Friday 15 November 2013

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၃)



အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၃)

(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)


      ပြင်းစား ဗိုင်းရတ်များ  ကူးစက် ခံရ ပြီ ဆိုပါစို့။  ထို ကူးစက် ခံရ သူ၏ ကိုယ်ခန္ဓာ ကို အသုံးချ ၍ ဗိုင်းရတ် များ အတောမသတ် အောင် မျိုးပွား တော့ သည်။ ကူးစက် ခံရ သူ မှာ ဗိုင်းရတ် လက်ခံကောင် ဖြစ် သွား ပြီး တကိုယ်လုံး နေရာ အနှံ့ ဦးနှောက် မှ စ၍ အရေပြား သို့ တိုင် ဗိုင်းရတ် ဇီဝမှုန် များ ဝင် ရောက် သွား သည်။ ဗိုင်းရတ် ပိုးမွား ပညာရှင်များ က ယင်းဖြစ်စဉ်ကို “ အလွန့်အကျွံ မျိုးပွားခြင်း” ဟု ခေါ် ကြ သည်။ ဤ ဖြစ်စဉ် သည် အအေးမိ နှာစေးခြင်း ဖြစ်စေသည့်  သာမန် ဗိုင်းရတ် ၏ တိုက်ခိုက်မှု မျိုး နှင့် မတူ ပေ။ “အလွန့်အကျွံ မျိုးပွားခြင်း”  ဖြစ်ပေါ်သည့် အမြင့်ဆုံး ကာလတွင် ကူးစက် ခံရသူ၏ သွေးစက်ငယ် တစ်စက် ၌ ဗိုင်းရတ် ဖြစ်စေ သည့် ဇီဝအမှုန်လေး များ သန်းရာပေါင်း များစွာ ပါဝင် နေပေ သည်။

ဤ မျိုးပွား နေသည့် ကာလအတွင်းတွင် လူနာ၏ ခန္ဓာကိုယ်မှာ ဗိုင်းရတ်ဇီဝအမှုန် အဖြစ် တဖြည်းဖြည်းပြောင်းလဲ နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် ဗိုင်းရတ် ဖြစ်စေသည့် ထိုဇီဝမှုန်ကကူးစက် ခံရသည့် ခန္ဓာကိုယ်အား ဗိုင်းရတ် အဖြစ် ပြောင်းလဲ ပစ်ခြင်းပင်တည်း။ ထိုသို့ ပြောင်းလဲမှုတွင် ဇီဝဗေဒဆိုင်ရာ မထင်မှတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ကာ ခန္ဓာကိုယ်မှ ကြွက်သားများ ပျော့ သွား ပြီး အရည်များ ထွက်လာ သည်။ ထို အရည် များတွင် ဗိုင်းရတ်ပိုး မြောက်များစွာ ပါဝင်နေသည်။ မိုနက်၏ခန္ဓာကိုယ်တွင်း၌   “အလွန့်အကျွံ မျိုးပွားခြင်း” ဖြစ်စဉ် ဖြစ်ပေါ်နေသည့်လက္ခဏာအဖြစ် အမည်းရောင် အရည် များ အန်ခြင်း ဖြစ်သည်။

