အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၄)
(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
ကူးစက်ခြင်း
၁၉၈၀ ဇန်န၀ါရီ ၁၅ရက်
သူနာပြုများ အကူလုပ်သားများ အပြေးအလွှားရောက်လာကြသည်။ လူနာတင် ထရော်လီကိုလည်း တစ်ပါတည်း တွန်းယူလာကြသည်။ မိုနက်ကို ထရော်လီပေါ်တင်ပြီးနိုင်ရိုဘီ ဆေးရုံ အထူးကြပ်မတ်ကုဌာန သို့ ပို့ပေးသည်။ အိုင်စီယူတွင် လူနာတစ်ဦး သွေးလွန်နေ၍ဆရာဝန်တစ်ဦး အမြန်လာရောက်ပါရန် ခေါ်သံ သည် စပီကာ များမှထွက်ပေါ်နေသည်။ လူငယ်ဆရာဝန် တစ်ဦးဖြစ်သောရှန်မူဆိုသည် အပြေးအလွှား အိုင်စီယူသို့ ရောက်လာသည်။ ဒေါက်တာမူဆို မှာ ဤဆေးရုံ ၌ အတော်ဆုံးလူငယ်ဆရာဝန်တစ်ဦး ဟုဆိုနိုင်သည်။ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေတတ်သည်။ နာရီများစွာအလုပ်လုပ်နိုင်ပြီး အရေးပေါ်ကေ့စ် များကိုင်တွယ်ရာတွင် အတွေ့အကြုံ ရှိသူ ဖြစ်သည်။ သူသည်မိုနက်ကို ထရော်လီ ပေါ်တွင် လဲလျက် တွေ့ရသည်။ မိုနက်၏ ခန္ဓာကိုယ်အတွင်း အလွန်အမင်း သွေးသွန်နေသည်ကို သတိပြုမိသည်မှ လွဲ၍ ဘာကြောင့် ဖြစ်ရသည်ကို မစဉ်းစားတတ်။ ဤသို့သော အရေးပေါ် ကေ့စ်များတွင်အသေးစိတ် စဉ်းစားအဖြေထုတ်နေရန်လည်း အချိန် မရှိပေ။ မိုနက်သည် ခက်ခဲစွာ အသက်ရှူ နေရင်းအသက်ရှူ ရပ်ရပ်သွားသည်။ သူ အသက်ရှူအသွင်းတွင် သွေးများ ပါသွားပြီး အသက်ရှူလမ်းကြောင်းပိတ် သွားခြင်း ဖြစ်သည်။
ဒေါက်တာမူဆို က သွေးခုန်နှုန်းစမ်းကြည့်ရာ အလွန်အားနည်းပြီး နှေးနေသည်။ သူနာပြု တစ်ဦးက အသက်ရှူ လမ်းကြောင်းကို ကြည့်သည့်ကိရိယာ (laryngoscope) ကို ပြေးယူသည်။ ဒေါက်တာမူဆို က မိုနက်၏ အင်္ကျီကို ဆွဲဖွင့်ကာ အသက်ရှူမရှူ ကြည့် သည်။ ထိုနောက် ထရော်လီ ခေါင်းပိုင်းသို့သွားပြီး မိုနက်၏ မျက်နှာပေါ် ငုံ့ချကာမိုနက်၏ မျက်လုံးများကို တည့်တည့် တိုက်ရိုက် ကြည့်ကာ စစ်ဆေးသည်။
