Thursday 14 November 2013

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၂)




    

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၂)

(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)


  နှစ်သစ် နံနက်ခင်း၊ မနက်စာ စားပြီးချိန်။

လေထုအပူချိန်မှာ ၄၀ ဒီဂရီခန့် ရှိသည်။ မြက်ခင်းမှာ စိုစွတ် နေသည်။ သူတို့သည် ဗွက်ပေါက် နေ သည့် လမ်းကြောင်း အတိုင်း တောင်ပေါ်သို့ တက် ခဲ့ သည်။ လျှို တစ်ခု တွင် ရပ် လိုက် သည်။ ထိုလျှို ၏ အပေါ်တွင် ကီတွန် ဂူကြီး ရှိသည်။ ခြုံပုတ် များ ကို တိုးဝှေ့ ကာ လျှိုပေါ် တက် ခဲ့ သည်။ မြက်ခင်းထူထူ နှင့် သံလွင်ပင် များ ကို ဖြတ်ပြီး စမ်းချောင်းငယ် တစ်ခု ကွေ့ကောက် စီးဆင်း နေ သည်။ ထို စမ်းချောင်းဘေး မှ ဆင် သွား လမ်း အတိုင်း လျောက်ခဲ့ ကြသည်။

ကျွဲရိုင်း များ ကို လည်း သတိထား ရ သည်။ တောထဲတွင် အလွန် အန္တရာယ် ပေး နိုင် သည့် သတ္တဝါများ ဖြစ်သည်။ လျှို အထက်တွင် ဂူ အဝ ရှိ ပြီး စမ်ချောင်းငယ် မှာ ရေတံခွန် သဖွယ် ကျဆင်းနေသည်။ ဆင် သွား လမ်း များ မှာ ဂူ အဝတွင် စုဆုံ ပြီး ဂူ အတွင်း ဝင် သွား သည်။

နှစ်ဆန်း ၁ ရက်နေ့ တစ်နေ့လုံး ဂူအဝနားတွင် သူတို့ အချိန်ဖြုန်း ခဲ့ကြ သည်။

မိုးရွာ၍ စမ်းချောင်းငယ်မှ ရေများ တရဟော ကျ လာ လျှင် ဂူအထဲ ခန ဝင်ခို ကြသည်။ ဆင်အုပ်များ ကို လျှို တစ်လျှောက် စောင့်ကြည့် ကြသည်။

ဂူအနီး တွင် ရေ တိုက်စား ထားသည့် ကျောက်တုံးကြီး များရှိသည်။ အမွေး ဖွားဖွား နှင့် ကျောက်ကြွက်ငယ် (RockHyrax _ ၃၀ မှ ၇၀ စင်တီခန့် ရှည်ပြီး ၂ကီလို မှ ၅ကီလိုခန့် ရှိသည့် ကြွက်နှင့် တူသော အမွေးပွ နို့တိုက် သတ္တဝါငယ်၊ ဆင်နှင့်မျိုးရိုးဆက်နွယ် မှု ရှိသည်ဟုယူဆခဲ့ကြသည်။) များ က ထို ကျောက်တုံးကြီး များပေါ် တက်လိုက် ဆင်းလိုက် လုပ် နေ သည်။

ဆင်များ က ညဘက် တွင် ကီတွန်ဂူ အတွင်းသို့ ဝင်ရောက် ပြီး ဆားဓါတ် ပါသည့် မြေ ကို စားလေ့ ရှိသည်။ မြေပြန့် လွင်ပြင် များတွင် ကျတ်တီးမြေ နှင့် ဆားကျင်း များ အလွယ် တကူ တွေ့ နိုင် သော် လည်း မိုးသစ်တော တွင် မူ ဆားမြေ မှာ ရှားပါး လှ သည်။

ဂူကြီးမှာ တစ်ကြိမ်လျင် ဆင် အကောင် ၇၀ ခန့် ဝင်နိုင်အောင် ပင် ကြီးလှ သည်။ ဆင်များ သည် တစ်ညလုံး ဂူထဲ၌ နေကြ၏။ ရပ်လျက် ငိုက်မျဉ်း ကြ၏။ ဂူနံရံမှ ကျောက်တုံး များကို နှာမောင်းဖြင့် စမ်း၍ ကော်ထုတ် ပြီး ပါးစပ် ထဲ ထည့်ဝါး ကာ မျိုချ ကြ သည်။ ဂူ အနီး ဝန်းကျင်ရှိ ဆင်ချေးတုံး များတွင် ကျောက်ခဲ များ ပါဝင် လျက် ရှိ သည်။

