Saturday 2 August 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၀)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၀)

(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)



အီဘိုလာ ပရောဂျက်
Photo from http://www.wolfhazmat.de
     ၁၃း၀၀ နာရီ

     နန်စီ သည် မနက်ပိုင်း တွင် ရုံးခန်း ၌ အလုပ်များကိုပြီးစီးအောင် လုပ်ရသည်။ နေ့လည်စာ စားပြီးနောက် စေ့စပ် စိန်လက်စွပ် နှင့် လက်ထပ်လက်စွပ်ကို ချွတ်ပြီး စားပွဲ အံဆွဲ အတွင်းထည့်ကာ သော့ခတ်သည်။ ထို့နောက် ဒုတိယဗိုလ်မှုးကြီးအန်တိုနီ ဂျွန်ဆင်၏ ရုံးခန်းသို့သွားသည်။ သူတို့ နှစ်ယောက် အောက်ထပ် ဆင်း ကာ စင်္ကြံ လမ်းအတိုင်း အီဘိုလာ ဇုံ သို့ လျှောက်လာကြသည်။ အီဘိုလာဇုံ သို့ ဝင်ရောက်ရန် ဝင်ပေါက် တစ်ခုသာ ရှိသည်။ ထို အဝင်ဝ တွင် အခန်း ဖွဲ့ထား ပြီးအဝတ်အစား လဲ နိုင်ရန် စီစဉ် ထားသည်။ တိုနီ က နန်စီ ကို အရင်ဝင် ကာ အဝတ် လဲစေသည်။ အခန်းမှာသိပ်မကျယ်လှပေ။ နံရံတွင် ပစ္စည်း ထည့် ရန် သေတ္တာငယ် လေး များနှင့် စင် အချို့ရှိသည်။လက်ဆေးကန် တစ်ခုနှင့် မှန်တစ်ချပ် လည်းရှိသည်။ နန်စီ သည် အတွင်းခံ အပါအဝင် အဝတ်အစားအားလုံး ကို ချွတ်ကာ နံရံကပ် သေတ္တာထဲ ထည့်လိုက်သည်။ ညာဘက် လက်ဖဝါးတွင် စည်းထားသည့်ပတ်တီး ကိုတော့ ချန်ထားသည်။ စင်ပေါ်မှ အစိမ်းရောင် ခွဲစိတ်ခန်းသုံး ဝတ်စုံ ကို ယူကာဝတ်သည်။ ဤ ခွဲစိတ်ခန်းသုံး ဝတ်စုံ အောက်တွင် အတွင်းခံ အပါအဝင် မည်သည့် အဝတ်မျှ ဝတ်ခွင့်မပြုပါ။ ခွဲစိတ်ခန်းသုံး ခေါင်းစွပ် ကို ဆောင်းသည်။ မှန် ကိုကြည့်ကာ ဆံပင်များကို ခေါင်းစွပ်အတွင်းထည့်သည်။ နန်စီ စိတ်လှုပ်ရှား နေသည်။ ယခု အကြိမ်သည် အန္တရာယ် ဇုံသို့ ဒုတိယ အကြိမ်ဝင်ရောက်ခြင်း ဖြစ်သည်။ နန်စီ သည် မှန်ရှေ့မှ ခွာကာ ဗိုင်းရတ် ကာကွယ်ရေး အဆင့် ၂ ဇုံတံခါးပေါက် သို့ ခြေဗလာ နှင့် လျှောက်လာသည်။ အပြာရောင် အလင်းတန်း တစ်ခု က တံခါး ရှိမှန်ချပ် ကို ဖြတ်ကာ ဖြာကျနေသည်။ ခရမ်းလွန် ရောင်ခြည် အလင်းတန်း ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် အောက် ရောက်ရှိ သွားသည့် ဗိုင်းရတ် များသည် မျိုးဗီဇ ပစ္စည်း ပျက်စီးသွားပြီး ထပ်မံ၍ မပွားနိုင် တော့ပါ။ အဆင့် ၂ ဇုံ သို့ ဝင်ရန် နန်စီ သည်တံခါးကို ဆွဲဖွင့်လိုက်သည်။ အတွင်းဘက် လေဖိအား ကအပြင်ဘက် လေဖိအားထက် နည်း နေရာ တံခါးကို အတော်အားစိုက်၍ ဆွဲဖွင့်ရသည်။ အထဲဝင် လိုက်သည့်အခါ အပြင်ဘက် မှ လေများ နန်စီကို တိုးဖြတ်၍ ဝင်ရောက်သွားသည်။ အန္တရာယ် ကြီးသည့် ဗိုင်းရတ်များပြင်ပသို့ ပြန့်နှံ့ မသွားစေရန် အထူးစီမံထား သည့် စံနစ်ဖြစ်သည်။ အပြာရောင် အလင်း ကနန်စီ ၏ မျက်နှာပေါ် ဖြတ်သွားသည်။ နန်စီ သည် ခရမ်းလွန် ရောင်ခြည်အလင်း၊ ဆပ်ပြာ၊ ရေပန်းများ တပ်ဆင် ထားသည့် လျှောက်လမ်း ကိုဖြတ်လျှောက်ကာ အခန်းတစ်ခု သို့ ဝင်လိုက်သည်။ အခန်းနံရံရှိ စင်ပေါ်တွင် အဖြူရောင် ခြေစွပ် များတင်ထားသည်။ သူသည် ခြေစွပ် တစ်စုံ ကို ဝတ်ပြီးနောက်ထပ် တံခါး တစ်ခုကို ဖွင့် ကာ အဆင့် ၃ ဇုံသို့ ဝင်လာသည်။ အဆင့် ၃ ဇုံတွင် အခန်းတစ်ခန်းရှိပြီး အခန်းထဲတွင် စားပွဲတစ်ခု၊ တယ်လီဖုန်း တစ်လုံး နှင့် လက်ဆေးကန် တစ်ခုရှိသည်။ စားပွဲဘေးတွင် ကူးစက်စေနိုင်သော စွန့်ပစ် ပစ္စည်းများ ထည့်သည့် ကတ်ထူ ပုံး တစ်ခုရှိသည်။ ပုံးထဲတွင်အနီရောင် ပလတ်စတစ် အိတ် တစ်ခုခံထားသည်။ ပုံးအပြင်တွင် ကူးစက် စွန့်ပစ်ပစ္စည်း သင်္ကေတအနီရောင်တံဆိပ်ကို ရေးခြယ်  ထားသည်။ ပုံးအတွင်း၌ ဘာပစ္စည်းမှ မရှိသေးပါ။ ဤ ပုံးကိုမရှိသုံး ကုလားထိုင်အဖြစ်လည်း သုံးကြသည်။