မိုနက်၏ နီရဲနေသော မျက်လုံးမှာ သူငယ်အိမ်ကျယ်နေပြီး မရွေ့လျားတော့။ ဦးနှောက် ပျက်စီး သွားပေပြီ။ သူ၏ နှာခေါင်းနှင့် ပါးစပ်မှာသွေးများ စီးကျနေသည်။ ဒေါက်တာမူဆို က အသက်ရှူ လမ်းကြောင်းကို ကြည့်သည့် ပြွန်ချောင်းထည့်ရန်မိုနက်၏ ခေါင်းကို အနောက်သို့ ပင့်လှန်လိုက်သည်။ သူ့သည် လက်အိပ် ၀တ်မထားသော လက်ဗလာဖြင့်မိုနက်၏ ပါးစပ်တွင်းမှ အန်ဖတ်များ ချွဲများ သွေးခဲများကို ရှင်းထုတ်သည်။
သူ၏ လက်ချောင်းများမှာအမည်းရောင် အကျိအချွဲ များဖြင့် စေးကပ် ပေလူးနေသည်။ မိုနက် တစ်ကိုယ်လုံးမှာ အန်ဖတ်နံ့သွေးညှီနံ့ တို့ဖြင့် မွှန်နေသော်လည်း ဒေါက်တာ မူဆို အတွက် အထူးအဆန်း မဟုတ်ပေ။ သူ့ အလုပ်ကိုသာအာရုံစိုက် နေသည်။ သူ့မျက်နှာကို မိုနက် ၏ မျက်နှာနှင့် ထိလု မတတ် ငုံ့ကာ အသက်ရှူလမ်းကြောင်းကြည့်သည့် ပြွန်ချောင်း ကို နေရာတကျထည့် ရန် ကြိုးစားသည်။ပြွန်ချောင်းကို အလိုက်သင့် လျောထည့် ပြီး လျာကိုဖိချကာ အဆုတ်သို့ သွားသော လေပြွန်ပေါက်အ၀ကိုရှာသည်။ လေပြွန်ပေါက် ထဲသို့ ပြွန်ချောင်းကို ထည့်ပြီး ဒေါက်တာ မူဆိုသည်ထို ကိရိယာမှတစ်ဆင့် အတွင်းသို့ အားစိုက်ကြည့်လိုက်သည်။ မိုနက်သည် ရုတ်တရက် ဆတ်ကနဲ တွန့် ပြီးရုန်းလိုက်သည်။
ထို့နောက် အန်ချလိုက်ရာ အမည်းနှင့် အနီရောင် အရည်များသည် မိုနက်၏ ပါးစပ်နှင့်ပြွန်ချောင်း ပတ်လည်မှ တိုးထွက်လာပြီး လေထဲဖြန်းပက်လိုက်ကာ ဒေါက်တာ မူဆိုအား လောင်းချလိုက်သကဲ့သို့ ရွှဲရွှဲစို သွားတော့သည်။ သူ၏ ဂျူတီကုတ် အဖြူပေါ်တွင် အနက်ရောင် အစက်များ ဖောက်ထားသော အနီရောင် အကျိအချွဲများ စီးကျနေသည်။ ဒေါက်တာ မူဆို၏ မျက်လုံးထဲ သို့လည်းဝင်သည်။ ပါးစပ်ထဲသို့ လည်း ၀င်ကုန်သည်။ရင်ပတ်ထဲ သို့လည်း စီးကျလာသည်။
သူသည် မိုနက်၏ခေါင်းကို နေရာ ပြန်ချပြီးသူ၏ လက်ဖြင့် မိုနက် ပါးစပ်မှ သွေးများကို သုတ်ပေးသည်။ မိုနက်၏ သွေးများသည် ဒေါက်တာမူဆို၏ လက်ချောင်းများမှ စ၍ လက်ကောက်ဝတ် လက်ဖျံ လက်မောင်း သို့တိုင်အောင် ပေကျံနေသည်။သွေးတို့သည် ထရော်လီ ပေါ်တွင်သာမက ပတ်ဝန်းကျင် ကြမ်းပြင် တွင်ပါ ပြန့်ကျဲ နေသည်။ အိုင်စီယူမှသူနာပြုများမှာ မြင်တွေ့နေရသည့် အဖြစ်အပျက်ကို မယုံနိုင်အာင်ပင် ဖြစ်နေကြသည်။ ဒေါက်တာမူဆိုသည်လေပြွန် ပေါက်ထဲသို့ ပြွန်ချောင်း ကို ထပ်မံ ကြိုးစားထည့်သွင်းပြီး အတွင်းသို့ ကြည့်ပြန်သည်။မိုနက်၏ လေပြွန် တစ်လျှောက်မှာ သွေးများ ဖြင့်အပြည့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လေသည် မိုနက်၏ အဆုတ်အတွင်း အနည်းငယ်ဝင်ရောက် သွားပြန်ရာ သူသည် အသက်ပြန်ရှူ လာပြန်သည်။ သူသည် သွေးများစွာ ဆုံးရှုံးခြင်းကြောင့်သွေးလန့်ခြင်း(ရှော့) ရနေသည်။ ရေဓာတ် လည်းခန်းခြောက်နေသည်။ သွေးများမှာ သူ၏ ခန္ဓာကိုယ်ရှိဒွါရပေါက်အားလုံးမှ ထွက်ကျနေသည်။ ခန္ဓာကိုယ်အတွင်း လှည့်ပတ်ရန် သွေးပမာဏ မလုံလောက် ခြင်းကြောင့်နှလုံးခုန်နှုန်းမှာ အလွန် ကျဆင်းသွားသည်။ သွေးပေါင်ချိန်မှာလည်း သုည အထိကျသွားသည်။သူကို သွေးသွင်းရန် လိုအပ်နေပေပြီ။
သူနာပြုတစ်ဦး က သွေး တစ်အိပ် ယူလာသည်။ဒေါက်တာမူဆိုသည် သွေးအိပ်ကို တိုင်တွင်အမြန် ချိတ်လိုက်ပြီး သွေးသွင်းပေးရန် ပြင်သည်။အပ်ကို လက်မောင်းသို့ ထိုးလိုက်သည်နှင့် သွေးများ အပ်ဘေးပတ်လည်မှ ပန်း ထွက်လာသည်။ ပုံမှန်တော့မဟုတ်။မိုနက်၏ သွေးကြောများမှာ တစ်ခုခုတော့ မှားနေပြီ။ ဒေါက်တာ မူဆို နောက်တစ်နေရာ ပြောင်းပြီးကြိုးစား ကြည့်ပြန်သည်။ မထူးခြား။ သွေးများ ပန်းထွက်လာပြန်သည်။ မိုနက်၏ လက်မောင်း တစ်လျှောက်အပ်ထိုးသည့် နေရာတိုင်းမှ သွေးကြောများမှာ ပေါက်ပြဲပြီး အပ်ပေါက်ရာ နေရာမှ လက်မောင်းတစ်လျှောက်သွေးများ အဆက်မပြတ် စီးထွက် နေတော့သည်။ သူ၏သွေးမှာ ပုံမှန်မဟုတ်သည်မှာ သေချာနေ ပေပြီ။ဒေါက်တာမူဆိုသည် သွေးသွင်းရန် ထပ်မံ မကြိုးစား တော့ပေ။ အပ်ပေါက်ရာများမှ သွေးထွက်လွန်ပြီးသေဆုံးသွားမည်ကို သူ စိုးရိမ်မိသည်။ သွေးဝမ်းများ ဆက်လက်သွားနေဆဲ ဖြစ်ပြီး ယခုအခါ ကတ္တရာစေးကဲ့သို့မည်းနက်လာသည်။
မိုနက်မှာ မေ့မြောသွားပြီးလုံးဝသတိ ပြန်မလည်တော့ပေ။ သူသည် နံနက် လင်းအားကြီးအချိန်တွင် အိုင်စီယူ အခန်းမှာပင်ကွယ်လွန်ခဲ့သည်။ ဒေါက်တာမူဆိုမှာ တစ်ချိန်လုံး မိုနက် အနားတွင် ရှိနေခဲ့သည်။
