Source: Getty Images |
“ဒီမှာ လက်အိတ် ပေါက် နေတယ်”
နန်စီ သည် သူ၏ လက်အိတ်ကို ညွှန်ပြ ရင်း
ဂျွန်ဆင် ကို ပြောလိုက် သည်။ ဂျွန်ဆင် သည် နန်စီ၏ လက်အိတ်ကို ငုံ့ကြည့် ကာ
စစ်ဆေးသည်။ လက်ကောက်ဝတ် နားတွင် ပေါက်ပြဲ နေသည် ကို တွေ့ သွားသည်။ ဂျွန်ဆင်၏
မျက်နှာ အမူအရာ မှာ အလွန်အံ့ဩ တုန်လှုပ် သည့်ဟန် ဖြစ်နေသည်။ နန်စီ ကို
ကြည့်လိုက်သည့် သူ၏ မျက်ဝန်းတွင် ကြောက်ရွံ့ တုန်လှုပ် မှု များ ပြည့်နေသည်။
ထိတ်လန့် တုန်လှုပ် နေသော ဂျွန်ဆင်၏ အကြည့်
သည် နန်စီ ကို ပို၍ ချောက်ချားလာ စေသည်။
“ကျွန်မ
ထွက်တော့မယ်၊ ရမလား”
နန်စီ က လက်မ ထောင်ကာ ထွက်ပေါက် ဆီသို့
ညွှန်ပြရင်း ပြောသည်။
“အခုချက်ချင်း ထွက်တော့၊ ငါ လည်း လက်စသတ်ပြီး
ထွက်လိုက် ခဲ့ မယ်”
ဂျွန်ဆင် က ပြန်ဖြေ ကာ လုပ်လက်စ အလုပ် အား
စံနစ်တကျ လက်စသတ် သည်။
နန်စီ သည် သန့်ရှင်း သည့် ဘယ်လက်ဖြင့်
ဝတ်စုံ မှ လေပိုက် ကို ဖြုတ်သည်။ စင်္ကြံ လမ်း အတိုင်း အပြေး တပိုင်း ဖြင့် လေလုံ
ခန်း ဆီသို့ လျှောက်လာသည်။ ညာဖက် လက် က ခန္ဓာ ကိုယ် ဘေးတွင် အတောင့်လိုက်
ကပ်ထားသည်။ ညာ လက်ကို မလှုပ်ရဲပါ။ လှုပ်လိုက်တိုင်း လက်အိတ်ထဲ တွင် အရည်တွေ
လှုပ်ရှားနေသည်။ ထိုအရည်များ လျှံထွက်ပြီး ခန္ဓာ ကိုယ် အခြားနေရာ များသို့
ပြန့်သွားမည် ကို စိုးရိမ်နေရသည်။ ဤညာ လက်ကို မသုံးဘဲ လည်ရှည် ဘွတ်ဖိနပ် ကို
မည်သို့ ချွတ်ရပါ မည်နည်း။ နန်စီ သည် ခြေထောက်ကို လှုပ်ရမ်း ကန်ကျောက် ပစ်သည်။
ဖိနပ် သည် စင်္ကြံ လမ်းတစ်လျှောက် ဟို တစ်ဖက် သည်တစ်ဖက် လွင့်သွားသည်။ လေလုံခန်း
တံခါး ကို အားစိုက် ဖွင့်ပြီး အတွင်းသို့ ဝင်လိုက်သည်။ အခန်းတံခါး က ဂျိန်း ကနဲ
ပြန်ပိတ် သွားသည်။
သူသည် လေလုံခန်း မျက်နှာကြက် တွင်
တွဲလောင်းကျနေသည့် သံကြိုး ကို ဆွဲ လိုက်သည်။ “ဒီကွန်” ဟု ခေါ်သည့် ပိုးသတ်ဆေးရည်
များဖြင့် ဆေးကြော သန့်စင် မှု စတင်သည်။ “ဒီကွန်” သန့်စင်မှု မှာ စုစုပေါင်း ၇
မိနစ်ကြာသည်။ မပြီးမချင်း ထွက်ခွင့် မရှိ။ အန ္တရာယ် ကြီးလှ သည့် ဗိုင်းရတ်များ
