Friday, 5 September 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၂)

    အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၁၂)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)


အီဘိုလာ နှင့် နဖူးတွေ့ဒူးတွေ့(၁)
photo from visualscience

    

နန်စီ နှင့် ဂျွန်ဆင် သည် မျောက် သေ ကို သယ်ကာ အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ ဘယ်ဘက် သို့ချိုးသည်။ နောက် တစ်ခါ ဘယ်ဘက် သို့ ထပ်ချိုးပြီး ခွဲစိတ်ခန်း အတွင်း ဝင်လာကြသည်။ မျောက်သေကို သံမဏိ ခွဲစိတ် စားပွဲပေါ် တင်လိုက်သည်။ အနီရောင် အစက်များ၊ အဖုအပိန့်များ၊ အကွက်များ ကို မျောက်သေ၏ ကျိုးတိုးကျဲတဲ အမွေးများ အောက်တွင် ထင်ထင်ရှားရှား မြင်နေရသည်။

     “လက်အိတ်ဝတ်မယ်”

     ဂျွန်ဆင် က အော်ပြောသည်။ နှစ်ဦးစလုံး ရာဘာလက်အိတ် တစ်စုံစီ ယူကာ ကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ၏ လက်အိတ် ပေါ်တွင် ထပ် စွပ် ကြသည်။ အောက်ဆုံးတွင် ရာဘာ လက်အိတ် တစ်ထပ်၊ အလယ်တွင် ကာကွယ်ရေး ဝတ်စုံ၏ လက်အိတ် တစ်ထပ်၊ အပေါ်ဆုံးတွင် ရာဘာ လက်အိတ် တစ်ထပ်။ ယခု လက်အိတ် ၃ ထပ် စွပ်ထားပြီး ဖြစ်သည်။

     “စာရင်းကို ကြည့်၊ ခွဲစိတ် ကိရိယာ တွေ စစ်ရအောင်”

     ဂျွန်ဆင် က ခွဲစိတ် ကိရိယာများကို စားပွဲ ဦးပိုင်းတွင် ဖြန့်ချရင်း ပြောသည်။ ခွဲစိတ် ကိရိယာများကို အရေအတွက် အတိုင်း နံပတ်စဉ် တပ်ထားသည်။  ဂျွန်ဆင် က အသံကျယ်ကျယ် နှင့် ရွတ်သွားသည်။ နန်စီ က စစ်သည်။

     သူတို့ လုပ်ငန်း စပြီ။ ဂျွန်ဆင် က ထိပ်တုံး ကပ်ကြေး ဖြင့် မျောက်၏ ဝမ်းကို ဖွင့်သည်။ နန်စီ က လုပ်ငန်းစဉ် အတိုင်း ကူပေးသည်။ ခွဲစိတ် ဓါးကို မသုံးပါ။ အသွားထက်သော ချွန်သော ပစ္စည်းများသည် ယခုကဲ့သို့သော ကူးစက်ဇုံ ခွဲစိတ်ခန်း တွင် အလွန် အန ္တရာယ် ကြီးလှပါသည်။ ခွဲစိတ် ဓား က လက်အိတ်ကို ဖြတ်ကာ လက်ချောင်းများကို ထိ သွားနိုင်သည်။ မြည့် နေသည့် ခွဲစိတ်ဓားကြောင့် ဓား ရှ သွားမှန်း သိလိုက် မည်မဟုတ် သော်လည်း သွေးထဲသို့ ဗိုင်းရတ်ပိုး က ရောက်ရှိ သွားပြီ ဖြစ်သည်။

နန်စီ သည် ဂျွန်ဆင် တောင်းသည့် ခွဲစိတ် ကိရိယာများကို ကမ်းပေးရင်း တစ်ဖက်ကလည်း မျောက်၏ ကိုယ်တွင်းမှ သွေးကြောများကို ချည်နေသည်။ ထွက်လာသည့် သွေးများကို ရေမြှုပ် ဖြင့် စုပ်ကာ ရှင်းပေးရသည်။ သွေးများ အိုင်ထွန်းနေသည့် မျောက်၏ ဝမ်းဗိုက်တွင်းသို့ သူ၏ လက်ချောင်းများကို ထည့်ကာ လုပ်ကိုင်နေ ရသည်။ ထိုသွေးတို့သည် အီဘိုလာ ဗိုင်ရတ်ပိုးများ ပါဝင်နေသည့် သွေးများဖြစ်သည်။ ခန္ဓာကိုယ် အတွင်း နေရာ အနှံ့ သွေးယိုနေသည်။ အသည်း မှာလည်း ရောင်ရမ်းနေသည်။ အူအတွင်းတွင်လည်း သွေးယို နေသည်ကို သတိပြုမိသည်။