မိုနက် တို့သည် လက်နှိပ် ဓါတ်မီး ထိုးကာ ဂူထဲ သို့ ဝင် ကြသည်။

ဂူ အဝမှာ ကျယ်ဝန်း လှ သည်။ ၅၅ ကိုက် ခန့် ရှိသည်။ ဂူ အတွင်း ပိုင်းမှာ ပို၍ ပင် ကျယ်ဝန်း သည်။ သူတို့သည် ဆင်ချေးခြောက်များ ဖုံးနေသည့် လမ်း ကို ဖြတ် လာ ခဲ့သည်။ ရှေ့သို့ တစ်လှမ်း လှမ်း တိုင်း ဖုန်လုံး များ ထ လာ သည်။ အလင်းရောင် မှာ တဖြည်းဖြည်း မှိန် သွား သည်။ အစိမ်းရောင် အကျိအချွဲများ ဖုံးနေသည့် အဆင့်များ အတိုင်း ဂူကြမ်းပြင် မှာ မြင့်တက် သွား သည်။ ထို အကျိအချွဲ များ မှာ လင်းနို့ ချေးများ ဖြစ်သည်။ သစ်သီးစား လင်းနို့ များက ဂူ အမိုးတွင် တွယ်ကပ် နေသည်။  
Kitum Cave (Photo from http://aliceboboc.wordpress.com)

    
      ဓါတ်မီး ရောင် ကြောင့် လင်းနို့များ နိုးသွား သည်။ ဂူ မျက်နှာကြက် မှ ပတ္တမြားခဲ ကဲ့သို့ ရဲရဲနီ နေ သည့် ရာပေါင်း များစွာ သော မျက်လုံးများ က သူတို့ ကို ကြည့်နေသည်။ ဓါတ်မီးရောင် အောက်တွင် လင်းနို့ များ သည် စူးရှ ကျယ်လောင်စွာ အသံပြု ၍ အတောင် တဖျပ်ဖျပ် ခတ်ကာ သူတို့ ဦးခေါင်း အနီးမှ ဖြတ်ပြီး ဂူအပြင် သို့ ပျံထွက်သွားကြသည်။ လင်းနို့ တို့ ၏ အသံလှိုင်း များက ပဲတင်သံ အထပ်ထပ် ရိုက်ခတ် သွားသည်။ ထို့နောက် သူတို့ သည် ကီတွန်ဂူကြီး ၏ အံ့ဩဖွယ် အကောင်းဆုံး အခြင်းအရာ ကို တွေ့မြင် ကြ သည်။
ကီတွန် ဂူကြီး အတွင်း မှ ကျောက် ဖြစ်နေသည့် သစ်တောကြီးကို တွေ့ ကြ ရသည်။ သတ္တုချောင်း ကဲ့သို့ သော သစ်လုံးကြီး များသည် ဂူနံရံ နှင့် မျက်နှာကြက်မှ ဖေါက်ထွက်နေ သည်။ ၎င်းတို့မှာ ကျွန်းပင်နှင့် အခြား အမြဲစိမ်း သစ်ပင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ် သန်း ပေါင်း ၇ သန်းခန့် က အယ်ဂွန် မီးတောင်ကြီး ပေါက်ကွဲ ခဲ့ စဉ် ပတ်ဝန်းကျင် ရှိ သစ်တောများ ပျက်စီး ခဲ့ပြီး သစ်ပင်များ မှာ ကျောက်ဖြစ် ရုပ်ကြွင်းများ အဖြစ် ပြောင်းလဲ သွား ခဲ့သည်။ ကျောက် ဖြစ်နေသော သစ်ပင်များ ဝန်းကျင်တွင် သတ္တုချောင်း များ ကဲ့သို့ သလင်းကျောက် ချွန်များ ထိုးထွက် နေသည်။ ထို သလင်းကျောက် ချွန် များမှာ ဆေးထိုးအပ် ကဲ့သို့ ချွန်မြ ပြီး ဓါတ်မီးရောင် အောက်တွင် ဖိတ်ဖိတ် လက် နေသည်။
     သူတို့ သည် ဂူကြီး တစ်လျောက် တအံ့တဩ ကြည့် နေ မိ သည်။ ဓါတ်မီးရောင် က ကျောက်သစ်ပင် များ ပေါ်သို့ ကျနေ သည်။