မိုနက် ဘာရောဂါကြောင့် သေဆုံးရသည်ကိုသူတို့မစဉ်းစား တတ်ကြပေ။ အကျိုးအကြောင်း ရှင်းမပြ နိုင်သော သေဆုံးမှုမျိုး ဖြစ်နေသည်။မိုနက် အလောင်းကို ခွဲစိတ်စစ်ဆေးရာ ကျောက်ကပ်များ ပျက်စီးနေ သည်ကို တွေ့ရသည်။ အသည်းမှာလည်းပျက်စီးကာ အ၀ါရောင် ဖြစ်နေပြီး အရည်ပျော်နေသည်ကို တွေ့ရသည်။ မိုနက်မှာ မသေခင် ကတည်းကအလောင်းကောင် ကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရ သည်။ အူအတွင်းသားအလွှာများ ကွာထွက်လာခြင်းသည်လည်းသေဆုံးပြီး ရက်အနည်းငယ် အကြာတွင် အလောင်းများ၌ တွေ့ရသော ဖြစ်စဉ်မျိုး ဖြစ်သည်။ မိုနက်ဘာရောဂါကြောင့် သေဆုံးရသနည်း။ အတိအကျ မပြောနိုင်ပါ။ သူ၏ အတွင်းမှ ကလီစာများအားလုံးပုံမှန်အတိုင်းမရှိ။ ပျက်စီးနေသည်။ သွေးခဲခြင်း ခန္ဓာကိုယ်တွင်း အလွန့်အကျွံ သွေးယိုခြင်းအသည်းပျက်စီးခြင်း အူထဲတွင်သွေးများပြည့်နေ ခြင်း စသည့် အချက် တစ်ခုခြင်းစီသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် လုံလောက်သော အကြောင်း အချက်များဖြစ်သည်။ ဘာရောဂါ ဖြစ်သည် ဘာ့ကြောင့်သေဆုံးရသည်ကိုအမည်တပ်ရန် ဝေါဟာရ စကားလုံး ရှာမရ။ နောက်ဆုံးတွင် အသည်းပျက်စီးခြင်းကြောင့် သေဆုံးရသည်ဟုသာရေးလိုက် ကြသည်။ မိုနက်၏ အလောင်းကို ရေလုံအိတ် တစ်ခုတွင်ထည့်ပြီး ဒေသခံများ သင်္ဂြီုဟ်သည့်အတိုင်းမြေမြှုပ်သင်္ဂြီုဟ် ခဲ့ကြောင်း မှတ်တမ်း တွင်တွေ့ရသည်။ နှစ်အနည်းငယ်ကြာပြီးနောက် စာရေးသူနိုင်ရိုဘီသို့လာရောက်ပြီး စုံစမ်းသောအခါ မိုနက်မြေပုံ ဘယ်မှာရှိသည်ကို မည်သူမျှ မသိတော့ပါ။
၁၉၈၀ ဇန်န၀ါရီ ၂၄ရက်
မိုနက်၏ အန်ဖတ်များ ဒေါက်တာ မူဆို၏မျက်လုံးနှင့် ပါးစပ်အတွင်း ၀င်ပြီး ၉ရက်မြောက် နေ့တွင် ဒေါက်တာ မူဆိုသည် ကျောရိုးခါးရိုးတစ်လျှောက် ကိုက်ခဲမှု တိုးတိုး လာသည်ကို သတိပြုမိသည်။ သူ ဘယ်တုန်းကမှ ကျောအောင့်ကျောနာခြင်းမဖြစ်ဖူးပါ။ သို့သော် သူသည် အသက် ၃၀ နားနီးလာပြီဖြစ်၍ ဇရာ၏ လက္ခဏာအဖြစ် ခန္ဓာကိုယ်ကသတိပေးသည်လား မသိ။ အခုတလော ဆေးရုံတွင် အတော်လေး ပင်ပန်းသည်။ နှလုံးရောဂါသည် လူနာတစ်ဦးကိုညလုံးပေါက် ကုသပေးခဲ့ရသည်။ ထို့နောက် ကိုယ်တွင်း ဆိုးဆိုး ရွားရွား