၁၊၀၅၊၁၉၈၈
မနက် အိပ်ရာ ထ ကတည်းက စိတ်ထဲ
ရှင်းနေတယ်။ ရာသီ ဥတုကလည်း အေးအေးချမ်းချမ်း၊ ရင်ထဲမှာ လည်း အေးအေး ချမ်းချမ်း၊
စိတ်ညစ် စရာ မရှိဘူး။
လစာ မထုတ်ခင် ရက်တွေ က စိတ်ညစ်
နေရတယ်။ စိတ်ထဲ အလို မကျ သလို၊ အားငယ် သလို ဖြစ်နေ ခဲ့တယ်။ ငွေစုငွေချေး
လျှောက်ထားတယ်။ ရပါ့မလားပေါ့။ အရင် ချေးငွေ လက်ကျန် ကို ဧပြီလ ၁၀ ရက်နေ့ ကတည်း က
ထိုးဆပ်ပြီးပြီ။ ဒါတောင် ဧပြီလ လဝက် လစာ ထုတ်တော့ ထပ်ဖြတ်သေးတယ်။ သွားပြောမှ
ပြန်ပေးတယ်။ ဒီလ ကုန်ရင် ၁၅၀၀ ချေးပေးဖို့ လျှောက်လွှာ တင်ထားတယ်။ ဧပြီလ လကုန် လစာ
ထုတ်တော့ ချေးငွေ မဖြတ်တော့ဘူး။ ဒါဆို မေလ မှာ ချေးငွေ ရဖို့ သေချာပြီ။ သက်သာ
အမှုဆောင် ဦးတင်သိန်း ကို ပြောထားတယ်။ ချေးငွေ ရရင် သူ့ကို လက်ဖက်ရည် တိုက်ရမယ်။
အခုမှ ပတ်ဝန်းကျင် က အလှအပ တွေကို
သတိပြုမိ တော့တယ်။ တဖွဲဖွဲ ကျနေတဲ့ မိုးစက်တွေ၊ စိန်ပန်းပွင့် နီနီတွေ၊ မြက်ခင်း
စိမ်းစိမ်းတွေ ကိုကြည့် ပြီး ပျော်နေတယ်။ မိုးသည်းသည်း မည်းမည်း ရွာ ပြီး
လေပြင်းတွေ တိုက်ရင် ရေစီးကြောင်းထဲ မျော ပါ သွားတဲ့ စိန်ပန်းပွင့် နီနီတွေ ကို
မျက်စေ့ တစ်ဆုံး လိုက်ကြည့် နေမိတယ်။ မိုးရေစက်တွေ ထဲ ပျံသန်း နေတဲ့ ပျံလွှားလေး
တွေ ကို လည်း အားကျ နေမိတယ်။ ရေတွေ ဖုံး ပြီး အဖျားပိုင်းလေးတွေပဲ ပေါ်နေတဲ့
ကွင်းပြင် ထဲ က မြက်ပင်လေးတွေ ကို လည်း ငေးနေမိတယ်။ သူတို့ တွေလို အပူအပင်
ကင်းချင် လိုက်တာ။
ဒီနေ့ ( တနင်္ဂနွေနေ့ ) မှာ
ကိုချစ်စမ်း က ရဟန်းခံ ရှင်ပြု ဖိတ်ထားတယ်။ ကိုဌေးလှိုင်၊ လှိုင်မျိုး တို့နဲ့
ဆင်မင်း ဈေး ရှေ့မှာ ချိန်းထားတယ်။ ၈နာရီခွဲ မှာ ဆုံဖို့ မှာထားတယ်။
အိမ်က ရ နာရီခွဲ မှာ ထွက်လာတယ်။
ဂိတ် ဆုံး ကနေ ရိန်းဂျား သွားစီးတယ်။ ကားတော်တော် ကျပ်တယ်။ ဒါပေမဲ့ မြန်တယ်။ မဆလာ
စက် မှတ်တိုင်မှာ ဆင်းပြီး ၃၂ ပြောင်းစီးတယ်။ ၃၂ ကား ကတော့ ချောင်ပါတယ်။ ဒါပေမဲ့
အိပဲ့ အိပဲ့ နဲ့ တစ်ဘီးချင်း လှိမ့်နေတယ်။ ထရော်လီကွေ့ ရောက်တော့ မောင်မောင် နဲ့
ခင်မောင်ကြည် တက်လာတယ်။ ဆင်မင်းဈေး ရောက်တော့ ၈နာရီ ၄၀ ဖြစ်နေပြီ။ ကိုဌေးလှိုင်
နဲ့ လှိုင်မျိုး ကို မတွေ့တော့ဘူး။ မလာဘူး ထင်ပြီး သွားကြပြီ ထင်ရဲ့။
ဘုန်းကြီးကျောင်း ထဲ ဝင်သွားတော့ ကိုချစ်စန်း နဲ့ တွေ့တယ်။ သူ က ရဟန်းဝတ် ပြီးပြီ။
ကိုဌေးလှိုင် ကို အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ထိုင် စားနေတာ တွေ့တယ်။ လှိုင်မျိုး
မလာဘူးတဲ့။ ကျွန်တော် လည်း သူတို့ ဝိုင်းမှာ ဝင်စား လိုက်တယ်။ အုန်းနို့ ခေါက်ဆွဲ
က တော်တော် စားကောင်း တယ်။ စားပြီးတော့ သိမ်ထဲမှာ ထိုင်ပြီး စကား ပြောကြတယ်။
မိုးအုံ့ ပြီး ရွာမလိုဖြစ်နေတာ
နဲ့ အားလုံး နှုတ်ဆက်ပြီး ပြန်ကြတယ်။ ပန်းဆိုးတန်း က စာအုပ် အဟောင်း ဆိုင် တွေ ဆီ
ဝင်မွှေ ချင်သေး ပေမဲ့ ပိုက်ဆံ နည်း နေလို့ မဝင် တော့ဘူး။ အပြန်လမ်း တစ်ဝက် မှာ ပဲ
မိုးရွာတယ်။ ကားပေါ်မှာ ဆိုတော့ ကိုယ် တစ်ခြမ်း ရွှဲ သွားတယ်။ အိမ်ရောက်တော့
ထမင်းပြန်ဆာ ပြန်ရော။
No comments:
Post a Comment