Tuesday, 7 April 2015

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၃)

 အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၃)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)

အီဘိုလာ နှင့် နဖူးတွေ့ဒူးတွေ့ (၂)

A nurse and doctor wearing isolation suits demonstrate the decontamination procedure as part of Ebola treatment capability in Germany. Pic: Getty. Source: Getty Images


  နန်စီသည် သွေးများပေ နေသည့် ကာကွယ်ရေး ဝတ်စုံလက်အိတ် ကို ရေဆေး ကာ ပိုးသတ်ဆေးရည်ထဲ နှစ်ထား လိုက်သည်။ လက်အိတ် နှစ်ဖက်သည် သွေးများ စင် ကာ သန့်သွားသည်။ သို့သော် လက်အိတ် နှစ်ထပ် အောက်ရှိ ညာဖက် လက်ဖဝါး တွင် စိုစိစိ အေးစက်စက် ဖြစ်နေသည်။ ကာကွယ်ရေး ဝတ်စုံ အထဲ ကို သွေးတွေ ရောက်နေပြီလား။ ပင်မ ကာကွယ်ရေး ဝတ်စုံ လက်အိတ် က ပေါက် နေပြီလား။ နန်စီ သည် ညာဖက် လက်အိတ်ကို သေသေချာချာ စစ်ဆေး ကြည့်သည်။ ညာဖက် လက်အိတ် ၏ လက်ကောက်ဝတ် နားတွင် ပြဲနေသည်ကို တွေ့လိုက်ရသည်။ ကာကွယ်ရေး တံတိုင်း ကျိုးပျက် သွားပြီ လား။ လက် က စိုစိစိ အထိ အတွေ့ ကို ခံစားနေရသည်။ အီဘိုလာ ဗိုင်းရတ်ပိုး ပါ သော မျောက်၏ သွေး တွေက ကာကွယ်ရေး ဝတ်စုံ ကို ဖြတ်ကာ  ဓါး ဒဏ်ရာ ရှိ သည့် လက်ဖဝါး နားသို့ ရောက်နေပြီလား။ နန်စီ သည် အလွန်တုန်လှုပ် ချောက်ချား သွားသည်။

     “ဒီမှာ လက်အိတ် ပေါက် နေတယ်”

     နန်စီ သည် သူ၏ လက်အိတ်ကို ညွှန်ပြ ရင်း ဂျွန်ဆင် ကို ပြောလိုက် သည်။ ဂျွန်ဆင် သည် နန်စီ၏ လက်အိတ်ကို ငုံ့ကြည့် ကာ စစ်ဆေးသည်။ လက်ကောက်ဝတ် နားတွင် ပေါက်ပြဲ နေသည် ကို တွေ့ သွားသည်။ ဂျွန်ဆင်၏ မျက်နှာ အမူအရာ မှာ အလွန်အံ့ဩ တုန်လှုပ် သည့်ဟန် ဖြစ်နေသည်။ နန်စီ ကို ကြည့်လိုက်သည့် သူ၏ မျက်ဝန်းတွင် ကြောက်ရွံ့ တုန်လှုပ် မှု များ ပြည့်နေသည်။

     ထိတ်လန့် တုန်လှုပ် နေသော ဂျွန်ဆင်၏ အကြည့် သည် နန်စီ  ကို ပို၍  ချောက်ချားလာ စေသည်။

ကျွန်မ ထွက်တော့မယ်၊ ရမလား”

     နန်စီ က လက်မ ထောင်ကာ ထွက်ပေါက် ဆီသို့ ညွှန်ပြရင်း ပြောသည်။

     “အခုချက်ချင်း ထွက်တော့၊ ငါ လည်း လက်စသတ်ပြီး ထွက်လိုက် ခဲ့ မယ်”