ကင်းစင် ရန် အချိန်ယူ သန့်စင်ရသည်။ ဦးစွာ ရေပန်းများဖြင့် ဝတ်စုံ မှ အညစ်အကြေးများ
ကို ဆေးကြောသည်။ ရေပန်းများ ရပ်သွား ပါက အခန်းအတွင်း ပတ်ပတ်လည် ရှိ နော်ဇယ်
ခေါင်းများမှ EnviroChem ဟုခေါ်သည့်
ပိုသတ်ဆေးရည် များ ဖြန်းပက် ကာ သန့်စင်ပေးသည်။ “ဒီကွန်” သန့်စင်မှု သည် ဝတ်စုံ
အပြင်ပိုင်း ကိုသာ သန့်စင် ပေးနိုင်သည်။ သူ၏ လက်အိတ် အတွင်းမှ အန ္တရာယ် ကောင်
များကိုတော့ မသုတ်သင် နိုင်ပါ။
လေလုံခန်းတွင် မီးမရှိပါ။ အမှောင်ထဲတွင် မှုန်ဝါးဝါး သာမြင်ရသည်။ ဤနေရာ ကား အန ္တရာယ် ဇုံ နှင့် နံရံ တစ်ချပ် သာ ခြားသည့် အညိုရောင် နယ်မြေဖြစ်သည်။ နန်စီ သည် “ဒီကွန်” သန့်စင်မှု ပြီးချိန် ကို ခန့်မှန်း ရင်း အခန်းထဲ၌ နာရီ တစ်လုံးလောက် ရှိရင် ကောင်းမှာပဲ ဟု တွေးနေမိသည်။ နော်ဇယ်များ က ဆေးရည် ကို သူ၏ မျက်နှာ အကာသို့ ဖြန်းလိုက်သောအခါ ဘာကိုမျှ မမြင်ရတော့ပါ။ ဝိုက်ပါ ပျက်နေသည့် ကားကို မိုးရေ ထဲ မောင်းနေသလိုပင်။
အဆင့် ၄ အန ္တရာယ်ဇုံတွင် အကျဉ်းထောင် ဟု
တင်စား ခေါ်ဆိုသည့် ဇီဝကူးစက် ရောဂါကု ဆေးရုံ တစ်ခုရှိသည်။ ဆရာဝန် နှင့် သူနာပြု
အားလုံး အာကာသ ဝတ်စုံ ကဲ့သို့ သော ကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ ဝတ်ကာ လူနာ ကို
ကိုင်တွယ် ကုသသည်။ အဆင့် ၄ ဗိုင်းရတ် ကူးစက် ခံရ၍ ထိုဆေးရုံသို့ ရောက်ရှိ ပြီး
သေဆုံးသွား လျှင် သေသူ၏ ခန္ဓာ ကိုယ် ကို အန ္တရာယ်ဇုံ ရှိ ရင်ခွဲ ရုံသို့ ပို့
လိုက်မည်ဖြစ်သည်။ ထိုရင်ခွဲရုံ ဝင်ပေါက်ကို ထူထဲ လေးလံ ခိုင်ခံ့သည့် သံမဏိ
တံခါးကြီးဖြင့် ပိတ်ထားရာ ရေငုပ်သင်္ဘော ၏ ရေလုံ တံခါးနှင့် တူနေသည်။ ထို့ကြောင့်ပင်
ဤဌာန ရှိ စစ်သည်များက ထိုရင်ခွဲ ရုံ ကို ရေငုပ်သင်္ဘော ဟု ခေါ်ကြသည်။
နန်စီ သည် အတွေး
ရေလျဉ်ထဲ မျောသွားသည်။ ဒုက္ခပဲ။ ငါ့ကို ထောင် (ကူးစက်ဆေးရုံ) ထဲ ထည့်ထားတော့မယ်။
ဂျွန်ဆင် က ငါ့ကို အီဘိုလာ ဗိုင်းရတ် ကူးစက်သွားကြောင်း မတော်တဆ ဖြစ်ပွားမှု