မိုနက်သည် သူ့ကိုယ်သူ အားတင်း တောင့်ခံ ထားပုံ ရသည်။ အနည်းငယ် လှုပ်ရှား လိုက် သည် နှင့် ကိုယ်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲ သကဲ့သို့ ခံစားရသည်။ သူ၏ သွေး မှာ စတင်၍ ခဲလာသည်။ စီးဆင်းနေသည့် သွေး က သွေးခဲငယ် လေး များ ကို ခန္ဓာကိုယ် နေရာ အနှံ့ သယ်ဆောင် သွားသည်။ အသည်း ကျောက်ကပ် အဆုတ် လက် ခြေ နှင့် ဦးခေါင်းပိုင်း မှ သွေးကြော များတွင် သွေးခဲငယ် များ ဖြင့် ပိတ်ဆို့ ကုန်သည်။  သွေးခဲ ပိတ်ခြင်း ကြောင့် ကိုယ် အင်္ဂါ အချို့လေဖြတ် သွားသည်။ အူကြွက်သား များ အတွင်း သွေးခဲငယ်များ စုပုံ ပိတ်ဆို့ မှုကြောင့် အူ သို့သွေးစီးဆင်းမှု ပြတ်တောက်သွားသည်။ အူကြွက်သား အချို့ သေကုန် ပြီး အူကြွက်သား များ လှုပ်ရှား မှုနှေးကွေး သွားသည်။ ဦးနှောက် သွေးကြော အချို့တွင်လည်း သွေးခဲ များ ပိတ်ဆို့ ကာ  သွေးစီး ဆင်းမှု ရပ်သွားသည်။ ဦးနှောက် အစိတ် အပိုင်း အချို့ ပျက်စီး သွားသည်။ နာကျင်မှုကို မသိတော့။

သူ၏ ကိုယ်ရည်ကိုယ်သွေး များ ပျောက်ကွယ်သွားသည်။ သူ၏ စရိုက် အမူအကျင့် နှင့် ပင်ကို အရည်အသွေး များ ပျက်သုဉ်း သွားသည်။ စက်ရုပ်တစ်ရုပ်သဖွယ် ဖြစ်လာသည်။ ဦးနှောက်မှ သေးငယ်သော အစိတ်အပိုင်းလေးများ အရည်ပျော် နေသည်။ သိမှု ဆုံးဖြတ်မှု ပြုသည့် ဦးနှောက် ၏ အဆင့်မြင့် လုပ်ဆောင်မှု များ အားနည်းလာသည်။ ပင်မ ဦးနှောက် အတွင်း နက်ရှိုင်းသော နေရာမှ အစိတ်အပိုင်းများ သာ လုပ် လုပ်တော့သည်။

ချားမိုနက်ဟုခေါ်တွင်သည့် ဒြပ်ထု မှာ ရှင်သန်နေသော်လည်း ချားမိုနက် ဆိုသူ ပုဂ္ဂိုလ် မှာ သေဆုံး ခဲ့ပြီဖြစ်သည်။

အကြိမ်ကြိမ် အန် ခြင်း ကြောင့် နှာခေါင်း အတွင်းမှ သွေးကြော များ ပေါက် ပြီး နှာခေါင်း သွေးလျှံ လာသည်။ နီရဲ လတ်ဆတ်သော သွေးတို့သည် နှာခေါင်း ပေါက် နှစ်ပေါက် လုံး မှ ထွက် လာ ကာ ပါးစပ် နှင့် မေးစေ့ပေါ်သို့ စီးကျ နေသည်။ သွေး တိတ် စေ သည့် ဓါတ်ပစ္စည်း မရှိ တော့ ၍ သွေး မရပ် တော့။ လေယာဉ်မယ် ပေးသော စက္ကူပဝါ များ ဖြင့် နှာခေါင်း ကို ဆို့သည်။ စက္ကူပဝါမှာ သွေး ဖြင့် ရွှဲနစ် သွား သည်။

လေယာဉ် ပေါ် တွင် သင့် ထိုင်ခုံ ဘေး မှ ခရီးသည် တစ်ဦး နေမကောင်း ဖြစ်သည် ဆို ပါစို့။ သူရှက်သွား မည် စိုး စပ်စပ် စုစု မေးမြန်း မည် မဟုတ်။

ကောင်းသွားမှာပါ။ လေယာဉ် စီးနေကျ မဟုတ်ဘူး ထင်ရဲ့။ လေယာဉ် တောက် တာ နေမှာ။ လေထု ပါးပြီး ခြောက်သွေ့တော့ နှာခေါင်း သွေးလျှံ တတ် တာ ပဲ လေ ဟုသာ တွေး မိ မည်။ သနားပါတယ်။