မိုနက် သည် ကျောက်သစ်ပင် များ ကို လက်ဖြင့် ကိုင်ကြည့် သည်။ ထိုစဉ် ကျောက် ချွန် က သူ ၏ လက် ကို စူးမိ လေ သလား။

ကျောက် ဖြစ် နေသည့် သတ္တဝါတို့ ၏ အရိုးစုများ က ဂူနံရံ နှင့် မျက်နှာကြက် မှ ထိုး ထွက် နေသည်။ မိချောင်း အရိုးစု များ ရှေးခေတ် ရေမြင်း အရိုးစု များ နှင့် ရှေးဆင်ကြီး များ ၏ အရိုးစုများ ကို တွေ့ ရ သည်။ ပင့်ကူ များ က ကျောက်သစ်ပင် ကြီး များ ကြား တွင် အိမ်ဖွဲ့ ကာ ပိုးဖလံ နှင့် အင်းဆက် များကို ဖမ်း စား ကြ သည်။

သူတို့ ဆက်လျောက် ခဲ့ သည်။ ဂူ အတွင်း လမ်း မှာ ပြေပြစ် စွာ မြင့်တက် သွား ပြီး ကျယ်ဝန်း လှသော ဂူမကြီး သို့ ရောက် သွား သည်။ ဂူမကြီးမှာ နံရံ တစ်ဖက် မှ တစ်ဖက်သို့ ကိုက် ၁၀၀ ကျော်ခန့် ရှိ ပြီး ဘောလုံးကွင်း တစ်ခု ထက်ပင် ကျယ်ဝန်း သည်။ ဂူကြမ်းပြင် တွင် ပပ်ကြားအက်ကြီး တစ်ခု ရှိ သည်။ ထို အက်ကြောင်း တစ်လျှောက် အောက် သို့ ဓါတ်မီး ဖြင့် ထိုးကြည့် လိုက်ရာ ညိုပုပ်ပုပ် အရောင် အရာဝတ္ထု များ ကိုတွေ့ရ ၏။

မံမီ သဖွယ် ဖြစ် နေ သော ဆင်ပေါက်လေးများ ဖြစ် သည်။ ဆင်များ ဂူထဲ သို့ ညဘက် ဝင်လာသည့် အခါ ဂူကြမ်းပြင် ကို နှာမောင်း ဖြင့် စမ်းပြီး သတိထား ၍ လျောက် ကြ သည်။ နှာမောင်း ဖြင့် အာရုံခံကာ လမ်းရှာ ကြသည်။ တစ်ခါတစ်ရံ ဆင်ငယ်လေး များ ကြမ်းပြင် မှ ထို အက်ကြောင်း ကြီးထဲ ကျ၍ သေဆုံး ကြ ရှာသည်။

သူတို့သည် ဂူ အတွင်းပိုင်း သို့ ဆက် ဝင်လာ ခဲ့သည်။ ဂူကြမ်းပြင်မှာ အောက်သို့ နိမ့်ဆင်း သွားပြန် သည်။ ဂူအမိုး ကို ထောက် ထားသည့် ကျောက်တိုင်ကြီး အနားသို့ ရောက် လာ ခဲ့ သည်။

ကျောက်တိုင်ကြီး တွင် ဆင်စွယ်ရာ များ ပြည့်နေသည်။ ဆင်များက ကျောက်တိုင်ကြီး ၏ အခြေ ကို အစွယ် ဖြင့် ဆက် ထိုးနေခဲ့ လျင် ထို ကျောက်တိုင်ကြီး မှာ ပြိုလဲ သွား နိုင် သည်။ ကျောက်တိုင်ကြီး လဲ လျှင် ဂူအမိုး လည်း ပြိုကျ ပေ မည်။

ဂူမကြီး၏ အနောက်ဘက် တွင် လဲနေသော အခြား ကျောက်တိုင် တစ်ခု ကို လည်း တွေ့ရ သည်။ ဂူအမိုး ပေါ် တွင် ကတ္တီပါ ကော်ဇော နက် လွှမ်း ထား သကဲ့သို့ လင်းနို့အုပ် ကြီး တွဲခို နေ သည်။ ကြမ်းပြင် ရှိ ကျောက်တုံး ကျောက်ခဲ များ ပေါ်တွင် မည်းနက် နေသည့် လင်းနို့ချေး များ ဖုံးလွှမ်း နေ သည်။ ဂူအဝ တွင် တွေ့ခဲ့သော အစိမ်းရောင် ကျိချွဲချွဲ များ မှာ အသီးအရွက် စား လင်းနို့များ ၏ ချေး ဖြစ်ပြီး ယခုတွေ့ရသော အမည်းရောင် ငှက်ချေး များ မှာ အင်းဆက် ပိုးမွှား စား လင်းနို့များ ၏ ချေး ဖြစ်သည်။ ထို လင်းနို့ချေး အမည်း များမှာ အစာချေ ထား သည့် အင်းဆက် ပိုးမွှား အနှစ် များပင် ဖြစ် သည်။