အစီရင်စာ ရေးမယ်။ တစ်ပတ်ကြာ လို့ သေရင် ရေငုပ်သင်္ဘော ထဲ ရောက်သွားမယ်။ ပြဿနာပဲ။
ဂျယ်ရီ ကလည်း အိမ်မှာမရှိဘူး။ တက္ကဆက်မှာ ပဲ ရှိသေးတယ်။ မနက်က ဘဏ်မှာ ငွေ
မထုတ်ခဲ့ရဘူး။ အိမ်မှာ လည်း ပိုက်ဆံ လက်ကျန် မရှိဘူး။ ကလေးတွေကို မစ္စစ်ပန် နဲ့
ထားခဲ့တယ်။ မစ္စစ်ပန် ကို ဒီနေ့ လစာ ပေးရမယ်။ မနက်က ဈေး မသွားခဲ့ဘူး။ ကလေးတွေ
အတွက် ညစာ မရှိဘူး။ ငါ ကူးစက်ဆေးရုံထဲ ရောက်နေရင် သူတို့ ဘယ်လို စားကြမလဲ။ ညဘက်
ကလေးတွေနဲ့ ဘယ်သူ လာနေပေးမလဲ။
အို…ဘုရား….ဘုရား….ကယ်တော်မူပါ။
ထိုစဉ် ဒီကွန် သန့်စင်မှု ပြီးဆုံးသွားသည်။
နန်စီသည် တံခါး ကို ဖွင့်ကာ ဒီကွန် သန့်စင် ခန်းမှ ထွက်လိုက်သည်။
ပိုးမွှားကာကွယ်ရေး ဝတ်စုံ ကို အမြန် ဆွဲချွတ် သည်။ ဝတ်စုံ ထဲမှ ကသော ကမြော
ခုန်ထွက် သည်။ ဝတ်စုံသည် ရေ တစက်စက် နှင့် ကွန်ကရစ် ကြမ်းပြင် ပေါ်သို့ ပုံကျသွား
သည်။
ညာလက် ကို ဝတ်စုံ ထဲမှ ဆွဲထုတ်
လိုက်သည်နှင့် အတွင်းမှ ခွဲစိတ်ဝတ်စုံ ၏ လက်ကောက်ဝတ် နေရာ တွင် ညိုမည်းမည်း
အရည်များ စွန်းနေသည်ကို တွေ့ရသည်။ အောက်ဆုံး
ရာဘာလက်အိတ်တွင် သွေးစွန်း ကာ နီရဲ နေသည်။
အပြင်ဘက် ကာကွယ်ရေး ဝတ်စုံ လက်အိတ် အပေါက်မှ
တဆင့် အီဘိုလာ ဗိုင်းရတ်ပိုး ပါသည့် သွေးများ အောက်ဆုံး လက်အိတ် အထိ ရောက်လာခဲ့သည်။
သွေးစွန်းနေသည့် လက်အိတ် နေရာသည် ဓါးရှမိ၍ ပတ်တီးစည်း ထားသည့် နေရာ တည့်တည့် တွင်
ဖြစ်နေသည်။ ရာဘာ လက်အိတ်မှာ ပါးပြီး စည်းထားသည့် ပတ်တီး ကို စွန်းပေ နေသည့်
သွေးများ အောက်တွင် မြင်နေရသည်။
သူ၏ နှလုံးမှာ အပြင်သို့ ပေါက်ထွက် လာ မတတ်
တဒုတ်ဒုတ် ခုန် နေသည်။ ဝမ်းတွင်းရှိ အူ အသည်း ကလီစာများ မှာလည်း ဆွဲဆုပ်
ထားသကဲ့သို့ ခံစား နေရသည်။ လည်ချောင်း ထဲ တွင်လည်း ပျို့တက်လာ သည်။ အဆင့် ၄ အန
္တရာယ် ဇုံ ထဲ၌ အကာ အကွယ်မဲ့ ရောက်ရှိသွား ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု
ပင်ဖြစ်တော့သည်။
နန်စီ သည် ချက်ချင်း သတိပြု မိသည်။ “ဒီကွန်