ဘာကူညီရ မလဲ ဟု တိုးတိုး သက်သာ တော့ မေး ချင် မေး မည်။ သူ ပြန် မဖြေ နိုင်။ (သို့မဟုတ်) သူ ဗလုံးဗထွေး မပီမသ ဖြေ လိုက် သည် ကို သင် က နားမလည်။လေယာဉ်မယ် များ က တော့ အကူအညီ ပေးရန် မေးမြန်း ခဲ့ ပေ မည်။

သို့သော် မိုနက် က မတုံ့ ပြန် နိုင်တော့ ပေ။ သူ့ဘာသာသူ နေပစေတော့။ လေယာဉ်ကြီး ကခရီးဆက်လျက်။

ဤကဲ့ သို့သော ဗိုင်းရတ်မျိုး သည် ကူးစက် ခံရ သူ ၏ အမူအကျင့်ကို ပြောင်းလဲ စေ နိုင်သည်။ သည်းခံစိတ် လျော့ပါး ကာ စိတ်တို တတ် လာ သည်။ စကား များများ မပြော တော့။ မပီမသ မသဲမကွဲ ဖြစ်လာ သည်။ “အင်း” “ဟင့်အင်း” လောက်သာ ဖြေနိုင် သည်။ ဝေါဟာရ စကားလုံး များ ကိုမေ့လျော့ ကုန်သည်။ သူ့နာမည်ကို ပြောနိုင် သေး သော်လည်း နေ့ ရက် တို့ ကို မမှတ် မိ တော့။ သူဘာ ဖြစ် နေသည် ကို လည်း တိတိကျကျ ရှင်း မပြ တတ် တော့ ပေ။

လေယာဉ်သည် တိမ်စိုင် တိမ်လိပ် တို့ ကိုထွင်းဖောက် လျက် ရပ်ဖ် တောင်ကြား အတိုင်း ပျံသန်း နေ သည်။ မိုနက် သည် ထိုင်ခုံ နောက်မှီ တွင် မှီ လျက် မှိန်း နေ သည်။ ခရီး သည် အချို့က သူ သေပြီဟု ထင်မိည်။

မသေ သေး ပါ။ မိုနက် မသေသေး ပါ။ သူ၏ နီရဲနေသော မျက်လုံး အစုံ မှာ ပွင့်လျက် ဟိုဟို သည်သည် ရွေ့လျား လျက် ရှိ သည်။

ညနေစောင်း အချိန်။

ရပ်ဖ် တောင်ကြား အနောက်ဖက်ရှိ တောင်တန်းများ ထဲ ငုပ်လျှိုး နေသော နေမင်းကြီး သည် အလင်းရောင် ဓားသွား များကို လွှတ် လျက် အီကွေတာဒေသ ၏ ကောင်းကင် ကို ခွဲစိတ် နေသည်။ လေယာဉ်သည် ညင်သာ စွာ ချိုးကွေ့ လျက် ရပ်ဖ် တောင် ကြား အရှေ့ဘက် ကမ်းပါး ကို ဖြတ်ကျော် လိုက်သည်။ မြေပြင် သည် ပို ၍ မြင့် လာပြီး အညိုရောင် မှ အစိမ်းရောင် သို့ ပြောင်း လာသည်။ ငုန်းတောင်တန်း ကို ညာဘက် တောင်ပံ အောက်တွင် တွေ့ရသည်။ လေယာဉ် သည် နိမ့်ဆင်း လာ သည်။ မြင်းကျားများ သစ်ကုလားအုတ်များ ကို မြင်နေရ သည့် သဘာဝ ဥယျာဉ် တစ်ခုပေါ် ဖြတ်သန်း ကာ ဂျိုမို ကီညာတာ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက် လာသည်။

