Wednesday 11 December 2013

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၆)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၆)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)

  စာရေးသူက သူ့ကို မစ္စတာဂျုန်း ဟု ခေါ်ပါမည်။ သူသည်ဂျာမနီ၌် မားဗတ်ဗိုင်းရတ် ပေါ်ထွက်လာသည့် ၁၉၆၇ ခုနှစ် နွေရာသီ က ယူဂန်ဒါနိုင်ငံ အန်တက်ဘီမြို့ရှိနိုင်ငံခြားသို့တင်ပို့သည့် မျောက်များထားရာ သိုလှောင်ရုံတွင် စစ်ဆေးရေးမှုးအဖြစ် ခေတ္တလုပ်ကိုင်ခဲ့သည်။ မူလစစ်ဆေးရေးမှုး တိရစ္ဆာန် ဆေးကု ဆရာဝန် ခွင့်ယူထားချိန်ဖြစ်သည်။  ပိုင်ရှင်မှာ အလွန်ချမ်းသာသောတိရစ္ဆာန်ကုန်သည် တစ်ဦးဖြစ်ပြီး မစ္စတာဂျုန်း က သူ့ကို “လူယုတ်မာ” ဟု သမုတ်သည်။ သူသည်တစ်နှစ်လျှင် မျောက်ကောင်ရေ ၁၃၀၀၀ ခန့် ဥရောပသို့ တင်ပို့သည်။ ဤပမာဏမှာ အလွန်များသည့်ပမာဏ ဖြစ်ပြီး သူ့အတွက် ငွေ အမြောက်အမြား ရရှိသည့် လုပ်ငန်းဖြစ်သည်။ မားဗတ်ဗိုင်းရတ်ကူးစက်နေသည့် မျောက်များ ပါဝင်သော ထိုအသုတ်ကို လေကြောင်းလိုင်းဖြင့် လန်ဒန်မှတစ်ဆင့်ဂျာမနီသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းမျောက်များတွင် ကူးစက်နေခဲ့သော ဗိုင်းရတ်သည်ဂျာမနီနိုင်ငံ မားဗတ်မြို့မှ လူထုကို ကူးစက်ခဲ့ခြင်းဖြစ်သည်။
     တယ်လီဖုန်းဆက်သွယ် မေးမြန်းမှုများအကြိမ်ကြိမ်အခါခါ ပြုပြီးသည့်နောက် အင်္ဂလန် ရှိ မြို့ တစ်မြို့တွင် နေထိုင်လျှက်ရှိသောမစ္စတာဂျုန်းကို စာရေးသူ ဆက်သွယ်နိုင်ခဲ့သည်။ သူသည် တိရစ္ဆာန် ဆေးကု ပါရဂူအဖြစ် ထမ်းဆောင်လျှက်ရှိသည်။နိုင်ငံခြားသို့ မတင်ပို့မီ တိရစ္ဆာန်များအားလုံးကို မျက်မြင် စစ်ဆေးရကြောင်း မစ္စတာဂျုန်းကပြောပြသည်။ ထိုဗိုင်းရတ်ကူးစက်နေသည့် မျောက်များကို ဘယ်သူ စစ်ဆေးခဲ့သလဲ ဟု စာရေးသူကမေးမြန်းရာ သူကိုယ်တိုင် စစ်ဆေးခဲ့ကြောင်းဖြေသည်။ သူစစ်ဆေးချိန်တွင် မျောက်အားလုံးနီးပါး ပုံမှန်ပင်ဖြစ်ကြောင်း၊ မျောက် တစ်ကောင် နှစ်ကောင်တွင်သာ ထိခိုက်ဒဏ်ရာ အနည်းငယ်တွေ့ရကြောင်းပြောပြသည်။ သူ၏ကာကွယ်နည်းမှာ မျောက်များကို မတင်ပို့ခင် မျက်မြင်အရ နေမကောင်းဖြစ်နေဟန်ရှိသည့် မျောက်တို့ကိုရွေးထုတ်ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် သုတ်သင် ပစ်ခြင်းဖြစ်သည်။ထိုမျောက်များကို ဂျာမနီသို့ တင်ပို့ပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် ကူးစက်ရောဂါဖြစ်ပွားကြောင်းကြားရသည့်အခါ မစ္စတာဂျုန်းမှာ အလွန်တုန်လှုပ်သွားခဲ့သည်။ တင်ပို့ရန် ဆေးထောက်ခံစာကိုသူလက်မှတ်ထိုးပေးခဲ့သည် မဟုတ်ပါလား။
     မားဗတ်ဗိုင်းရတ် ကူးစက်ခံရပြီး သေဆုံးသူများသည်မိမိကြောင့် သေဆုံးရသည်ဟု ယခုတိုင် ခံစားနေရကြောင်း၊ ထိုစဉ်က မိမိသာ တစ်စုံတစ်ခု လုပ်နိုင်ခဲ့ပါလျှင်ဤဖြစ်ရပ်မျိုး ဖြစ်မည်မထင်ကြောင်း၊ သို့သော်လည်း ထိုဗိုင်းရတ် ကူးစက်နေခြင်းကို မိမိအနေဖြင့်မည်သို့မျှမသိနိုင်ပါကြောင်း စာရေးသူအား ပြောပြသည်။ မစ္စတာဂျုန်း ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ထိုအချိန်က မားဗတ်ဗိုင်းရတ်အကြောင်း မသိကြသေးပါ။ နေကောင်း မကောင်း မျက်မြင်စစ်ဆေးရုံမျှဖြင့်မသိနိုင်သည့် မျောက်တစ်ကောင် နှစ်ကောင်ကြောင့် ကြောက်မက်ဖွယ် ကူးစက်ရောဂါတစ်ရပ်ဖြစ်မည်ဟုလည်းမထင်ခဲ့ပါ။ ထို့ကြောင်ပင် ဤဖြစ်ရပ် အတွက် သူတစ်ဦးတည်းကို အပြစ်ပုံချရန်မသင့်ပါ။
    မစ္စတာဂျုန်း ဆက်ပြောပြသည့် ဖြစ်စဉ်မှာပို၍ စိုးရိမ်စရာကောင်းလှသည်။ နေမကောင်းသည့် မျောက်တို့ကို သုတ်သင်ပြီးပြီဟု သူ ထင်ခဲ့သော်လည်းမသတ်ခဲ့ကြောင်း နောက်မှသိခဲ့ရသည်။ ပိုင်ရှင်သူဌေးသည် နေမကောင်းသည့်မျောက်များကို မသတ်ဘဲဝိတိုရိယရေအိုင်ကြီး အတွင်းရှိ ကျွန်းငယ် တစ်ခုပေါ်သို့ လွှတ်ပေးလေ့ရှိသည်။ မကျန်းမာသည့်မျောက်အများအပြားစုရုံးနေသည့် ထိုကျွန်းသည် မျောက်များတွင် ကူးစက်သည့် ဗိုင်းရတ်တို့စုဆုံရာဗဟိုချက်ဖြစ်လာပြီး မရဏကျွန်း (သို့မဟုတ်) ကပ်ဆိုက်နေသည့်ကျွန်း အဖြစ်ရောက်ရှိသွားတော့သည်။အကယ်၍ ပြည်ပသို့တင်ပို့ရန် မျောက် အနည်းငယ် လိုပါက ထိုကျွန်းသို့သွားကာ ပြန်လည်ဖမ်းယူလေ့ရှိသည်။ဤသို့လုပ်ကိုင်နေခြင်းကို သူ မသိခဲ့ကြောင်း မစ္စတာဂျုန်း က ပြောပြသည်။ ထို့ကြောင့် ကူးစက်ရောဂါဖြစ်ပွားနေသောမျောက်များနှင့် လတ်တလောကူးစက်ခံရသည့် မျောက်များသည် ဥရောပသို့ ရောက်ရှိသွားကြတော့သည်။မားဗတ်ဗိုင်းရတ် ဖြစ်လာမည့် ဇီဝပစ္စည်းသည် ထိုမရဏကျွန်း၌ ရှိနေခဲ့ပြီး ကျွန်းသို့ရောက်လာသောမျောက်တို့တွင် ကူးစက်ပျံ့နှံ့ နေခဲ့ပေမည်။ ဂျာမနီသို့ ရောက်ရှိသွားသော မျောက်အချို့မှာဤမရဏကျွန်းမှ ဖမ်းယူခဲ့သည့် မျောက်များ ဖြစ်နိုင်သည်ဟု မစ္စတာဂျုန်း က ယူဆခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လာရောက် စစ်ဆေးသည့်အခါ စုံစမ်းရေးအဖွဲ့က မမေးလျှင် ထုတ်ဖေါ်ပြောကြားခြင်းမပြုရန် သူဌေးကသူ့အား ညွှန်ကြားခဲ့ကြောင်း မစ္စတာဂျုန်းက ပြောပြသည်။  စုံစမ်းရေးအဖွဲ့ နှင့် မစ္စတာဂျုန်း တွေ့ဆုံခဲ့ခြင်းလည်းမရှိပေ။ ထို့ကြောင့် ဤကိစ္စမှာ ပေါ်ထွက်မလာခဲ့ပါ။ စုံစမ်းရေးအဖွဲ့က ဗိုင်းရတ်ပိုးကူးစက်နေသော မျောက်တို့ကို စစ်ဆေးခဲ့သည့် တိရစ္ဆာန်ဆေးကု ဆရာဝန်အား တွေ့ဆုံမေးမြန်းမှုမပြုခြင်းသည် ဆိုးကျိုး နှင့် ကောင်းကျိုး နှစ်မျိုးစလုံးဖြစ်ခဲ့ကြောင်း မစ္စတာဂျုန်းက မှတ်ချက်ပြုသည်။ ကူးစက်ရောဂါကာကွယ်ရေး ကဏ္ဍအတွက် ဆိုးကျိုး ဖြစ်စေခဲ့သော်လည်း ယူဂန်ဒါအတွက် အဖိုးတန်လှသည့် နိုင်ငံခြားငွေရပေါက် ပိတ်မည့်အရေးမှ လွတ်ကင်းသွားခဲ့သည်။
     ဂျာမနီတွင် မားဗတ်ဗိုင်းရတ် ကူးစက်မှုဖြစ်ပွားပြီးနောက်မစ္စတာဂျုန်းသည် ကီတွန်ဂူကြီးနှင့် မဝေးလှသော ယူဂန်ဒါ ကျေးလက်အချို့တွင် မားဗတ်ဗိုင်းရတ်ကူးစက်မှုဖြစ်ပွားခဲ့သည်ဟု ယူဆနိုင်သည့် အရေးကြီးသည့် အချက်တစ်ခုကို သတိရမိသည်။ သူသည်၁၉၆၂ မှ ၁၉၆၅ ခုနှစ်အထိ ယူဂန်ဒါ အရှေ့ပိုင်း အယ်ဂွန်တောင်ခြေတွင် အခြေပြုပြီး ထိုဒေသမှကျွဲနွားများတွင် ဖြစ်ပွားသည့် ရောဂါများကို လေ့လာ ခဲ့ဖူးသည်။ ထိုဒေသ မှ အကြီးအကဲများကသူ့အား ထူးဆန်းသည့် ရောဂါတစ်မျိုး အကြောင်း ပြောပြခဲ့ဖူး သည်။ အယ်ဂွန်တောင်၏  မြောက်ဘက်အခြမ်း၊ ဂရစ်မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်သောလူအချို့သည် ထူးဆန်းသောရောဂါ တစ်မျိုးဖြစ်ပွားပြီး သွေးယိုထွက်ကာ သေဆုံးကြကြောင်း၊သူတို့သည် ထူးဆန်းသည့် အရေပြား ရောဂါမျိုးကိုလည်းခံစားရကြောင်း