Photo from http://www.niaid.nih.gov
      နန်စီ သည် ခွဲစိတ် ခန်းသုံး ရာဘာ လက်အိတ် တစ်ဘူးနှင့် ပေါင်ဒါ မှုန့်ထုပ် ကို ယူလိုက်သည်။ ပေါင်ဒါမှုန့် ကို လက်ဖဝါး ပေါ်ဖြူး ပြီး လက်အိတ်ကိုဝတ်သည်။ တိပ်ခွေ တစ်ခုကို ယူကာ အပိုင်းလေးများ ဖြတ်ပြီး စားပွဲစွန်းတွင် ကပ်သည်။ ထို့နောက် ခွဲစိတ်ဝတ်စုံ လက် အစကို လက်အိတ် အတွင်းထည့် ဖုံးကာ ဖြတ်ထားသောတိပ်များ ဖြင့် လုံအောင် ရစ်ပတ် စည်းနှောင်သည်။ ဘောင်းဘီ ခြေထောက် အစနှင့် ခြေစွပ်ကိုလည်း လုံအောင် ပတ်စည်းသည်။ ယခုအခါ နန်စီ နှင့် ဗိုင်းရတ်များ အကြား အကာအကွယ် အဖြစ်အလွှာ တစ်လွှာ ရှိပြီဖြစ်သည်။

     ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင်သည်လည်း ခွဲစိတ်ဝတ်စုံ ဝတ်လျှက် အဆင့် ၃ ဇုံ သို့ ရောက်လာသည်။ သူသည်လည်း ရာဘာ လက်အိတ်ကိုဝတ်ကာ တိပ်များဖြင့် အကျႌလက် နှင့် ဘောင်းဘီ အစ ကို လုံအောင် စည်းသည်။