မိုနက်လည်း လေယာဉ်ပေါ်မှ ဆင်းရန်ပြင်သည်။ သူ မတ်တတ်ရပ် လိုက်သည်။ မူးဝေ နေသည်။ လမ်းတော့ လျောက်နိုင် သေး သည်။ ဒယိမ်းဒယိုင် ဖြင့် လျောက်ရင်း လေယာဉ် ပေါ်မှ ဆင်းလာသည်။ အင်္ကျီ တွင် သွေး များ ပေကျံ နေသည်။ သူ့ တွင် ခရီးဆောင် အိတ် မပါ။ သယ် စရာ ဆို ၍ သူ ၏ ခန္ဓာကိုယ် တွင်း မှ အလွန့်အကျွံ မျိုးပွားနေသော ဗိုင်းရတ် များသာ ဖြစ် သည်။ မိုနက်မှာ လူသား ဗိုင်းရတ်ဗုံး တစ်လုံး ဖြစ်နေ ပေပြီ။

သူသည် လေဆိပ် အဆောက်အဦ ကို ဖြတ်လျက် တက္ကစီများ ရပ်နားရာ လမ်းကွေ့ လေး သို့ ဖြည်းဖြည်း လျောက် လာခဲ့ သည်။ ယာဉ်မောင်း များ က သူ့ကို ဝိုင်းအုံကာ အလုအယက် ခေါ်နေကြသည်။

  “နိုင်ရိုဘီ ဆေးရုံ”

သူ က မသဲမကွဲ ရေရွတ်လိုက်သည်။ ယာဉ်မောင်း တစ်ယောက် က သူ့ကို တွဲ၍ ကားထဲ ထိုင် စေ သည်။ ယာဉ်မောင်းက ကားခ ဈေးပြောမည်။ နေမကောင်းဘူးလား စသည်ဖြင့်မေးခဲ့ပေမည်။ သူ ဘာဖြေ သည်ကို စဉ်းစားရန်ပင်မလိုပေ။ ဗိုက်ထဲမှ နာကျင်မှုမှာ အနည်းငယ်သက်သာလာသည်။ သူ၏ ဗိုက်မှာ အစာ မချိမဆန့် စားထားသကဲ့သို့ ဖောင်းကား နေသည်။

     တက္ကစီသည် အူဟူရူ အဝေးပြေး လမ်းအတိုင်းနိုင်ရိုဘီသို့ ဦးတည် မောင်းနှင်နေသည်။ ထနောင်းပင်များ မြက်ခင်း များဖြင့် အလှဆင်ထားသည့်စက်ရုံများကို ဖြတ်သန်းပြီး နိုင်ရိုဘီမြို့၏ သက်ဝင်လှုပ်ရှားနေသည့် လမ်းအတွင်း ချိုးဝင် လိုက်သည်။ လမ်းဘေးတွင် လူများမှာ ကြိတ်ကြိတ်တိုး သွားလာနေသည်။ အမျိုးသမီးများက ဖုန်တထောင်းထောင်း ထနေသောလမ်းတွင် လျောက်နေကြသည်။ ယောက်ျားများက လတ်လျားလတ်လျား လမ်းသလား နေကြသည်။ ကလေးများကစက်ဘီးစီးနေကြ သည်။ လူတစ်ယောက်က လမ်းဘေးတွင် ဖိနပ်ချုပ်နေသည်။ ထွန်စက်တစ်စီးက မီးသွေးများ အပြည့် တင်ထားသော နောက်တွဲကိုဆွဲလာသည်။ တက္ကစီသည် လက်ဝဲဘက်ချိုးကာ ငုန်းလမ်းမအတွင်းဝင် လာသည်။ မြို့တော်ပန်းခြံကိုဖြတ်ပြီး တောင်ကုန်း တစ်ခုပေါ်မောင်းတက်လိုက်သည်။ ထို့နောက် ယူကလစ်ပင်များ ရှိသည့် လမ်းကျဉ်းလေးအတိုင်းဂိတ်တစ်ခုကို ဖြတ်ပြီး နိုင်ရိုဘီ ဆေးရုံသို့ ဝင်ရောက် လာကာ ပန်းဆိုင်လေး ဘေးရှိ တက္ကစီ ရပ်နားရာနေရာတွင် ရပ် လိုက်သည်။ ဆေးရုံမှန်တံခါး တွင် “အရေးပေါ်လူနာဌာန” ဟုရေးထားသည်။မိုနက် သည် တက္ကစီဒရိုင်ဘာကို ငွေအချို့ လှမ်းပေး ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ မှန်တံခါးကိုဖွင့်ဝင်ပြီး လူနာ လက်ခံရာ ကောင်တာသို့ သွားကာ သူ အလွန် နေမကောင်း ဖြစ်နေကြောင်း ခက်ခက်ခဲခဲဖြင့် ပြောပြသည်။ သူ စကားကောင်းစွာ မပြောနိုင်တော့ပါ။