နှင့် ထိုဒေသ မှ မျောက်တို့သည်လည်းအလားတူ ရောဂါမျိုးဖြစ်ပွားကာ သေဆုံးကြကြောင်း ပြောပြ ခဲ့သည်။ မစ္စတာဂျုန်းသည် ထိုသတင်းကိုဆက်လက် စုံစမ်းလေ့လာခြင်း မပြုခဲ့သောကြောင့် မည်သို့သောရောဂါမျိုးဖြစ်ကြောင်း တပ်အပ်မသိခဲ့ပေ။ သို့သော် ဂျာမနီတွင် ဖြစ်ပွားသော မားဗတ်ဗိုင်းရတ် ကူးစက်မှု၏ ရှေ့ပြေးအဖြစ်အယ်ဂွန်တောင်ခြေတွင် တိတ်တဆိတ် ဖြစ်ပွားခဲ့သည်ဟု ယူဆရပေသည်။
     မားဗတ်ဗိုင်းရတ် ကူးစက်မှုအပေါ် မစ္စတာဂျုန်း၏ပုဂ္ဂလိကထင်မြင်ယူဆချက်သည် စာရေးသူအတွက် အမှောင်ထုအတွင်း ပစ်ခွင်းလိုက်သည့် အလင်းတန်းပင်ဖြစ်ပေသည်။ သူ၏ ထင်မြင်ချက်သည် အပူပိုင်းဒေသ ဗိုင်းရတ်များ၏ ဇစ်မြစ်နှင့် ပျံ့ပွားပုံကိုရှာဖွေရေးအတွက်ကျယ်ပြန့်သောအမြင်ကိုရရှိစေခဲ့ သည်။ မားဗတ်ဗိုင်းရတ် ကူးစက်နေသည့် မျောက်များသည်ဝိတိုရိယရေအိုင်ကြီးအတွင်းရှိ စီစီ ဟုခေါ်သော ကျွန်းစုများတွင် ပို့ထားခံရကြောင်း သူကပြောပြသည်။စီစီကျွန်းစုများမှာ ဝိတိုရိယရေအိုင်ကြီး၏ အနောက်မြောက်ဘက် တွင်ရှိသော သစ်တောထူထပ်သည့်ကျွန်းငယ်များဖြစ်သည်။ ထိုကျွန်းများဆီသို့ အန်တက်ဘီမြို့ မှ မော်တော်ဘုတ်ဖြင့် အလွယ်တကူသွားနိုင်သည်။ဗိုင်းရတ်တို့ပေါက်ပွား နေသည်ဟု ယူဆရသော မရဏကျွန်း သည် ထိုစီစီကျွန်းစုများမှ ကျွန်းတစ်ကျွန်း(သို့မဟုတ်) စီစီကျွန်းစုအနီးတဝိုက် မှ ကျွန်းတစ်ကျွန်း ဖြစ်မည်ဟုယူဆရပေသည်။ ထိုမရဏကျွန်း၏အမည်ကို မစ္စတာဂျုန်း မမှတ်မိတော့ပါ။ သူက ထိုကျွန်းသည် အန်တက်ဘီမြို့ နှင့် အလှမ်းမဝေးလှကြောင်းပြောပြသည်။ မည်သို့ပင်ဖြစ်စေ မစ္စတာဂျုန်း၏ သူဌေး၊ ထိုမျောက်ကုန်သည် သည် စီစီကျွန်းစုများတွင်နေသည့် ရွာသားများထံမှ လည်း မျောက်များ ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။ ထိုရွာသားများမှာမျောက်တို့ကို အိမ်မွေးတိရစ္ဆာန် ကဲ့သို သဘောထားသူများဖြစ်ရာ ငွေရပေါက် ရလမ်း အတွက်ပျော်ရွှင်စွာ မျောက်များကို ဖမ်းယူရောင်းချ ကြတော့သည်။ ဝယ်ယူသည့် မျောက်တို့တွင် နေမကောင်းဖြစ်နေသည့်မျောက်များ ပါလာပါက အန်တက်ဘီမြို့ အနီးရှိ ထိုမရဏကျွန်းတွင် လွှတ်ထားပြန်သည်။ ဤသို့ဖြင့်ရောဂါကူးစက်နေသည့် မျောက်များ ဥရောပသို့ ရောက်ရှိသွားခြင်းဖြစ်သည်။