သွေးယိုနေသည့် ပြင်သစ်လူမျိုးလူနာတစ်ဦး (မိုနက်) ကြောင့် မိုးလင်း ခဲ့ရပြန်သည်။ သူ မအိပ်ဘဲ မိုးလင်းမိုးချုပ် အလုပ်လုပ်နေခဲ့ရသည်။ လူနာ၏ အန်ဖတ်များ နှင့် ထိမိခဲ့သည်ကို သူ အလေးမထားမိခဲ့။ ယခု ခံစားနေရသည့်ကျောနာ ကျောအောင့် ခြင်းမှသည် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲလာသည့်တိုင် သူ ဆက်စပ် မစဉ်းစားမိသေးပေ။ တစ်နေ့ မှန်ကြည့်မိရာ သူ့မျက်လုံးများ နီနေသည်ကို တွေ့လိုက်ရသည်။
မျက်လုံး နီ နေသည်။ ငှက်ဖျား ဖြစ်နေသလားဟုသူစဉ်းစားသည်။ ယခု ကိုယ်ပူပြီး အဖျားတက် လာသည်။ ကူးစက်ရောဂါ တစ်ခုခု ရနေသည်မှာ သေချာပေပြီ။တစ်ကိုယ်လုံး ရှိ ကြွက်သားများ အလွန်နာကျင် ကိုက်ခဲ လာသည်။ သူ ငှက်ဖျားဆေးများစသောက်သည်။မသက်သာ။ သူနာပြု ဆရာမ တစ်ဦးကို ခေါ်၍ ငှက်ဖျားဖြတ်ဆေး ထိုးပေးရန် ပြောခဲ့သည်။
ဆရာမ က သူ၏ လက်မောင်း ကြွက်သားထဲသို့ဆေးထိုးပေးသည်။ ဆေးထိုးစဉ် အလွန်အမင်း နာကျင်စွာ ခံစားရသည်။ ဆေးလေး တစ်လုံး ထိုးရုံဖြင့်ဤမျှလောက် နာကျင်မှုမျိုး ဘယ်တုန်းကမှ မကြုံဖူးခဲ့။ ဤသည်မှာ ပုံမှန်ဖြစ်စဉ်မျိုး မဟုတ်။ဆေးတစ်လုံး ထိုးရုံဖြင့် ဒီလောက်တောင် နာရသလား။ သူတအံ့တသြ တွေးနေမိသည်။ နောက်တော့ ၀မ်းဗိုက်ထဲကအောင့်လာပြန်သည်။ အူရောင်ငန်းဖျား တိုက်ဖွိုက်များ ဖြစ်နေသလားဟု ထင်မိပြန်သည်။ ထို့ကြောင့်ပဋိဇီဝဆေးများ သူဘာသာသူ သောက်သည်။ သို့သော်လည်း ဝေဒနာမှာ လျော့မသွား။ မသက်သာ။ နေမကောင်းလျက်ပင်သူ့လူနာများကြောင့် ဆေးရုံတွင် အလုပ်ဆင်းနေခဲ့ရသည်။ ကြွက်သားမျာနှင့် ၀မ်းဗိုက်ထဲမှနာကျင်မှုမှာ မခံနိုင်လောက်အောင် ပင် ဆိုးဝါးလာသည်။ သူ့အသား များဝါလာသည်။
ဒေါက်တာမူဆိုသည် သူကိုယ်သူ ဘာဖြစ်နေမှန်းမခန့်မှန်းနိုင် တော့။ ရောဂါအမည် မတတ် တတ်တော့။ မခံနိုင်အောင် နာကျင် ကိုက်ခဲ မှုကြောင့်အလုပ်မလုပ် နိုင်တော့။ နောက်ဆုံး နိုင်ရိုဘီ ဆေးရုံ မှ ဆရာဝန် တစ်ဦး ဖြစ်သော ဒေါက်တာအန်တိုနီယာ ဗက်ရှာဝီ ထံ သွားပြသည်။ ဒေါက်တာ အန်တိုနီယာ က သူ့ကို ကြည့် ပေးသည်။ ကိုယ်ပူခြင်းမျက်လုံးနီခြင်း