     ဤလူနာမှာ နှာခေါင်းသွေးလျှံ နေသည်။ဆေးရုံ တင်ရမည်။ ဆရာဝန် စစ်ဆေးရန် ခနတော့ စောင့် ရ မည်။ စိုးရိမ်စရာ မရှိ။

      မိုနက် သည် အခန်းထဲ တွင် ထိုင်စောင့်နေရသည်။အခန်းမှာ ခုံတန်းများ အပြည့်စီ ထားသည့် အခန်းငယ်လေး ဖြစ်သည်။ ကြည်လင် စူးရှသော အရှေ့အာဖရိက၏နေရောင်သည် ပြူတင်းပေါက် များကို ဖြတ်လျက် မဂ္ဂဇင်းအဟောင်းများ စုပုံတင်ထားသည့် စားပွဲပေါ်ကျရောက်ပြီး ကျောက်စရစ် အညိုရောင် ခင်းထားသည့် ကြမ်းပြင်ပေါ်တွင် တြိဂံ ပုံ အရိပ် ထင်လျက်ရှိသည်။အခန်းထဲ တွင် ထင်းမီးခိုးနံ့ ချွေးနံ့ တို့ မွှန်နေသည်။ လူနာများ ပြည့်ကျပ်နေပြီး အာဖရိကန်များဥရောပတိုက်သားများမှာ တစ်ဦး နှင့် တစ်ဦး ထိကပ်လျက် ရီဝေသော မျက်လုံးများနှင့် ထိုင်နေကြသည်။ အရေးပေါ်ဌာန ဖြစ်သည်နှင့်အညီ ထိခိုက် ဒဏ်ရာရသူများ အမြဲရှိနေပြီး ဒဏ်ရာကို ချုပ်ရန် ဆေးထည့်ရန် စိတ်ရှည်လက်ရှည် စောင့်နေကြသည်။ တချို့မှာ ခေါင်းမှ ဒဏ်ရာကို အဝတ်စဖြင့်ဖိထားသည်။ တချို့မှာ ပတ်တီးစီးထားသော လက်ချောင်းလေး များကို ဖိကိုင်ထားသည်။ ထို အဝတ်စပတ်တီးစတို့တွင် သွေး များ စွန်းပေ နေသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ဤအခန်းထဲတွင်ထိုင်နေသည့် မိုနက်မှာလည်း သူ၏ နီရဲနေသည့် မျက်လုံးအစုံ ခံစားချက် ကင်းမဲ့နေသည့်မျက်နှာနှင့်မျက်နှာပြင်ပေါ်မှ အညိုအမည်းကွက်များမှ လွဲ၍ အခန်းထဲရှိ အခြားသော လူနာများနှင့် ဘာမှမထူးခြားပေ။

      အခန်းနံရံ တစ်ဖက်တွင် “ခါးပိုက်နှိုက် သတိပြု” ဟု ရေးထားသည်။ အခြားတစ်ဖက်တွင်မူ

 

“တိတ်ဆိတ်ခြင်းဖြင့်ကူညီပါ။

သတိပြုရန်

 ဤနေရာသည် အရေးပေါ်ဌာနဖြစ်သည်။ အသည်း အသန် လူနာများကို ဦးစားပေးရမည်။ သင့်အလှည့်ကို သည်းခံ စောင့်ဆိုင်းပေးပါရန် မေတ္တာ ရပ်ခံပါသည်။”