     စီစီကျွန်းစုများနှင့် မျက်နှာချင်းဆိုင်ဖြစ်သောဝိတိုရိယရေအိုင်ကြီး ၏ အနောက်ဘက်ကမ်းခြေတွင် ကျူပင်များ ဖုံးနေသည့် လွင်ပြင်တစ်ခုရှိသည်။ထိုလွင်ပြင်တွင် ကာဆန်ဆီရို ဟုခေါ်သည့် တံငါရွာတစ်ရွာ ရှိသည်။ ထိုတံငါရွာလေးမှ လှမ်းမျှော်ကြည့်လိုက်လျှင်စီစီကျွန်းစုများကို မြင်နေရသည်။ ဤတံငါရွာလေးမှာ ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ်ရောဂါ ပထမဆုံးတွေ့ရှိခဲ့သည့်နေရာများအနက် တစ်ခုဖြစ်သည်။ ကူးစက်ရောဂါ ပျံ့ပွားမှု ကာကွယ်ရေး ပညာရှင်များ က ဝိတိုရိယရေအိုင်ကြီး၏အနောက်မြောက်ကမ်းခြေ ဒေသသည် အေအိုင်ဒီအက်ရောဂါ စတင်ရာဗဟိုချက်များအနက်မှ တစ်ခုအဖြစ်ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ အေအိုင်ဒီအက်ရောဂါသည် အာဖရိကန် နို့တိုက်သတ္တဝါ၊ မျောက်၊ လူဝံတို့တွင် စတင်ဖြစ်ပွားပြီး ထိုသတ္တဝါတို့ မှတစ်ဆင့် လူသားများအား ကူးစက်ခဲ့သည်ဟု ယေဘုယျအားဖြင့်ယူဆထားသည်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရတ်သည် နို့တိုက်သတ္တဝါများမှ လူသားများထံ ကူးစက်နိုင်ရန်အဆင့်ဆင့် အောင်မြင်စွာ သန္ဓေပြောင်းခဲ့ကြောင်း တွေ့ရသည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရတ်သည်ထို ကာဆန်ဆီရို တံငါရွာလေးမှ ရွာသူရွာသားအားလုံးနီးပါးကို သတ်ဖြတ်ပြီး တံငါရွာလေးကိုဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် ဝိတိုရိယ ရေအိုင်ကြီး ကမ်းခြေတစ်လျှောက်မှ အခြားရွာများမှာလည်းအိပ်ခ်ျအိုင်ဗွီဗိုင်းရတ် ကြောင့် မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည်။
     ကာဆန်ဆီရိုတံငါရွာမှ ရွာသားများမှာမှောင်ခိုကုန်ကူးကြသူများ အဖြစ် ကျော်ဇောကြသည်။ သူတို့၏ သစ်ထွင်းလှေများ၊ စက်တပ်ကနူးလှေများတွင် မှောင်ခိုကုန်ပစ္စည်းများကို တင်ပြီး ဝိတိုရိယရေအိုင်ကြီးကို ဖြတ်သန်း သယ်ပို့ကြသည်။စီစီကျွန်းစုများမှာ သူတို့၏ လှေများ ပုန်းခိုရာ နေရာများဖြစ်သည်။ မျောက်ကုန်သည် သူဌေးက မျောက်များကို ကျွန်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့လျှင် ဤရွာသားများ၏ မှောင်ခိုလှေများကိုငှားရမ်း အသုံးပြုခဲ့ မည်ဟု တွေးကြည့်နိုင်သည်။