သန့်စင် မှု မလုပ်ရသေးသည့် အီဘိုလာ သွေးစွန်း နေသည့် လက်အိတ်” သူနှင့် အတူပါလာသည်။
ဘုရား….ဘုရား…. ဒီလက်အိတ် ကို ဘာဆက်လုပ်ရ မလဲ။ ဒီလို အခြေအနေ မျိုး အတွက် ဘယ်လို
လုပ်ထုံးလုပ်နည်း တွေရှိသလဲ။ ဘာဆက်လုပ်ရမှာလဲ….။
ဂျွန်ဆင် လေလုံ ခန်းထဲ ဝင်လာပြီ။ နော်ဇယ်ခေါင်း
များမှ ရေဖြန်းသံ ကြားရသည်။ ဒီကွန် သန့်စင်မှု စပြီ။ ၇ မိနစ်ကြာမည်။ ပြီးမှ နန်စီ
အတွက် အဖြေ ပေးနိုင်ပေမည်။
အီဘိုလာ ဗိုင်းရတ်ပိုး ပါသည့် သွေးများ
ရာဘာလက်အိတ် အား ဖြတ်ပြီး ဓါးရှ ထားသည့် ဒဏ်ရာ ကို ထိမိ သွားသလား။ ဤ အချက်မှာ
အရေးအကြီးဆုံး အချက် ပင် ဖြစ်သည်။ ခွဲစိတ် ခန်းသုံး ရာဘာ လက်အိတ် ရှိ အပ်ဖျားတမျှ
သေးငယ်သည့် အပေါက် သည်ပင် သွေးထဲ ပါဝင်နေသည့် အီဘိုလာ ဗိုင်းရတ် အမှုန် ၅ခု မှ
၁၀ခု လောက်အထိ အလွယ်တကူ ဝင်ရောက် သွားနိုင်ပါသည်။ ထိုပမာဏ သည် အီဘိုလာ
ဗိုင်းရတ်ပိုး ကူးစက်ရန် ကောင်းကောင်းကြီး လုံလောက်ပါသည်။ သူတို့ သွေးထဲ
ရောက်သွားလျှင် နောက်ထပ် အမြောက်အများ ပုံတူပွားကြပေမည်။ ရာဘာ လက်အိတ်ရှိ
သေးငယ်သည့် အပေါက် ကလေး ကို ပကတိမျက်စေ့ ဖြင့် မမြင်နိုင်ပါ။ နန်စီသည် လက်ဆေးကန်
ဆီသို့ လျောက်သွား ပြီး လက်နှစ်ဖက်ကို ရေပိုက် အောက်တွင် အတန်ကြာ ထားကာ
သွေးများကို ဆေးလိုက်သည်။ ထိုဆေးချလိုက်သည့် ရေ သည် အပူပေးထားသည့် ရေဆိုးကန် ထဲ
ရောက်သွားကာ ပိုးသတ်ပေးမည်ဖြစ်သည်။
နန်စီသည် ညာဖက် လက်အိတ်ကို လက်ကောက်ဝတ် အစမှ
ဂရုတစိုက် ကိုင်ပြီးချွတ် လိုက်သည်။ ပေါင်ဒါ မှုန်များ ပေနေသည့် ညာလက်ဖဝါး
ထွက်လာသည်။ လက်သည်း တိုတို တွင် ဆေးဆိုးမထား။ လက်စွပ် လည်းဝတ်မထားပါ။ လက်ဖမိုး
အဆစ်တွင် ငယ်စဉ်က ဆိတ် ကိုက်ခံထားရသည့် ဒဏ်ရာ ရှိသည်။ လက်ဖဝါး တွင် ဓါးဒဏ်ရာ ကို
စည်းထားသည့် ပတ်တီး စ ရှိသည်။
လက်ဖဝါးရှိ ပေါင်ဒါမှုန့် များ သွေးပေကာ
ခဲနေသည် ကို တွေလိုက် ရသည်။
ဘုရား...ဘုရား...ကယ်တော်မူပါ....ဒီသွေးတွေက
ငါ့ဒဏ်ရာက ထွက်တဲ့ သွေး ပဲ ဖြစ်ပါစေ...မျောက် ရဲ့ သွေးတွေ မဖြစ်ပါစေနဲ့….