မိုနက်သည် ထို ငှက်ချေး များ ကို ကိုင်မိ ခဲ့လေ သလား။

မိုနက် ၏ အဖော် အမျိုးသမီးသည် အယ်ဂွန်တောင် အပန်းဖြေ ခရီးမှ ပြန်လာပြီး နှစ် အတန် ကြာ ပျောက် နေ ခဲ့ သည်။ ထို့နောက် မွန်ဘာဆာမြို့မှ အရက်ဘား တစ်ခုတွင် ပြည့်တန်ဆာ တစ်ဦး အဖြစ် မထင်မှတ်ဘဲ ပြန် တွေ ခဲ့ သည်။

မိုနက် ၏ ကေ့စ် ကို စုံစမ်း စစ်ဆေး ရာ တွင် ပါ သည့် ကင်ညာဆရာဝန် တစ်ဦး သည် ထို အရက်ဘား တွင် ဘီယာ လာ သောက် ရင်း အမျိုးသမီး တစ်ဦး နှင့် စကား လက်ဆုံ ကျ ခဲ့ သည်။ သူ ၏ စကား တွင်  မိုနက် နာမည် ပါ သွား သည်။ ထိုအခါ အမျိုးသမီး က “သူ မိုနက်ကို သိကြောင်း၊ မိုနက် နှင့် ကီတွန်ဂူ သို့ အဖော်လိုက် သွား သည့် အမျိုးသမီး မှာ သူ ပင် ဖြစ် ကြောင်း” ပြော လိုက် ရာ ကင်ညာ ဆရာဝန် ခမျာ အလွန်အမင်း အံ့အား သင့် သွား သည်။

အစဦး တွင် မယုံ သော်လည်း အမျိုးသမီး က သူတို့ ခရီးစဉ် ကို အသေးစိတ် ပြောပြ ခဲ့ ရာ မိုနက် နှင့် လိုက် ပါ သွား သည့် အမျိုးသမီး မှာ သူပင် ဖြစ် သည် ဟု အခိုင်အမာ ယုံကြည် ရ တော့ သည်။ အရက်ဘား တွင် တွေ့ ခဲ့ ပြီး နောက် ထို အမျိုးသမီး သည် ကင်ညာနိုင်ငံ ၏ ဒုတိယ အကြီးဆုံး မွန်ဘာဆာ မြို့ ကြီး ရှိ များပြား လှ သော လူဦး ရေ ကောက်ရိုး ပုံ တွင် ကျ သော အပ် ကဲ့ သို့ ရော နှော ပျောက်ဆုံး သွား ပြန် သည်။

ယခု မူ သူသည် အေအိုင်ဒီအက် ရောဂါ ဖြင့် သေဆုံး ခဲ့ ပြီ ဟု ယူဆ ရ ပေ သည်။

ချားမိုနက် သည် ကီတွန်ဂူ မှ ပြန် လာ ပြီး သကြားစက် ရေပန့်ရုံ တွင် ပုံမှန် အတိုင်း အလုပ် ဆင်း ခဲ့ သည်။ မီးရှို့ထား သည့် စိုက်ခင်း များ ကို ဖြတ် ကာ နေ့စဉ် အလုပ် သွား တိုင်း အယ်ဂွန်တောင်ကြီး ကို လှမ်းမြင် ရ သည်။ ဤ မြင်ကွင်း ကို သူ အလွန် နှစ်သက် သည်။ မိုး အုံ့ ပြီး တိမ်တိုက် များ ဖုံးကွယ် ထား သည့် အခါ မမြင် ရ သည့် ဂြိုဟ် တစ်ခု က တောင်ကြီး ကို ဆွဲ ယူ သွား လေ သလား ထင်မိ သည်။

ထို အချိန် မှာ ပင် မိုနက် ၏ ခန္ဓာကိုယ် အတွင်း သို့ ရောဂါပိုး တစ်မျိုး ဝင် ရောက် နေ ပြီ ဖြစ် သည်။ ထို သက် ရှိ ရောဂါပိုး သည် မိုနက် ၏ ခန္ဓာကိုယ် ကို ခြေကုပ်ယူ ပြီး ထပ်တလဲလဲ ပွား လျက် ရှိ ပေ သည်။