     လက်​လှုပ်​ရှား တာ တအားမြန်​​နေလား။  ဖြည်းဖြည်း၊ ဖြည်းဖြည်း။

     မိမိ ကိုယ်​မိမိ သတိ​ပေးရင်​း အာရုံကို စုစည်​းသည်​။

ဖြည်းဖြည်းလုပ်။ သေသေချာချာလုပ်။ အာရုံစိုက်ထား။ သွေးတွေ၊ ဗိုင်းရတ်တွေ။ သတိထား။ အိုကေ၊ အိုကေ၊ ရတယ်။ ဟိုသွေးကြော က သွေးတွေ ထွက်နေတယ်။ အော် ဒါကြောင့် သွေးတွေ အိုင်နေတာကိုး။ သွေးကြော ပိတ်တဲ့ hemostat နဲ့ ညှပ်။ ရပြီ။ ခနရပ်။ ရေဆေးလိုက်ဦး။

     နန်စီ သည် သူ၏လက်အိတ်ဝတ်ထားသော လက်အစုံကို ရေဆေး ရန် စဉ်းစား သည်။ အီဘိုလာ ဗိုင်း ရတ်ပိုးများ ပါသည့် မျောက်၏ သွေးများ သူ့ လက်အိတ် ထဲရောက်နေသလို ခံစားနေရသည်။ ပေါင်ဒါ ဖြူးထား သော လက်မှာခြောက်သွေ့နေသော်လည်း စိုစိစိ၊ ချွဲကျိကျိ အတွေ့ကို ခံစားရသည်။ နန်စီသည် မျောက်အသေကောင်၏ ဝမ်းဗိုက်တွင်းမှ သူ့လက်ကို ချက်ချင်း ထုတ်လိုက်သည်။ လက်ဆေးကန်ထဲ မှ ပိုးသတ်ဆေးရည် ထည့်ထားသည့် ခွက်တွင် ဆေးသည်။ ထို ပိုးသတ်ဆေးရည်မှာ စိမ်းဖျော့ဖျော့ အရောင်ရှိပြီး EnviroChem ဟုခေါ်သည်။ သူ၏လက်​အိတ်ကို​ဆေးရည်​တွင်​​ဆေးလိုက်​သည်​့အခါ အစိမ်​း​ရောင်​​ ဆေးရည်​သည်​​သွေးများ​ကြောင်​့ အညိဳ​ရောင်​​ ပြောင်​းသွားသည်​။ သူ၏နားထဲတွင်​ ဝတ်​စုံတွင်​းသို့​လေတိုးသံများ ဖြင်​႔ ဆူညံ​နေသည်​။ ဥမင်​ထဲတွင်​ခုတ်​​မောင်​း​နေသည်​့ ရထားတစ်​စီး ဝတ်​စံုထဲ​ရောက်​​နေသလို ခံစားရသည်​။​

