအကောင်ကားသူတို့၏
သွေးထဲတွင် ကျက်စားသည့် အီဘိုလာ ဟုအမည်ရသည့် အရှင်သခင် ပင်ဖြစ်ပေသည်။
[ရဲညွန့်ဇော်]
No comments:
Post a Comment