      ကူးစက် ရောဂါပိုး တစ်ခုကူးစက် ခံရ ပြီး ၇ ရက်ခန့် အကြာ တွင် ခေါင်း စ ကိုက် တတ် သည်။ကီတွန်ဂူ သို့ သွား ခဲ့ သော နှစ်သစ်ကူး နေ့ မှ စပြီး ၇ ရက် ပြည့် သော နေ့ မှာ ၁၉၈၀ ဇန်နဝါရီ ၈ ရက် ဖြစ် သည်။

ထိုနေ့ တွင် မိုနက် ၏ မျက်လုံး အိမ် နောက် မှ တဒုတ်ဒုတ် ထိုး ကိုက် လာ သည်။ မအီမသာ ဖြစ် ပြီး အလုပ် မဆင်း တော့ ဘဲ အိပ်ရာ ထဲ လှဲ နေ ခဲ့ သည်။ ခေါင်းကိုက် ခြင်း မှာ ပို ၍ ပြင်းထန် လာ ၏။ မျက်လုံး အိမ် နှစ်ဖက် စလုံး နာ သည်။ နားထင် နှစ်ဖက် လည်း ကိုက် လာ သည်။ နာကျင် ကိုက်ခဲ မှု သည် ဦးခေါင်း အတွင်း လှည့် လည် နေ သလို ခံစား ရ သည်။ အကိုက်အခဲ ပျောက်ဆေး အက်စပရင် သောက် သည်။ မသက်သာ။ ခါးရိုး  တစ်လျှောက် က လည်း အပြင်းအထန် ထိုး ကိုက် လာ ပြန် သည်။

သူ ၏ အိမ်ဖော် ဂျင်းနီ မှာ ခရစ္စမတ် နားရက် များ မှ ပြန်မလာ သေး။ အိမ်ဖော် အသစ် တစ်ဦး ခန ငှား ထား ရ သည်။ အိမ်ဖော် အသစ် သည် ဂရုတစိုက် ရှိ သော်လည်း နေမကောင်း သည့် မိုနက် ကို မပြုစု တတ်

ခေါင်း စ ကိုက် ပြီး သုံးရက် မြောက် နေ့ တွင် အပြင်း ဖျား သည်။ ရင်ထဲ ပျို့ သည်။ အော့အန် သည်။ အကြိမ်ကြိမ် အန် သည်။ အစာအိမ် ထဲ ဗလာကျင်း သည့် တိုင် အအန် မရပ်။ ထို့နောက် ထူးထူးခြားခြား ပင် မိုနက် ငြိမ်သက် သွား ခဲ့ သည်။

သူ ၏ မျက်နှာ သည် ခံစား ချက် ကင်း သည့် မျက်နှာ သေ ဖြစ် သွား ၏။  မျက်လုံး မရွေ့ တော့၊ တစ်နေရာ တည်း သို့ ငေးစိုက် လျက် ရှိ ၏။ မျက်ခွံ မှာ အိတွဲ ကျ နေ ၏။ မျက်လုံး မှာ မျက်လုံး အိမ် အတွင်း မှ ပြူး ထွက် နေ သော်လည်း အိကျ နေ သည့် မျက်ခွံ ကြောင့် ပိတ် တစ်ဝက် ပွင့် တစ်ဝက် ဖြစ် နေ ၏။ မျက်လုံး အစုံ မှာ ရဲရဲနီ နေ ၏။ မျက်နှာ တစ်ပြင် လုံး ဝါ လာ သည်။ အဝါရောင် သန်း နေ သည့် မျက်နှာ တွင်  အနီ စက် များ ထွက် လာ သည်။ အိမ်ဖော် အသစ် မှာ ဖုတ်ကောင် တစ်ကောင် ကဲ့သို့ ဖြစ် နေသော မိုနက် ကို ကြည့် ရင်း ကြောက် လာ သည်။ သူ သည် မိုနက် ၏ ခန္ဓာကိုယ် ဤသို့ ဖောက် ပြန် လာ ခြင်း ကို နား မ လည် နိုင် ပေ။