     ဂျက် ( JAAX ) ဟု စာတန်းထိုးထားသည့်နန်စီ ၏ ဇီဝကူးစက်ပိုးမွှားကာကွယ်ရေး ဝတ်စုံ ကို စင် တွင် ချိတ်ထားသည်။ ဤဝတ်စုံကို သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ထူထဲသော ပလတ်စတစ် ဖြင့် ပြုလုပ်ထားသည်။ လေထဲမှ တစ်ဆင့် ကူးစက် တတ်သည့် ဗိုင်းရတ် များ ကို ကာကွယ်နိုင်သည်။အရောင်မှာ အပြာရောင် တောက်တောက် ဖြစ်၍ ဝတ်စုံပြာ ဟုလည်း ခေါ်ကြသည်။

     နန်စီသည် ဝတ်စုံကို ဖွင့်၊ ကြမ်းပြင်ပေါ်ချပြီးအတွင်းမှ လေများကုန်အောင် နင်းကာ ထုတ်ပစ်သည်။ ထို့နောက် ဝတ်စုံကို ယူပြီး လက်ချောင်းကလေးများရာဘာလက်အိတ် နှင့် ထိသည် အထိ လက်နှစ်ဖက်ကို လျှိုသွင်း လိုက်သည်။ ကူးစက်ပိုးမွှား ကာကွယ်ရေးဝတ်စုံ၏လက်မောင်းနှစ်ဖက် ထိပ်တွင် အညိုရောင် ရာဘာလက်အိတ် နှစ်ခုကို ခိုင်ခိုင်မြဲမြဲ တပ်ထားသည်။ဤလက်အိတ် နှစ်ခု ကို အလွန်ထူထဲ ကောင်းမွန်သော ရာဘာနှင့် ပြုလုပ်ထားပြီး ဗိုင်းရတ်နှင့်လူသားအကြား ကာကွယ်ပေးသည့် အလွန်အရေးကြီးသည့် နေရာ ဖြစ်သည်။ ဤလက်အိတ် နှစ်ဖက်သည် ဇီဝကူးစက်ပိုးမွှား ကာကွယ်ရေး ဝတ်စုံ၏အဓိက အားနည်းချက် နေရာ လည်း ဖြစ်နေပြန်သည်။ ထိုလက်အိတ် နှစ်ဖက် ဝတ်ထားသော လက်ဖြင့် အပ်များ၊ဓါးများ၊ ချွှန်ထက်သည့် အရိုးစများကို ကိုင်တွယ်ရခြင်းကြောင့် ဖြစ်သည်။ လေထီး ကို ထုပ်ပိုးခြင်းထိန်းသိမ်းခြင်း သည် လေထီးခုန်သူ ၏ တာဝန်ဖြစ် သကဲ့သို့ မိမိ၏ ကာကွယ်ရေး ဝတ်စုံ ထိန်းသိမ်းရေး၊စစ်ဆေးရေး သည် ဝတ်စုံ ပိုင်ရှင်၏ တာဝန်သာဖြစ်သည်။ ယနေ့ နန်စီ စိတ်လောနေသည်။ သူ၏ ဝတ်စုံကိုယခင်က ကဲ့သို့ အသေးစိတ် စေ့စေ့စပ်စပ် မစစ်ဆေးမိပေ။

     ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင် က လုပ်ဆောင်ဖွယ်ရာလုပ်ငန်းများကို တိုတိုတုတ်တုတ် ညွှန်ကြားပြီး နန်စီ၏ ခေါင်းစွပ်ကိုကူ၍ စွပ်ပေးလိုက်သည်။ခေါင်းစွပ် ကို နူးညံ့ ပျော့ပျောင်းသော ပလတ်စတစ် ဖြင့် ပြုလုပ်ထားပြီး မျက်နှာ ရှေ့တွင်ကြည်လင်စွာ မြင်နိုင်အောင် ပြုလုပ်ထားသည်။ ဂျွန်ဆင် သည် ခေါင်းစွပ် အတွင်းမှ နန်စီ၏မျက်နှာ ကို ကြည့်ကာ အကဲခတ် နေသည်။