     ၁၉၆၀ ဝန်းကျင် ကာလ၌ အာဖရိကတွင်အလွန်အကျိုးအမြတ်များသည့် စီပွားရေးလုပ်ငန်းတစ်ခု ပေါ်ထွန်းခဲ့သည်။ ထိုလုပ်ငန်းမှာ စက်မှုထွန်းကားသည့်နိုင်ငံများသို့ ဆေးသုတေသနပြုလုပ်ရန် မျောက်များကို တင်ပို့သည့် လုပ်ငန်းဖြစ်သည်။ ယူဂန်ဒါနိုင်ငံမှာထိုလုပ်ငန်းအတွက် တိရစ္ဆာန် ရင်းမြစ်အများဆုံး ရှိ သည့်နိုင်ငံဖြစ်သည်။ ဗဟိုအာဖရိက တစ်ခွင်တွင်ပေါ်ထွန်းလာသော မျောက်များ တင်ပို့သည့် စီးပွာရေး လုပ်ငန်းအတွင်းမှ လုပ်သားများ (ဖမ်းသူ၊ကိုင်တွယ်ထိန်းသိမ်းသူ၊ သယ်ယူပို့ဆောင်သူများ) သည် တောတွင်းမှ မျောက်များနှင့် တိုက်ရိုက်ထိတွေ့ကြသူများဖြစ်သည်။ အချို့သောမျောက်များမှာ ထူးဆန်းသော တွေ့နေကြမဟုတ်သော ဗိုင်းရတ်များကို သယ်ဆောင်လာကြသည်။ ဖမ်းယူ ထည့်သွင်းထားသည့် လှောင်အိမ်အတွင်း မျောက် တစ်ကောင်မှ တစ်ကောင်သို့်အပြန်အလှန် ကူးစက်ကြသည်။ ထို့အပြင် မျိုးနွယ်မတူသည့် မျောက်များကို အတူထားခြင်းကြောင့်မျိုးစိတ် တစ်ခုမှ တစ်ခု ခုန်ကူးနိုင်ရန် စီစဉ်ပေးထားသကဲ့သို့ ဖြစ်သွားခဲ့သည်။  သဘာဝ ဓါတ်ခွဲခန်းထဲ၌ ဗိုင်းရတ်များ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ ဤ အခြေအနေများသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရတ် ပေါ်ပေါက် လာစေသည့် အကြောင်းရင်းများဖြစ်ခဲ့သည် ဟု အခြေခံအားဖြင့် ယူဆထားသည်။
    လူသားများတွင် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရတ်ကူးစက်ခံရခြင်းသည် မျောက်များ တင်ပို့သည့် စီပွားရေးလုပ်ငန်း ကြောင့်လား။ အေအိုင်ဒီအက်စ်ရောဂါသည် ဝိတိုရိယရေအိုင်ကြီး အတွင်းရှိ ကျွန်းတစ်ကျွန်းမှ တကယ်ပင် စတင်ခဲ့လေသလား။မရဏကျွန်း တကယ်ရှိသလား။ မည်သူသိသနည်း။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရတ် နှင့် မားဗတ် ဗိုင်းရတ်နှစ်မျိုး ၏ မူလအစ ကို ရှာဖွေရာ တွင် ပုန်းကွယ်နေသည့် ဆက်စပ်မှု ရှိကြောင်း ခံစားသိရှိနိုင်သော်လည်း ဖော်ထုတ် သက်သေပြရန်မှာ မလွယ်ကူလှပေ။  