မိုနက် ၏ အမူအကျင့် တို့ သည် လည်း အရင် လို မဟုတ် တော့။ စိတ် တို လာ သည်။ ထုံ ထိုင်း သုန်မှုန် လာ သည်။ မှတ်ဉာဏ် လွင့်ပါး သွား ပြီ ထင် ရ ၏။ သွေးရူး သွေးတန်း ကယောင် ချောက်ချား ဖြစ် နေ သည် တော့ မဟုတ်။ ခေါ် လျှင် ထူး သည်။ သူ ဘာဖြစ် နေ သည် ကို တော့ သိဟန် မတူ ပေ။

မိုနက် ရက် အတန်ကြာ အလုပ် မဆင်း သည့် အခါ လုပ်ဖော်ကိုင်ဖက် များ က စိုးရိမ် လာ ကြ သည်။ အိမ် သို့ သတင်း မေး ရောက် လာ ကြ သည်။ မိုနက် မွေး ထား သော ကျီးကန်း စာဥ က အမိုးပေါ် မှ နေ၍ သူတို့ အိမ် ထဲ ဝင်သွား သည် ကို ကြည့် နေ သည်။  မိုနက် ကို မြင်သည် နှင့် ဆေးရုံ ပို့ ရန် ဆုံးဖြတ် ကြ သည်။ မိုနက် မှာ ကား မမောင်း နိုင် တော့ သဖြင့် လုပ်ဖော်ကိုင်ဖက် တစ်ဦး က မောင်း သည်။ ဝိတိုရိယ ကန်ကြီး အနီး  ကီစူမူ မြို့ မှ ပုဂ္ဂလိက ဆေးရုံ သို့ ခေါ် သွား သည်။

ဆေးရုံ မှ ဆရာဝန် များ က မိုနက် ကို စစ်ဆေး ကြ သည်။ သူ ၏ မျက်လုံး မျက်နှာ နှင့် စိတ် အခြေ အနေ တွင် ဖြစ် နေ သည် များ ကို အဖြေ မရှာ နိုင်။ ရောဂါ နာ မည် မ တပ် နိုင်။ ဗက်တီးရီးယား တစ်မျိုး ကူးစက် ခြင်း ကြောင့် ဖြစ် မည် ဟု ယူဆ ပြီး ပဋိဇီဝဆေး များ ထိုး ပေး သည်။ ထို ပဋိဇီဝဆေး များ သည် လည်း ထိရောက် မှု မရှိ ပေ။ အရှေ့အာဖရိက တွင် အကောင်း ဆုံး ပရိုက်ဗိတ် ဆေးရုံ ဖြစ်သော နိုင်ရိုဘီ ဆေးရုံ သို့ ပို့ ရန် ဆရာဝန် များ ဆုံးဖြတ် ကြ သည်။

ဖုန်း လိုင်း များ မကြာခန ပျက် နေ တတ် ၍ မိုနက်အား လွှဲပေး မည်ကို နိုင်ရိုဘီ ဆေးရုံသို့ ကြိုတင် အကြောင်း မကြား နိုင် တော့။

သူ့ မှာ ပိုက်ဆံ ရှိ သည်။ လမ်း လျှောက် နိုင် သေး သည်။ နိုင်ရိုဘီ သို့ သွား တတ် သည်။ ထို့ကြောင့် သူ့ဘာသာ သွား ပေ တော့။ တက္ကစီ ဖြင့် လေဆိပ် သို့ ပို့ ပေး ပြီး နိုင်ရိုဘီ သွား မည့် ကင်ညာ လေကြောင်း လိုင်း မှ လေယာဉ် တစ်စီး ပေါ် တင်ပေး လိုက် ကြ သည်။
     ကမ္ဘာပေါ် မှ မြို့ကြီးများ ကို လေကြောင်းလိုင်း များ က ကွန်ရက် သဖွယ် ဆက်သွယ် ထား သည်။ ထို ကွန်ရက် ပေါ် သို့ ကပ်ရောဂါ ဖြစ် စေနိုင် သော ဗိုင်းရတ် တစ်မျိုး ရောက် သွား သည် နှင့် လေယာဉ် ဆိုက် ရာ မြို့ကြီး တိုင်း သို့ ၂၄ နာရီ အတွင်း ပျံ့နှံ့ သွား နိုင် သည်။ ပဲရစ် တိုကျို နယူးယော့ လော့စ်အိန်ဂျယ်လ် စသည် ဖြင့် ကမ္ဘာအနှံ့ ခရီး ဆန့် သွား နိုင် သည်။