     နန်စီသည် ရင်ဘတ်တွင်ရှိသော ဇစ်ကို ဆွဲကာ ဝတ်စုံကိုပိတ်လိုက်သည်။ တဖောက်ဖောက် အသံ မြည်ကာ ဝတ်စုံ လုံခြုံစွာ ပိတ်သွားသည်နှင့် ခေါင်းစွပ်ရှိ မြင်ကွင်း သည် အသက်ရှုထုတ်လိုက်သည့် လေကြောင့် မှုန်ဝါးသွားသည်။ သူသည် နံရံ သို့လျှောက်သွားကာအဝါရောင်လေပိုက်ခွေ ကို ယူပြီး ဝတ်စုံတွင် တပ်လိုက်သည်။ သူ၏ ဝတ်စုံသည် လေဖြင့် ပြည့်ဖောင်းလာကာတောင့်တောင့်တင်းတင်း ဖြစ်လာသည်။ ခေါင်းစွပ်ရှိ အငွေ့များလည်း ရှင်းသွားပြီး မြင်ကွင်းမှာကြည်လင်လာသည်။

      အချို့သော ဝန်ထမ်းများသည် ဇီဝကူးစက်ပိုးမွှား ကာကွယ်ရေးဝတ်စုံဝတ်ပြီးနောက် ရုတ်တရက် ကြောက်စိတ်မွှန်ထွန်ကာ ကယောင်ချောက်ချား ဖြစ်သွားတတ်ကြသည်။ အထူးသဖြင့်အတွေ့အကြုံ မရှိသေး သော သူများ ဖြစ်တတ်သော်လည်း မည်သူ မည်ဝါ ဖြစ်လိမ့်မည် ကို ကြိုတင်မခန့်မှန်းနိုင်ပါ။ ခေါင်းစွပ် ကို စွပ်ပြီး ဝတ်စုံကို ပိတ်လိုက်သည်နှင့် သူတို့၏ မျက်လုံးတွင်ကြောက်ရွံ့သည့် လက္ခဏာ များ ပေါ်ထွက်လာ တော့သည်။ ချွေးစေးများ ထွက်လာပြီး ပြာနှမ်းလာသည်။ကာကွယ်ရေး ဝတ်စုံကို ကုတ်ခြစ် ဆုတ်ဖြဲ ကာ ပြင်ပလေ ကို ရှုနိုင်ရန် ရုန်းကန်ရင်း ဟန်ချက်ပျက်ပြီးကြမ်းပြင်ပေါ် လဲကျသည်။ ဝတ်စုံ အတွင်း ကြောက်လန့်တကြား အော်ဟစ် ငြီးတွား ကာ အသက်ရှုကျပ်ကုန်သည်။တစ်ခါက ဖြစ်ခဲ့ဖူးသည်။ အမျိုးသား ဝန်ထမ်းတစ်ဦး သည် အဆင့် ၄ ဇုံ အတွင်း ရောက်ရှိ လုပ်ကိုင်နေစဉ် ရုတ်တရက် ကြောက်လန့် တကြား အော်ဟစ်ပြီး သူ၏ခေါင်းစွပ်ကို ဆွဲဖြဲကာ အန္တရာယ် အဆင့်၄ ဇုံ မှ လေ ကို အားရပါးရ ရှုသွင်း လိုက် မိသည်။ အခြားသော ဝန်ထမ်းများက သူ့အား အဆင့်၄ ဇုံ မှ ဆွဲထုတ်ကာ အဆင့် ၄ ဇုံ ပြင်ပရှိ အခန်းတွင် ဓာတုဆေးရည်များဖြင့် ရေချိုးသန့်စင်ပေးပြီးစောင့်ကြည့် ခဲ့ရသည်။

       ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင် သည် နန်စီ ၏ဝတ်စုံကို ကူညီ ဝတ်ပေးပြီး နန်စီ၏ မျက်လုံး ကို ဂရုတစိုက် ကြည့်ကာ ကြောက်ရွံ့ခြင်းရှိမရှိစစ်ဆေးသည်။ ပြီးမှ သူ၏ ဝတ်စုံကို ဝတ်သည်။ အားလုံးပြီးစီး ပြီဆိုမှ ခွဲစိတ် ကိရိယာများကိုနန်စီအား ပေးအပ်သည်။ နန်စီက တည်ငြိမ်စွာ လက်ခံယူသည်။ ထို့နောက် သူတို့ နှစ်ဦးသည် အဆင့်၄ ဇုံသို့ ဝင်ရောက်ရန် သံမဏိ တံခါး ဆီသို့ မျက်နှာမူ လိုက်ကြသည်။ တံခါးတွင်  ဇီဝကူးစက် အန္တရာယ် သင်္ကေတ နှင့်သတိပေးချက်ကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။