ဒဏ်ရာအပေါ်ရှိ ပတ်တီး တွင် သွေး စ များ တွေ့
လိုက်ရသည်။ ဒီသွေး တွေ က သူ့ လက် က
ထွက်တဲ့ သွေး..။ အီဘိုလာ ဗိုင်းရတ် ကူးစက် နေသော မျောက် ရဲ့ သွေး မဟုတ်ပါစေနဲ့….
နန်စီ သည် ရာဘာ လက်အိတ် အဝ ကို
ရေပိုက်ခေါင်း အောက် ထားပြီး ရေဖွင့်ချလိုက် သည်။ ရာဘာ လက်အိတ်သည် ရေပြည့် ပြီး
ဘောလုံး ကဲ့သို့ ဖောင်းကား လာသည်။ လက်အိတ်တွင် အပေါက် ရှိ ပါက ရေများ ပန်းထွက်
လာမည်။ သူ၏ ဘဝ တစ်ခုလုံး သည် ရာဘာ လက်အိတ် မှ ထွက်လာမည့် ရေ မျှင်မျှင်
လေးပေါ်တွင် တည်နေပေသည်။ သူသည် ရာဘာ လက်အိတ် ကို စိုးရိမ်တကြီး ကြည့်မိသည်။ ရေ
ပေါက်များ ရှိလေမလား။ ရေ ပြည့်နေသော ရာဘာ လက်အိတ် သည် ပြောင်တင်း နေသည်။ ရေ
တစ်ပေါက် မျှ ထွက်မလာ။ လက်အိတ်တွင် အပေါက် လုံးဝ မရှိ။
နန်စီသည် ရုတ်ချည်း အားအင်
ကုန်ခန်းသွားသည်။ နံရံ ကို မှီရင်း ခြေေထောက်များ ပျော့ခွေ ကာ ပုံလျက်သား
ကျသွားတော့သည်။ တစ်စုံ တစ်ယောက် က သူ့ဝမ်း ဗိုက်ကို လက်သီးနှင့် အားကုန် ထိုးချ
လိုက်သကဲ့သို့ ခံစား လိုက်ရသည်။
နန်စီသည် အားတင်း ကာ ထရပ် သည်။ ဒယိမ်းဒယိုင်
နှင့် လျှောက်ကာ စွန့်ပစ် ပစ္စည်းထည့်သည့် စက္ကူပုံး ပေါ် ထိုင်ရန် ကြိုးစားသည်။
သူ၏ တရွတ်ဆွဲ နေသည့် ခြေတစ်ဖက်က စက္ကူပုံး ကို ကန်မိကာ လွင့်သွားသည်။ သူ
မရပ်နိုင်တော့ဘဲ နံရံကို ထိန်းမှီရင်း ကြမ်းပြင်ပေါ် ခွေကျသွား ပြန်သည်။ ဤသည်ကား
ဒီကွန် သန့်စင်မှု ပြီးလျှင်ပြီးချင်း အပြေးထွက်လာသည့် ဂျွန်ဆင် မြင်တွေ့
လိုက်ရသော နန်စီ ၏ ဖြစ်အင် ပင်တည်း။
မတော်တဆ ဖြစ်ပွာမှု အစီရင်ခံစာ တွင်
“ဗိုလ်မှုး နန်စီဂျက် အား အီဘိုလာဗိုင်းရတ် ပါသည့် သွေးနှင့် ထိတွေ့ခဲ့ခြင်း မရှိ”
ဟု ဆုံးဖြတ်ခဲ့သည်။ အပြင်ဖက် ရာဘာ လက်အိတ် ပြဲကာ ဗိုင်းရတ် ကာကွယ်ရေး ဝတ်စုံ