     ဗိုင်းရတ် ဆိုသည်မှာ အမြှေး (membranes)၊ ပရိုတိန်း (proteins) တို့ ဖြင့် ဖွဲ့စည်းထားသည့် အလွန်သေး
ငယ်ပြီး သာမန်မျက်စေ့ဖြင့် မမြင်နိုင်သော၊ ကူးစက်ရောဂါဖြစ်စေသော ပိုးမွှား တစ်မျိုးဖြစ်သည်။ ယင်းတွင် ကြိုး အမျှင် တစ်ခု ( သို့မဟုတ် ) တစ်ခုထက်ပိုသော DNA (  သို့မဟုတ် ) RNA ပါရှိသည်။ အဆိုပါ DNA RNA မော်လီကျူးများ တွင် ဗိုင်းရတ်များ ပုံတူပွားနိုင်သည့် ပရိုဂရမ် ပါရှိသည်။ ဗိုင်းရတ် ကို သက်ရှိ ဟုလည်း မဆို နိုင်၊ သက်မဲ့ ဟုလည်း မဆို နိုင်။ အသက်ရှိ၊မရှိ တိတိပပ ပြောရန် ခက်သည်။ မည်သို့ပင် ဖြစ်စေ ဤ သက်ရှိ ခြင်း သက်မဲ့ခြင်း ၏ ကြားတွင် ဗိုင်းရတ် တို့ က တည်ရှိ နေပါသည်။ ဆဲလ် ၏ အပြင်ဘက်တွင် ဗိုင်းရတ် သည် မည်သည့် လှုပ်ရှားမှု၊ လုပ်ဆောင်မှု မျှ မရှိပါ။ ချွဲ သလိပ် နှပ် ကဲ့သို့သော အကျိအချွဲ အစေးရည် များ နှင့် သွေး  ထဲသို့ ရောက်နေသော ဗိုင်းရတ် အမှုန် များသည် မည်သည့် လုပ်ဆောင်မှု မျှမရှိ၍ သေ နေ သည်ဟု ထင်ရသည်။ တကယ်တော့ ဗိုင်းရတ် အမှုန် များ က တစ်စုံတစ်ခုကို ငြိမ်သက်စွာ စောင့်နေကြခြင်း ဖြစ်သည်။ ဗိုင်းရတ်တွင် စေးကပ်သော အပြင်လွှာ ရှိသည်။ ဆဲလ်တစ်ခု က ဗိုင်းရတ်ကို လာထိသည်နှင့် ဆဲလ်၏ အစေးနှင့် ဗိုင်းရတ်၏ အစေး တို့ထိ ကာ  ဗိုင်းရတ်က ဆဲလ်ကို တွယ်ကပ်ထားလိုက်သည်။  ထိုအခါ ဆဲလ် က သူ့တွင် တွယ်ကပ်နေသော ဗိုင်းရတ် ကို ငုံယူကာ အတွင်းသို့ ဆွဲသွင်းသည်။ ဗိုင်းရတ်သည် ဆဲလ် အတွင်းသို့ ရောက်သွားသည်နှင့် စတင် အသက်ဝင် လာသည်။ အဖျက်လုပ်ငန်းများလုပ်ဆောင်ရန် ဝင်လာသည့် သူလျှိုဖြစ်လာသည်။ သူ၏ ပိတ်ထားသော ပရိုဂရမ်များကို ဖွင့်ပြီး ပုံတူ ဗိုင်းရတ်များ ပွားထုတ်တော့သည်။

     ဗိုင်းရတ်သည် ကပ်ပါးကောင်ဖြစ်သည်။ သူ့ဖာသာ သူ မရပ်တည်နိုင်။ ဘာမျှ မလုပ်နိုင်။ ဆဲလ်တစ်ခု အတွင်း ရောက်သွားပြီးမှ ထိုဆဲလ်၏ ပစ္စည်းကိရိယာ နှင့် ယန္တရား တို့ကို အသုံးပြုပြီး သူ့အလုပ်ကို လုပ်ကိုင် သည်။ သက်ရှိအားလုံး၏ ဆဲလ်များထဲတွင် ဗိုင်းရတ်ရှိနိုင်သည်။ မှို နှင့် ဗက်တီးရီးယား တို့ကိုပင် ဗိုင်းရတ် ဝင်ရောက်ကာ တခါတရံ ဖျက်စီးခံကြရသည်။ ရောဂါ ဖြစ်စေသည့် ပိုးများ ကိုယ်တိုင် ရောဂါ ရရှိခြင်း ဖြစ်သည်။ ဗိုင်းရတ်သည် ဆဲလ်အတွင်း၌ ပုံတူများပွားနေကာ နောက်ဆုံးတွင် ဆဲလ် ပေါက်ထွက်ပြီး ဗိုင်းရတ်များ အပြင် ပြန့်ကုန်သည်။ ဗိုင်းရတ်ကိုယ်တိုင်ကလည်း ဆဲလ်နံရံ ကို တိုးကာ စိမ့်ထွက်သည်။ အပြင်ရောက်သွား သမျှ ကို အတွင်းတွင် ပုံတူများထပ်ပွားကာ ဖြည့်ပေးသည်။ ပုံတူပွားလိုက်၊ စိမ့်ထွက်လိုက် နှင့် ဆဲလ် သည် နောက်ဆုံး အားကုန်ကာ သေဆုံးသွားတော့သည်။ ဤသို့ဖြင့် ဆဲလ်များ ပျက်စီးကုန်သည်။ လုံလောက်သည့် အရေအတွက် ရှိသော ဆဲလ်များ ပျက်စီးသွားပါက ဗိုင်းရတ် ဝင်ရောက် နေသော လက်ခံကောင် လည်း သေဆုံးသွားတော့သည်။ တကယ်တော့လည်း ဗိုင်းရတ် က သူနားခိုရာ လက်ခံကောင်ကို မသေစေချင်ပါ။ သေခါနီးဆဲဆဲ လက်ခံကောင် မှ နောက်ထပ် လက်ခံကောင် အသစ်ဆီသို့ ခုန်ကူး သွားနိုင်လျှင် ဗိုင်းရတ်သည် ဆက်လက်ရှင်သန်နိုင်သည်။ သို့မဟုတ် ပါက လက်ခံကောင် နှင့် အတူ ဗိုင်းရတ်သည်လည်း သေဆုံးသွားမည် ဖြစ်သည်။