အာဖရိက မိုးသစ်တော မှ အလွန်ကြောက်မက် ဖွယ် ကပ်ရောဂါ ဖြစ် စေနိုင် သော ဗိုင်းရတ် တစ်မျိုး သည် ကမ္ဘာမြေ ပေါ် ရှိ မြို့ကြီး တိုင်းသို့ ၂၄ နာရီ အတွင်း ရောက် ရှိ နိုင် သည့် ကွန်ရက် ပေါ် ရှိ လေယာဉ် ခရီး တစ်ခု တွင် ရှင်သန် ပေါက်ပွား လျက် ရှိ သည်။

ချားမိုနက် နှင့် သူ့ ကိုယ် တွင်း မှ ဗိုင်းရတ် က ဝေဟင် ခရီး လေယာဥ် စီး ကာ လာ ချေပြီ။

ခရီးသည် ၃၅ ဦးဆန့် ဖော်ကာ လေယာဉ်လေး သည် အင်ဂျင်စက် များ လည်ပတ် ကာ ပျံတက် လာ ခဲ့ သည်။ အပြာရောင် ဝိတိုရိယရေကန်ကြီး ထဲ မှ လုံးထွင်း တံငါလှေ များ ကို အစက်အပြောက် များ အဖြစ် တွေ့ရ သည်။ လေယာဉ် သည် လက်ဖက်ခင်း များ တောင်ယာ စိုက်ခင်း များ လွှမ်းခြုံ ထားသည့် အစိမ်းရောင် တောင်တန်း ပေါ် မှ ဖြတ်ကျော် ပျံသန်း ခဲ့ သည်။

အာဖရိက ပြည်တွင်း လေကြောင်း ခရီး မှာ ခရီးသွား များ အမြဲ ပြည့်နေ တတ် သည်။ မိုနက် လိုက်ပါလာသည့် ဤ လေယာဉ် မှာ လည်း ခရီးသည် အပြည့် ဖြစ်သည်။ လေယာဉ် သည် သစ်တောအုပ်များ တဲစုများ ကျေးရွာများ ကို ဖြတ်ပျံ လာ သည်။ ထို့နောက် လျှိုမြောင် များ ပေါ် ရောက် လာ သည်။ မြေပြင်သည် အစိမ်းရောင်မှ အညိုရောင် သို့ ပြောင်း သွား သည်။ လေယာဉ်သည် အရှေ့ရပ်ဖ် တောင်ကြား ကို ဖြတ်ကျော် နေ သည်။ လူသား မျိုးနွယ် ဆင့်ကဲ ဖြစ်စဥ် တွင် ပါ ဝင် သည့် ပရိုင်းမိတ် များ တွေ့ ရာ ရပ်ဖ် တောင်ကြား ကို ခရီးသည် တို့ က လေယာဉ်ပြူတင်း မှ ငုံ့ ကြည့် နေ ကြ သည်။  ဆူးခြုံများ ဝိုင်းကာ ထား သည့် စည်းရိုး အတွင်းမှ တဲငယ်များ ကို အစက်ပြောက် များ သဖွယ် တွေ့ရ သည်။ ထို တဲစု များ မှ လမ်းကြောင်းလေး များ ဖြာ ထွက် နေသည်။ လေယာဉ် တိမ်ထုထဲ ဖြတ်သန်းရာ ပန်ကာ မြည်သံ ပို ဆူညံ လာ သည်။ ယိမ်းထိုး နေ သည်။

လေယာဉ် မှာ သေးငယ် ပြီး ထိုင်ခုံများ ကျပ်ညပ် နေသည်။ လေယာဉ် အတွင်း ဖြစ်ပျက် သမျှ ကို လူတိုင်း မကြည့်ချင် မြင်ရက်သား တွေ့ ရ သည်။ လေယာဉ် ကိုယ်ထည် မှာ လေလုံခန်း ဖြစ်သည်။ အတွင်း ရှိ လေ မှာ လေယာဉ် ထဲ မှာ ပင် လှည့်လည် နေ သည်။ အနံ့အသက် တစ်ခု ရှိ ပါ က ခရီးသည် အားလုံး ရှုရှိုက် မိ ကြ သည်။ ခရီးသည် တစ်ဦး အော့အန် လျှင် အခြား ခရီးသည် များ အားလုံး မုချ သိ ပေ သည်။

မိုနက် သည် လေယာဉ်တောက် ပြီး မူးနောက် လာ သည်။ သူ ၏ ခန္ဓာကိုယ် မှာ ရှေ့သို့ ငိုက်ကျ သွားသည်။ ခရီးသည် များ က သူ တစ်ခုခု ဖြစ်နေ သည် ကို သတိထား မိ သည်။ သို့သော် ဘာဖြစ် မှန်း တိတိကျကျ တော့ မသိ ကြပေ။