လက်အိတ်ကို သွေးများ ထိမိသည်။ ဗိုင်းရတ် ကာကွယ်ရေး ဝတ်စုံ လက်အိတ် မှာလည်း
ပြဲနေခြင်း ကြောင့် အီဘိုလာ ဗိုင်းရတ် ပါသည့် သွေးများ သည် နောက်ဆုံးအလွှာ ရာဘာ
လက်အိတ် သို့တိုင် ရောက်ရှိလာ ခဲ့သည်။ သို့သော်လည်း ကံကောင်းစွာဖြင့်
နောက်ဆုံးအလွှာ လက်အိတ်မှာ အပေါက်အပြဲ မရှိ၊ အကောင်းပကတိ လုံခြုံစွာ ရှိနေခဲ့သည်။
ဗိုင်းရတ်ပါသည့် သွေးနှင့် နန်စီ တိုက်ရိုက် ထိတွေ့ခြင်း မရှိခဲ့ပါ။
အီဘိုလာဗိုင်းရတ်သည် ဗိုင်းရတ်ပါသည့် သွေး (သို့မဟုတ်) ခန္ဓာ ကိုယ်မှ ထွက်သည့်
အရည် ဖြင့် တိုက်ရိုက်ထိတွေ့ ခြင်းကြောင့် ကူးစက်သည်ဟု ယူဆထားသည်။ ထို့ကြောင့်
နန်စီ အား အီဘိုလာ ဗိုင်းရတ် ကူးစက်ခဲ့ခြင်း မရှိဟု ဆုံးဖြတ်ခဲ့ပါသည်။
အပေါက်အပြဲ မရှိသည့် နောက်ဆုံး အလွှာ ရာဘာ
လက်အိတ်က နန်စီ ကို ကယ်တင်လိုက်သည်။ ကူးစက်ဆေးရုံ တွင် ထောင်ကျ သကဲ့သို့ နေရမည့်
အခြေအနေမှ လွတ်မြောက်လာကာ အိမ်သို့ ကားမောင်း ပြီး ပြန်လာနိုင်ခဲ့သည်။ လွန်ခဲ့သည့်
နှစ်များစွာက ဇိုင်ယာနိုင်ငံ တောတွင်း၌ ရိုမန်ကက်သလစ် သီလရှင်ကြီးအား ခန္ဓာကိုယ်
မှ သွေးများ ယိုစီး ပွင့်ထွက် သေဆုံး စေခဲ့သော အီဘိုလာဗိုင်းရတ်သည် သူနာပြုဆရာမလေး
မေရင်ဂါ ကိုလည်း ကူးစက်ကာ သေဆုံးစေခဲ့သည်။ သူနာပြုဆရာမလေး မေရင်ဂါ ထံမှ
ထုတ်ယူထားသော ထိုအီဘိုလာဗိုင်းရတ် သည် ဆေးသုတေသနဌာန မှ စမ်းသပ်ခံ မျောက်ကို ထပ်မံ
သတ်ဖြတ်ရုံသာမက မေဂျာ နန်စီဂျက် ကိုယ်တွင်းသို့ ဝင်ရောက်နိုင်လုနီးပါး အထိ
ကြိုးစားခဲ့လေသည်။
နန်စီသည် တက္ကဆက် တွင်ရှိနေသည့် ဂျယ်ရီ
ထံသို့ ညတွင်းချင်း ဖုန်းခေါ်ကာ နေ့လယ် က အီဘိုလာ နှင့် နဖူးတွေ့ ဒူးတွေ့
ရင်ဆိုင်ခဲ့ရပုံ ကို ပြောပြ ခဲ့သည်။ ဂျယ်ရီ သည် အလွန် စိုးရိမ်ပူပန် ကာ ဒေါသတကြီး
ပေါက်ကွဲတော့သည်။ “ဒီ ေ-ာက် အီဘိုလာ နဲ့ မပတ်သက် နဲ့ လို့ ပြောထားရက်သားနဲ့….” ဟု