     အီဘိုလာ၏ မျိုးဗီဇ အမှတ်အသားမှာ ကြိုးအမျှင် တစ်ချောင်း ရှိသည့် ရိုင်ဗိုနျူကလီးယစ် အက်ဆစ် (RNA) ဖြစ်သည်။ ဤသို့သော RNA မော်လီကျူး ပုံစံမှာ သက်ရှိများ၏ ရှေးအကျ ဆုံးသော မျိုးဗီဇ အမှတ်အသားမျိုး ဟု ယူဆကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄ သန်းခွဲ ခန့် ကမ္ဘာဦး တွင် ရှိခဲ့သည့် အဏုဇီဝရုပ် များတွင် ဤသို့သော RNA မော်လီကျူးကို အခြေခံခဲ့သည်ဟု ယူဆသည်။ ထို့ကြောင့် အီဘိုလာသည် အလွန် ရှေးကျသော ဇီဝ သက်ရှိ မျိုးဖြစ်ပြီး ကမ္ဘာ၏ သက်တမ်းနီးပါး ရှိပြီဟု ဆိုနိုင်သည်။

     ဗိုင်းရတ် များသည် အလွန်သေးငယ်ပြီး သာမန် မျက်စေ့ဖြင့် မမြင်နိုင်ပါ။ ပုံတူပွားသည့် အချိန်တွင်သာ သက်ဝင်လှုပ်ရှား ပြီး ကျန်အချိန် များတွင် လှုပ်ရှားမှု မရှိသော ဗိုင်းရတ်တို့သည် အလွန်သိမ်မွေ့သော စက်ကရိယာ သဖွယ် ဖြစ်သည်။ စက် ကဲ့သို့ အသိစိတ် ကင်းမဲ့စွာ လှုပ်ရှားသည်။ သိပ်သည်း သည်။ ကျစ်လစ်သည်။ စံနစ်ကျသည်။ အလွန် တစ်ကိုယ်ကောင်း ဆန်သည်။  လျှင်မြန်သော အရှိန် အဟုန်ဖြင့် ပုံတူပွား နိုင်သည်။ ဗိုင်းရတ် များ အတွက် အခြေခံ ညွှန်ကြား ချက်မှာ ပုံတူပွား ရန်သာဖြစ်သည်။

     သွေးတွေ မပေစေနဲ့၊ မပေစေနဲ့၊ သွေးတွေ ကို မုန်းတယ်။ မုန်းတယ်။ နန်စီ သည် တစ်ကိုယ်တည်း ရေရွတ် နေမိသည်။ သွေး စက် တစ်စက် ကို တွေ့တိုင်း နန်စီ၏ မျက်လုံးထဲတွင် ဘီလျံ နှင့်ချီသော ဗိုင်းရတ် များကိုသာ မြင်နေမိသည်။ နန်စီ သည် စိတ်ကို တည်ငြိမ်အောင် ထိန်းသည်။ ဂျွန်ဆင်၏ ဝတ်စုံကို လည်း ကြည့်ရှု စစ်ဆေး သည်။ လုပ်ငန်းခွင်တွင် တစ်ဦး၏ ဝတ်စုံ ကို တစ်ဦး က အပေါက်အပြဲ ရှိမရှိ စစ်ဆေး ပေးရသည်။ မိခင် က သား သမီး ကို အန္တရာယ် ကင်းအောင် စေ့စေ့စပ်စပ် စစ်ဆေး သလို စစ်ဆေး ကြရသည်။

      ဂျွန်ဆင်သည် နန်စီ ကို ဘာ အမှား အယွင်း များ လုပ် မလဲဟု တစ်ချိန်လုံး အကဲခတ်နေသည်။ ဘာမှ မှားပါ။ ခွဲစိတ် ကိရိယာများ ကိုင်တွယ်ရာ တွင်လည်း မှားယွင်းမှု မရှိပါ။