ဟု ရေးထားသည်။

     မိုနက်သည် ငြိမ်သက်စွာထိုင်ရင်းသူ့အလှည့်ကို စောင့်နေသည်။ ထိုစဉ်တွင်ပင် မိုနက်၏ ရောဂါသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့တော့သည်။ လူသား ဗိုင်းရတ်ဗုံးမှာ ပေါက်ကွဲ သွားပေပြီ။ စစ်ဘက် ဇီဝကူးစက်ရောဂါ ပိုးမွှားကာကွယ်ရေးပါရဂူ များက ဤဖြစ်စဉ်ကို " ကွဲကြေ ပွင့်ထွက်ခြင်း” ဟု ခေါ်ဝေါ် ကြသည်။ရိုးရိုးစင်းစင်း ပြောရလျင် လူနာမှာ ကျဆုံး သွားလေပြီ။

     မိုနက်သည် မူးဝေလာသည်။ အားအင် လုံးဝကုန်ခန်းသွားသည်။ ကျောရိုးမှာ ပျော့ကျသွားပြီး နာဗ်ကြောများ ရပ်ဆိုင်း ကာ ခန္ဓာကိုယ် ဟန်ချက်ကိုမထိန်းနိုင်တော့ပေ။ အခန်းတစ်ခုလုံး ချာချာလည် နေသည်။ သူ သွေးလန့်ခြင်း      ( ရှော့ ) ရသွားသည်။ဒူးခေါင်း နှစ်ဖက်ပေါ်သို့ ခေါင်းငိုက် ကျသွားကာ မချိမဆန့် ညည်းညူသံပြုပြီး ဝမ်းခေါင်း အတွင်းမှသွေးများကို ကြမ်းပြင်ပေါ်သို့ တရှိန်ထိုး အန်ချလိုက်ရင်း သူ သတိလစ်ကာ ကြမ်းပြင်ပေါ်စိုက်ကျသွားခဲ့သည်။ သတိလစ် နေလျက်နှင့် သွေးနှင့် အမည်းရောင် အဖတ် များကို အဆက်မပြတ်အန်နေပြီး  လည်ချောင်းအတွင်း အန်ဖတ်ဆို့ကာ အသက်ရှူကျပ်သည့်အသံ ထွက်ပေါ် နေသည်။ ထို့နောက် အိပ်ရာခင်းတစ်ခုကို ဆုတ်ဖြဲလိုက် သကဲ့သို့ အသံမြည်ပြီး သူ၏ ဝစ္စမဂ်မှ ဝမ်းနှင့် သွေးများ ပန်းထွက်လာသည်။ သွေးထဲတွင် အူအတွင်းသားအလွှာများလည်း ပါလာသည်။  မိုနက် သည် သူ၏ ဝမ်းတွင်းမှ အူ များကိုပြန်စွန့်ထုတ် နေသကဲ့သို့ ဖြစ်နေသည်။ အူအတွင်းသားများ ကွာထွက်ခြင်းကြောင့်  သွေးများပို၍ထွက်လာသည်။ မိုနက်၏ ခန္ဓာကိုယ် အတွင်းအင်္ဂါများ ကွဲကြေ ပြီး သွေးများမှာ တရဟော ထွက်နေတော့သည်။

      အခန်းတွင်းမှ လူနာများမှာ ကမန်းကတန်း ထပြီးမိုနက်နှင့် ဝေးရာသို့ ရွှေ့သွားကြသည်။ အချို့က ဆရာဝန် ပြေးခေါ်ကြသည်။ သူ့ ဘေးပတ်လည်တွင်သွေးများအိုင်ထွန်းနေပြီး များသည်ထက် များလာသည်။ ဗိုင်းရတ်သည် သူဝင်ရောက်နေသည့် ခန္ဓာအိမ်ကိုဖျက်ဆီးကာ ဒွါရပေါက်အားလုံးမှ ပြန်ထွက်လာပြီး နောက်ထပ်မျိုးပွား ရန် ခန္ဓာအိမ် အသစ်ကိုရှာဖွေ နေတော့သည်။


[ရဲညွန့်ဇော်]

No comments:

Post a Comment