အစချီကာ အဆက်မပြတ် မြည်တွန်တောက်တီး တော့သည်။ နန်စီသည် အငြင်းအခုံ မပြုဘဲ
ငြိမ်သက်စွာ နားထောင် နေခဲ့သည်။ တကယ်တော့ ဂျယ်ရီ သူ့ကို စိတ်ဆိုးခြင်း
မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် ဂျယ်ရီ ပြောလိုသမျှ ပြောပြီးသည်အထိ နားထောင်နေခဲ့သည်။
ပြီးမှ ယနေ့ အတွေ့အကြုံ ကြောင့် မိမိကိုယ် မိမိ ယုံကြည်မှု တိုးလာခဲ့ကြောင်းနှင့်
စိုးရိမ်စရာ မရှိကြောင်း ဂျယ်ရီအား လေအေးအေးဖြင့် နှစ်သိမ့်ခဲ့သည်။ အကယ်၍
နန်စီထံမှ စိတ်အားငယ် နေသည့် အရိပ်အယောင် လေး တစွန်းတစမျှ ကြားရလျှင်ပင် ဂျယ်ရီ
တစ်ယောက် ညတွင်ချင်း ကမူးရှုထိုး ပြန်လာပေမည်။ ယခုမူ သူ့ဇနီး နန်စီ ၏
သွေးအေးပုံကို အံ့အားသင့် နေမိတော့သည်။
ထိုစဉ်က ဂျွန်ဆင်၏ အီဘိုလာဗိုင်းရတ် အတွက်
ဆေးဝါးသုတေသနပြု ခြင်း မှာ မအောင်မြင်ခဲ့ပါ။ ဆေးဝါး အမျိုးမျိုး ဖြင့် မည်သို့ပင်
ကုသစေကာမူ အီဘိုလာဗိုင်းရတ် ဗီဇ ထိုးထားသည့် မျောက်များ အားလုံး သေဆုံးသွားခဲ့သည်။
အီဘိုလာ က အနိုင်ယူကာ မျောက်များအားလုံး ကို သုတ်သင်သွား သည်သာ မက ထူးထူးခြားခြား
ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသည်။ အီဘိုလာဗိုင်းရတ် ဗီဇ ထိုးထားသည့် မျောက်တို့ ထားရာ
လှောင်အိမ်များနှင့် မျက်နှာချင်းဆိုင် တွင် သီးသန့်ခွဲထားသည့် မျောက်နှစ်ကောင်ရှိသည်။
သူတို့ကို အီဘိုလာ ဗိုင်းရတ် ဗီဇ ထိုးမထားပါ။ ကျန်းကျန်းမာမာ ပင်ရှိသည်။
အီဘိုလာဗိုင်းရတ် ကူးစက်ထားသည့် မျောက်များအားလုံး သေဆုံး သောအခါ ထိုမျောက်
နှစ်ကောင် အတွက် မပူပန်ခဲ့ပါ။
သို့သော်လည်း နန်စီ ကိစ္စဖြစ်ပွားပြီး
နောက်နှစ်ပတ် အကြာတွင် အီဘိုလာ စမ်းသပ်ခန်း၌ ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်ရပ် တစ်ခု