     ဂျွန်ဆင် က ပြန်ဖြေ ကာ လုပ်လက်စ အလုပ် အား စံနစ်တကျ လက်စသတ် သည်။

     နန်စီ သည် သန့်ရှင်း သည့် ဘယ်လက်ဖြင့် ဝတ်စုံ မှ လေပိုက် ကို ဖြုတ်သည်။ စင်္ကြံ လမ်း အတိုင်း အပြေး တပိုင်း ဖြင့် လေလုံ ခန်း ဆီသို့ လျှောက်လာသည်။ ညာဖက် လက် က ခန္ဓာ ကိုယ် ဘေးတွင် အတောင့်လိုက် ကပ်ထားသည်။ ညာ လက်ကို မလှုပ်ရဲပါ။ လှုပ်လိုက်တိုင်း လက်အိတ်ထဲ တွင် အရည်တွေ လှုပ်ရှားနေသည်။ ထိုအရည်များ လျှံထွက်ပြီး ခန္ဓာ ကိုယ် အခြားနေရာ များသို့ ပြန့်သွားမည် ကို စိုးရိမ်နေရသည်။ ဤညာ လက်ကို မသုံးဘဲ လည်ရှည် ဘွတ်ဖိနပ် ကို မည်သို့ ချွတ်ရပါ မည်နည်း။ နန်စီ သည် ခြေထောက်ကို လှုပ်ရမ်း ကန်ကျောက် ပစ်သည်။ ဖိနပ် သည် စင်္ကြံ လမ်းတစ်လျှောက် ဟို တစ်ဖက် သည်တစ်ဖက် လွင့်သွားသည်။ လေလုံခန်း တံခါး ကို အားစိုက် ဖွင့်ပြီး အတွင်းသို့ ဝင်လိုက်သည်။ အခန်းတံခါး က ဂျိန်း ကနဲ ပြန်ပိတ် သွားသည်။

 

     သူသည် လေလုံခန်း မျက်နှာကြက် တွင် တွဲလောင်းကျနေသည့် သံကြိုး ကို ဆွဲ လိုက်သည်။ “ဒီကွန်” ဟု ခေါ်သည့် ပိုးသတ်ဆေးရည် များဖြင့် ဆေးကြော သန့်စင် မှု စတင်သည်။ “ဒီကွန်” သန့်စင်မှု မှာ စုစုပေါင်း ၇ မိနစ်ကြာသည်။ မပြီးမချင်း ထွက်ခွင့် မရှိ။ အန ္တရာယ် ကြီးလှ သည့် ဗိုင်းရတ်များ ကင်းစင် ရန် အချိန်ယူ သန့်စင်ရသည်။ ဦးစွာ ရေပန်းများဖြင့် ဝတ်စုံ မှ အညစ်အကြေးများ ကို ဆေးကြောသည်။ ရေပန်းများ ရပ်သွား ပါက အခန်းအတွင်း ပတ်ပတ်လည် ရှိ နော်ဇယ် ခေါင်းများမှ EnviroChem ဟုခေါ်သည့် ပိုသတ်ဆေးရည် များ ဖြန်းပက် ကာ သန့်စင်ပေးသည်။ “ဒီကွန်” သန့်စင်မှု သည် ဝတ်စုံ အပြင်ပိုင်း ကိုသာ သန့်စင် ပေးနိုင်သည်။ သူ၏ လက်အိတ် အတွင်းမှ အန ္တရာယ် ကောင် များကိုတော့ မသုတ်သင် နိုင်ပါ။

     လေလုံခန်းတွင် မီးမရှိပါ။ အမှောင်ထဲတွင် မှုန်ဝါးဝါး သာမြင်ရသည်။ ဤနေရာ ကား အန ္တရာယ် ဇုံ နှင့် နံရံ တစ်ချပ် သာ ခြားသည့် အညိုရောင် နယ်မြေဖြစ်သည်။ နန်စီ သည် “ဒီကွန်” သန့်စင်မှု ပြီးချိန် ကို ခန့်မှန်း ရင်း အခန်းထဲ၌ နာရီ တစ်လုံးလောက် ရှိရင် ကောင်းမှာပဲ ဟု တွေးနေမိသည်။ နော်ဇယ်များ က ဆေးရည် ကို သူ၏ မျက်နှာ အကာသို့ ဖြန်းလိုက်သောအခါ ဘာကိုမျှ မမြင်ရတော့ပါ။ ဝိုက်ပါ ပျက်နေသည့် ကားကို မိုးရေ ထဲ မောင်းနေသလိုပင်။