     ဒေါက်တာဆီဗာစတင် သည် မားဗတ်ဗိုင်းရတ်အကြောင်း လေ့လာသိရှိပြီးသည့် နောက် ကင်ညာ ကျန်းမာရေးအာဏာပိုင်များအား နိုင်ရိုဘီဆေးရုံကိုခေတ္တ ပိတ်ထားရန် အကြံပြုခဲ့သည်။ လူနာအသစ်ကို လက်မခံတော့။ ဆေးရုံတွင်းဝင်ခွင့် မပေးဘဲဆေးရုံအဝမှ ပြန်လွှတ်ခဲ့သည်။ ဆေးရုံအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာ စုစုပေါင်း၆၇ ဦးအား အပြင်ထွက်ခွင့် မပြုတော့ဘဲ တစ်ပတ်ကြာ ရောဂါခြေချုပ်ချ ထားလိုက်သည်။ မိုနက်အလောင်းအား ခွဲစိတ်စစ်ဆေးခဲ့သည့် ဆရာဝန်၊ မိုနက်နှင့် ဒေါက်တာ မူဆို အား ပြုစုခဲ့သည့်သူနာပြုများ၊ ဒေါက်တာ မူဆို အား ခွဲစိတ်ခဲ့သည့် ဆရာဝန်များ၊ မိုနက် နှင့် ဒေါက်တာမူဆို၏ ဆီး သလိပ် သွေး စသည်တို့ကို စစ်ဆေးပေးခဲ့သည့် ကျွမ်းကျင် ပညာရှင်များ နှင့် အကူဝန်ထမ်းများအားလုံးပါဝင်သည်။ ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်း အများစုမှာ ဗိုင်းရတ်ကူးစက်နေသည့် လူနာနှစ်ဦးနှင့် တိုက်ရိုက်ထိတွေ့မိခဲ့ကြသည်။ ဒေါက်တာမူဆို ကို ခွဲစိတ်ခဲ့သည့် ဆရာဝန်များမှာတံတောင်ဆစ် မြုပ်အောင်ထွက်နေသည့် သွေးအိုင်ထဲ ခွဲစိတ်ခဲ့ရသည်ကို သတိရပြီး မိမိတို့အားမားဗတ်ဗိုင်းရတ် ကူးစက်နေပြီလား ဟု ရောဂါခြေချုပ် ကာလ အတွင်း စိုးရိမ်ပူပန် နေကြရသည်။ဆေးရုံ အတွင်းသို့ လမ်းလျှောက် ဝင်လာသည့် လူသားဗိုင်းရတ်ဗုံး တစ်လုံး ပေါက်ကွဲမှုကြောင့်ဆေးရုံ၏ လုပ်ငန်း လည်ပတ်မှုနှင့် ဝင်ငွေကို ထိခိုက်စေခဲ့သည်။ ချားမိုနက် သည် အိတ်ဇိုးဆေးဒုံးကျည် တစ်စင်း ကဲ့သို့ နိုင်ရိုဘီ ဆေးရုံအား ရေအောက်သို့ နှစ်မြှုပ်ပစ်ခဲ့သည်။
     ဒေါက်တာမူဆို သည် အလွန်ကံကောင်းစွာဖြင့်သေမင်းလက်မှလွတ်မြောက်ခဲ့သည်။ အပြင်းအထန် ဝေဒနာ ခံစားပြီး ၁၀ ရက် ကျော်သည့်အခါ ဒေါက်တာမူဆို၏ အခြေအနေ ကောင်းမွန်လာကြောင်း ဆရာဝန်များ သတိပြုမိကြသည်။ အိပ်ရာထဲ မလှုပ်မယှက် လဲလျောင်းနေသည်မျိုးမဟုတ်တော့ဘဲ ဆေးသောက်ရန် ငြင်းဆန်ခြင်း ဒေါသထွက်ခြင်းများ ပြုလာသည်။ တစ်နေ့တွင် သူနာပြုတစ်ဦး က ဒေါက်တာမူဆို ကို