ပေါ်ပေါက်ခဲ့သည်။ ကျန်းကျန်းမာမာ ရှိနေသည့် မျောက်နှစ်ကောင်တွင် ရုတ်ချည်း အီဘိုလာ
လက္ခဏာများ ပေါ်ထွက်လာသည်။ မျက်လုံးများ နီရဲလာသည်။ နှာခေါင်းသွေး လျှံသည်။
ထို့နောက် ခန္ဓာ ကိုယ် အနှံ့မှ သွေးများယိုစီး ထွက်ကာ သေဆုံးသွားကြသည်။
ထိုမျောက်နှစ် ကောင် ကို အီဘိုလာဗိုင်းရတ် ဗီဇ ထိုးမပေးပါ။ ကူးစက်နေသည့်
မျောက်တို့နှင့် လည်း အတူ မထားပါ။ သီးသန့်လှောင်အိမ်နှင့် ထားသည်။ သို့သော်
တစ်ခန်းထဲ၌ ထားခြင်းဖြစ်သည်။
အကယ်၍ ကျန်းမာသည့် လူတစ်ဦး နှင့်
အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နေသည့် လူနာတစ်ဦး တို့ကို အခန်းတစ်ခန်းထဲ အစွန်းတစ်ဖက်စီ
တွင် ထားသည် ဆိုပါစို့။ အေအိုင်ဒီအက် ဖြစ်စေသော ဗိုင်းရတ်သည် လေထဲမှ တစ်ဆင့်
ကျန်းမာသည့် လူအား ကူးစက်နိုင်ခြင်း မရှိပါ။ သို့သော် အီဘိုလာ ဗိုင်းရတ် ကမူ
အခန်းတစ်ခု အတွင်း၌ လျှင်မြန်စွာ ကူးစက်နိုင်ကြောင်း ထင်ထင်ရှားရှား ပြသခဲ့သည်။
တိုက်ရိုက် ထိတွေ့ခြင်း မဟုတ်သည့် အခြားသော လမ်းကြောင်းဖြင့်လည်း
ကူးစက်နိုင်ကြောင်း သိခဲ့ရသည်။ ဖြစ်နိုင်ခြေ အရှိဆုံး မှာ အသက်ရှူလမ်းကြောင်းမှ
တစ်ဆင့် အဆုတ်ထဲသို့ ဗိုင်းရတ်ပိုး ရောက်ရှိသွား မည်ဟု ယူဆရသည်။ နောင်နှစ်
အနည်းငယ် အကြာတွင် နန်စီ က စာရေးသူအား သူ၏ထင်မြင်ချက်ကို ဤသို့ ပြောပြခဲ့သည်။
“နာမကျန်းဖြစ်နေသည့် မျောက်များ က တံတွေး၊သွားရည် တို့ကို ဟိုဟို သည်သည်
ထွေးခဲ့မည်။ အညစ်အကြေး တို့ကို လည်း ဟိုပစ်သည်ပစ် လွှင့်ပစ်ခဲ့မည်။ သန့်ရှင်းရေး
လုပ်သူက ရေပိုက်နှင့် ထိုးကာ လှောင်အိမ် သန့်ရှင်းရေး လုပ်သည့်အခါ
ရေမှုန်ရေမွှားလေး များနှင့် အတူ ဗိုင်းရတ် ပါသည့် အရည်များ လေထဲလွင့် သွားပေမည်။
ဤသို့ဖြင့် အီဘိုလာဗိုင်းရတ် သည် လေထဲမှ တစ်ဆင့် ကူးစက် ခဲ့မည်” ဟု ဆိုပါသည်။
No comments:
Post a Comment