                                                  

သတိပြု

ကူးစက်ဇုံ

လေလုံ ဇီဝကာကွယ်ရေးဝတ်စုံ မဝတ်လျှင်

မဝင်ရ

     အဆင့် ၄ ဇုံသို့အဝင်၊ လေလုံ တံခါး ရှိရာ အခန်းကို အညိုရောင်ဧရိယာ အဖြစ် သတ်မှတ် ထားသည်။ ဤနေရာသည် အန္တရာယ်ရပ်ဝန်းနှင့် လူသားတို့ ရှင်သန် နေထိုင်သည့် လောက ဆုံစည်းရာ နေရာ ဖြစ်သည်။ ဤ နေရာသည်ပိုးသတ်ထား၍ အန္တရာယ် ကင်းသည့် နယ်မြေ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ကူးစက်နိုင်သည့် အန္တရာယ်ရှိရာနေရာ ဖြစ်ချင်ဖြစ်မည်။ သို့သော် ကူးစက်ရောဂါများဆိုင်ရာ ဆေးသုတေသနဌာန ၏ အညိုရောင်ဧရိယာတွင် ဇီဝကူးစက် အန္တရာယ် သင်္ကေတ ကို ကပ်ထားပါသည်။ နန်စီသည် သင်ယူထားသည့် ကိုယ်ခံပညာ လေ့ကျင့်ခန်းအတိုင်း အသက်ကို တဝရှုသွင်းကာ စိတ်ကိုတည်ငြိမ်စွာ စုစည်းလိုက်သည်။ လူအများစုက ဤသံမဏိ တံခါးကို မဖြတ်ခင် သူတို့ဘာသာဓလေ့ အတိုင်းဆုတောင်း အာရုံပြုကြသည်။ အချို့က ရင်ဘတ်တွင် လက်ဝါကပ်တိုင် သင်္ကေတပြုကြသည်။ အချို့ကစည်းကမ်းချိုးဖောက်ကာ အဆောင်၊ လက်ဖွဲ့ ကို တိတ်တိတ် ယူဆောင်လာကြသည်။ အဆောင်၊ လက်ဖွဲ့တို့က အန္တရာယ်ကောင် ဗိုင်းရတ် များရန်မှ ကာကွယ် ပေး မည်ဟု ထင်နေကြသည်။

     နန်စီသည် လေပိုက်ကို ဝတ်စုံမှ ဖြုတ်ပြီး သံမဏိတံခါးကိုဖွင့်ကာ လေလုံခန်းထဲ ဝင်လိုက်သည်။ ဂျွန်ဆင် က နန်စီ အနောက်မှ ဝင်လိုက်လာသည်။ သံမဏိတံခါးက သူတို့ အနောက်တွင် ပြန်ပိတ်သွား သည်။ လေလုံခန်း တစ်ခုလုံးကို အစွန်းခံသံမဏိဖြင့် ပြုလုပ် ထားသည်။ အခန်းထဲတွင် ရေနှင့် ဓါတုဆေးရည်များ ပက်ဖြန်းသည့် နော်ဇယ်ခေါင်း များ အတန်းလိုက် တပ်ဆင်ထားသည်။ ကူးစက်ဇုံမှ ထွက်လာသည့် အခါ ဤနော်ဇယ်ခေါင်းမှ ရေ၊ ဓါတုဆေးရည်တို့ဖြင့် ဗိုင်းရတ်ပိုးများ သန့်စင်အောင် ရေချိုး ဆေးကြော ရသည်။ “ဒီကွန်”(Decon– Decontamination) လုပ်သည်ဟု သုံးနှုန်းကြသည်။

     သူတို့ နှစ်ဦး သည် အခြားတစ်ဖက်ရှိ တံခါးကိုဖွင့်ကာ အန္တရာယ်ဇုံ အတွင်း ဝင်ရောက်သွားကြတော့ သည်။

No comments:

Post a Comment