သူသည် အိတ် တစ်လုံး ကို ယူပြီး ပါးစပ် တွင် တေ့ ထား သည်။ အသက် တစ်ချက် ရှိုက် ပြီး ချောင်းဟက် ကာ အိတ်ထဲ သို့ အန်ချ လိုက် သည်။ အိတ်မှာ ပြည့်ဖောင်း သွား သည်။ ပတ်ဝန်းကျင် ကို တစ်ချက် ငဲ့ ကြည့် လိုက် သည်။ သူ၏ နှုတ်ခမ်း တွင် အနီရောင် ချွဲပျစ်ပျစ် အရည်များ ပေကျံ နေသည်။ ကော်ဖီစေ့များ ဝါး ထား သကဲ့သို့ အမည်းစက် များ လည်း တွေ့ ရ သည်။ မျက်လုံး မှာ ရဲရဲနီ နေသည်။ မျက်နှာ မှာ ခံစားချက် မဲ့ နေပြီး အညိုအမည်း များ ပေါ်နေ သည်။ လွန်ခဲ့သော ရက် က မျက်နှာပေါ် တွေ့ရသည့် အနီစက် များ မှာ ပြန့်ကား ပေါင်းစပ် ပြီး ခရမ်းရင့် ရောင် သို့ ပြောင်း လာ သည်။ ခေါင်း တစ်ခုလုံး ညိုမည်း နေ သည်။ မျက်နှာ  ကြွက်သား များ တွဲကျ နေ သည်။ မျက်နှာပြင် သည် ခေါင်းခွံ မှ ကွာ ထွက် လာ သကဲ့သို့ အိတွဲ နေ သည်။ မျက်နှာ ကို ထိန်းထား သည့် တစ်ရှုးများ ပျော့တွဲ လာ သည်။ သူသည် ပါးစပ်ဟ ၍  ရှိုက် ကာ အိတ် ထဲ သို့ အရည်များ ဆက်၍ ဆက်၍ အန်ချ နေ သည်။

အတန်ကြာ သော အခါ သူ့ အစာအိမ် အတွင်း ဘာမျှ မကျန် တော့ပေ။ အိတ်ထဲ တွင် မူ အန်ဖတ်ရည် များ ပြည့်ဖောင်း နေသည်။ ဤ အန်ဖတ်ရည် များ မှာ အမည်းရောင် ချည်း သက်သက် မဟုတ်။ အနက်နှင့် အနီရောင် အရည် နှစ်မျိုး ရောနေ သည်။ သွေးလွှတ်ကြော များ မှ လတ်ဆတ် သည့် သွေး များ တွင် အမည်းရောင် အဖတ် လေး များ ပါ နေ သည်။ ခန္ဓာ ကိုယ်တွင်း သွေးယို ခြင်း ကြောင့် ဖြစ် သည်။ ညှီစို့စို့ အနံ့ နံ သည့် ထို အန်ဖတ် များ တွင် ဗိုင်းရတ်ပိုး များ ပြည့် နေ သည်။ ကပ်ရောဂါ ဖြစ် စေ နိုင် သော ဗိုင်းရပ်ပိုး များ ပါ သည့် အရည်များ ဖြစ် သည်။ အလွန် အလွယ်တကူ ကူးစက်နိုင် သည်။ ကူးစက်ရောဂါ ကာကွယ်ရေး ပါရဂူ များပင် ကိုင်တွယ် ရန် ကြောက်ရွံ့ ကြ သည်။

အန်ဖတ် နံ့ သည် လေယာဉ် ဝမ်းခေါင်း ထဲ ပျံ့နေ သည်။ မိုနက်သည် အန်ဖတ်ရည် များ ဖောင်းကား နေ သည့် အိတ် ကို ပိတ်ပြီး ထိပ်မှ စု ကိုင် ထား သည်။ အိတ်တွင်းမှ အရည်များ သည် လှုပ်လီလှုပ်လဲ့ ဖြင့် ပေါက်ထွက် လာ တော့ မည် ထင်ရ သည်။  သူသည် အနား ရောက် လာ သော လေယာဉ်မယ် သို့ အန်ဖတ်အိတ် ကို လှမ်းပေး လိုက် သည်။

[ရဲညွန့်ဇော်]

No comments:

Post a Comment