     “Ronguer” ဂျွန်ဆင် က ပြောသည်။

     “ဘာလဲ” နန်စီ က မသဲကွဲ ၍ ပြန်မေးသည်။

     ဂျွန်ဆင် က နန်စီ ၏ ဝတ်စုံမှ လေပိုက် ကို ညွှန်ပြ သည်။ နန်စီ သည် လေပိုက်ကို ဖိကာ ခေါက်ထား လိုက်သည်။ ဝတ်စုံထဲ ဝင်နေသည့် လေများ ရပ်သွားသည်။ ဝတ်စုံ လည်း လေလျော့ ကာ ချပ်သွား သည်။ ဆူညံသံ များမရှိတော့။ ဂျွန်ဆင်က နန်စီ၏ ခေါင်းစွပ် နားကပ်ကာ ထပ်ပြောသည်။ 

     “Ronguer”

နန်စီ သည် ခေါက်ထားသည့် လေပိုက်ကို လွှတ် လိုက် ပြီး ဂျွန်ဆင် တောင်းသည့် ဦးခေါင်းခွံဖွင့် သည့် ခွဲစိတ် ကိရိယာ ကို လှမ်းပေးလိုက်သည်။

      အဆင့် ၄ ဇုံ ခွဲစိတ်ခန်းတွင် ခေါင်းခွံဖွင့် သည့် အလုပ်မှာ အလွန် ခက်ခဲသည်။ မျောက် တို့၏ ခေါင်းခွံမှာ မာကျောလှသည်။ ပုံမှန် အတိုင်းဆိုလျှင် လျှပ်စစ်လွှ ဖြင့် လွယ်ကူစွာ ဖြတ်တောက်နိုင်သော် လည်း အဆင့် ၄ ကူးစက်ဇုံတွင် လျှပ်စစ်လွှ ကို မသုံးရပါ။ လျှပ်စစ်လွှ ကိုသုံးလျှင် အရိုးမှုန်များ၊ သွေးစက်များ လွင့်စဉ် ထွက်ခြင်း ကြောင့် အန္တရာယ်များ ပါသည်။ ထို့ကြောင့် အသွားထက် သည့် ပလာယာ ကဲ့သို့သော ကိရိယာ ကိုသုံးကာ ဖွင့်ရသည်။ အရိုးကွဲ အက်သံ ဆူဆူညံညံ ထွက်ပြီး ဦးခေါင်းခွံ ပွင့်သွားသည်။ ဦးနှောက်၊ မျက်လုံး နှင့် ကျောရိုး နဗ်ကြော တို့ကို ထုတ်ယူပြီး ဆေးရည်ထည့်ထား သည့် ခွက်ထဲ ထည့်လိုက်သည်။

     ဂျွန်ဆင် သည် အသားစ နမူနာ များပါသော ဖန်ပြွန်ကို လှမ်းပေးရင်း နန်စီ၏ လက်အိတ် ဝတ်ထား သော လက်ကို ကြည့်လိုက်သည်။ ဖန်ပြွန်ကို ကမ်းပေး နေသော ဂျွန်ဆင် ၏ လက် သည် တုံ့ကနဲ ရပ်သွားသည်။ သူသည် နန်စီ၏ ညာဘက် လက်ကို ညွှန်ပြလိုက်သည်။ နန်စီ လည်း သူ၏ ညာလက်ကို ကြည့်လိုက်သည်။ မျောက်၏ သွေးများ ပေကျံနေသော ညာဘက် ရာဘာ လက်အိပ် လက်ဖဝါး တွင် ပြဲနေသည် ကို တွေ့လိုက် ရသည်။


     နန်စီသည် ပြဲနေသည့် ရာဘာ လက်အိတ်ကို ချွတ်လိုက်သည်။ အတွင်းမှ ဇီဝ ကာကွယ်ရေး ဝတ်စုံ လက်အိတ် တွင် သွေးများ ပေနေသည်။ သွေးများသည် လက်အိတ် မှ သည် လက်ကောက်ဝတ် အထိ စီးကျ နေသည်။ ဘုရား ဘုရား အီဘိုလာ ဗိုင်းရတ် ပါသည့် သွေးတွေ ဝတ်စုံ မှာ ပေနေပြီ။

[ရဲညွန့်ဇော်]

No comments:

Post a Comment