တစ်ဘက်စောင်းပေးစဉ် သူသည် လက်သီးကို ဆုတ်ပြီး ဝှေ့ယမ်းကာ တုတ်နှင့်ရိုက်မည်ဟု အော်ဟစ်ခဲ့သည်။ ထိုအချိန်မှစပြီး သူ၏အခြေအနေမှာ တိုးတက်လာခဲ့သည်။ နောက်ထပ် ရက် အတန်ကြာသောအခါ အဖျားကျသွား ပြီး မျက်လုံး မှာ ပုံမှန် အရောင်ပြန်ဖြစ်လာသည်။ သူ၏ ပင်ကို စရိုက်လက္ခဏာများ ပြန်ပေါ်လာသည်။ ဒေါက်တာ မူဆို သည် တဖြည်းဖြည်း နှင့် ပြန်လည်ကျန်းမာ လာခဲ့သည်။ယခုအခါ ဒေါက်တာ မူဆို သည် ဒေါက်တာ ဆီဗာစတင် ဦးဆောင်သော သမားတော်များ အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ရိုဘီ ဆေးရုံ၌ ထမ်းဆောင်လျှက်ရှိသည်။
     စာရေးသူ သည် ဒေါက်တာ မူဆို နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒေါက်တာ မူဆို က သူ မားဗတ်ဗိုင်းရတ် ကူးစက်ခံရသည့် ကာလ အတွင်းကဖြစ်ရပ်များကို ကောင်းကောင်း မမှတ်မိဘဲ ဟိုတစ်စ ဒီတစ်စ ဝေဝေဝါးဝါး ဖြစ်နေသည်ဟု စာရေးသူအားပြောပြသည်။ သူ့အား ခွဲစိတ်ကာနီး ဆေးရည် သွင်းနေသည့် ပိုက်များတန်းလန်း နှင့် ခေါ်သွားကြောင်း၊သူနာပြုများက သူ့အား ကုတင်ပေါ်တွင် ဟိုဘက် သည်ဘက် စောင်းပေးကြောင်းလောက်သာ မှတ်မိသည်။နာကျင်မှု အနေဖြင့် ခန္ဓာကိုယ် ကြွက်သားများနှင့် ကျောရိုး အောက်ပိုင်း တစ်လျှောက် နာကျင်မှုကိုသာမှတ်မိသည်ဟု ပြောပြသည်။
     နိုင်ရိုဘီ ဆေးရုံတွင် ဒေါက်တာမူဆို မှ လွဲ၍ မည်သူမျှ ကူးစက်ခံရခြင်း မရှိပါ။ မားဗတ်ဗိုင်းရတ် ကူးစက်နေသည့် ဒေါက်တာမူဆို၏ သွေးနမူနာ ကို ကမ္ဘာ အရပ်ရပ်ရှိ ဓါတ်ခွဲခန်းများ၌ သက်ရှိ မားဗတ်ဗိုင်းရတ် နမူနာ အဖြစ်သိမ်းဆည်းထားကြသည်။ ဒေါက်တာမူဆို၏ သွေးထဲတွင် တွေ့ရသော မားဗတ်ဗိုင်းရတ် သည် ချားမိုနက်၏ အမည်းရောင် အန်ဖတ်ရည်များ မှ ကူးစက်ခြင်းဖြစ်ပြီး မူရင်းနေရာမှာ ကီတွန်ဂူကြီးဖြစ်မည်ဟုယူဆရသည်။ ယခုအခါ ဤ ဗိုင်းရတ်ဗီဇ ကို မူဆိုဗိုင်းရတ်ဗီဇ ဟုခေါ်ကြသည်။ မူဆိုဗိုင်းရတ်ဗီဇ အချို့မှာ  အမေရိကန် ပြည်ထောင်စု ကြည်းတပ် ၏ အန္တရာယ်ရှိသည့်ဗိုင်းရတ်များ စုဆောင်းရာဌာန အအေးခန်း ရှိ ဖန်ပြွန်များထဲတွင် ရှင်သန်လျှက် ရှိပါသည်။

[ရဲညွန့်ဇော်]

No comments:

Post a Comment