အသားဝါခြင်း ၀မ်းဗိုက်အောင့်ခြင်တို့ကို စစ်ဆေး သည်။ ဘာ့ကြောင့်ရယ်လို့အသေအချာ မပြောနိုင်။ သည်းခြေကျောက်တည်ခြင်း သို့မဟုတ် အသည်းတွင်ပြည်တည်ခြင်း တစ်ခုခုတော့ထင်သည်။ သည်းခြေကျောက်တည်လျှင် အသည်းတွင် ပြည်တည်လျှင် ဖျားမည်။ အသားဝါမည်။ ဗိုက်အောင့်မည်။သို့သော်မျက်လုံးများ နီရဲနေသည် ကိုတော့ ရှင်းမပြနိုင်။ အသည်းကို အာထရာဆောင်း ရိုက်ခိုင်းပြီးပုံရိပ်များကို လေ့လာသည်။ အသည်းကြီး နေသည်မှလွဲ၍ အခြားထူးထူးခြားခြား မတွေ့ရပေ။ သို့သော်ဒေါက်တာမူဆို၏ အခြေအနေကား ပိုဆိုးလာ ခြင်းကြောင့် သီးသန့်ခန်းတွင် ထားပြီး သူနာပြုများကို၂၄နာရီ တာဝန်ချကာ ပြုစုစေသည်။ သူ၏ မျက်နှာ မှာ မျက်နှာဖုံးတစ်ခု တပ်ထားသကဲ့သို့ ခံစားချက်ကင်းမဲ့ နေသည်။
ဒေါက်တာ ဗက်ရှာဝီ က အသက်အန္တရာယ်ရှိသည့်သည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။ ဗိုက်ဖွင့်ပြီး စစ်ဆေးရန် မှတ်ချက်ပြုသည်။ထို့နောက် နိုင်ရိုဘီ ဆေးရုံ၏ ပင်မခွဲစိတ်ခန်းတွင် ဒေါက်တာ အီမရီ လော့ဖ်လာ ဦးဆောင်သောခွဲစိတ်ဆရာဝန်များက ဒေါက်တာမူဆိုကို ခွဲစိတ်ခြင်းပြုသည်။ သူတို့သည် အသည်းတည်ရှိရာ အပေါ်ဘက်နေရာမှ ဗိုက်ကိုခွဲပြီး ဝမ်းကြွက်သားများကို ဆွဲလှန်လိုက်သည်။ ဒေါက်တာ မူဆို၏ ဝမ်းခေါင်းအတွင်း မြင်တွေ့ရသော မြင်ကွင်း၏ ခြောက်ခြားဖွယ်ခံစားရမှုကို သူတို့ ပြောမပြ တတ်အောင်ဖြစ်ရသည်။ ဒေါက်တာ မူဆို၏ အသည်းမှာ နီရဲရောင်ရမ်းနေပြီး ကောင်းစွာ အလုပ်လုပ် ဟန်မတူပါ။ သည်းခြေကျောက်ကိုလည်း ရှာမတွေ့ပါ။ သို့သော် ခွဲစိတ်နေစဉ်သွေးမှာ မတိတ်နိုင် ဖြစ်နေသည်။ ခွဲစိတ်မှုတိုင်းတွင် သွေးကြောများကို ဖြတ်မိသည်မှာ လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။ ဒါးထိသွားသည့် ထိုသွေးကြောမှ သွေးထွက်လာသော်လည်း ခနအကြာတွင် အလိုလို သွေးခဲပြီးရပ်သွား မည်ဖြစ်သည်။ မရပ်သေးလျင် သွေးတိတ်ဆေး (Gelfoam) တစ်မျိုး အုံပေးပါက သွေး တိတ်သွားမည်ဖြစ်သည်။ယခု ဒေါက်တာ မူဆို၏သွေးကြောများမှာ သွေးမတိတ်ဘဲ ဖြစ်နေသည်။ သွေး မခဲ နိုင်တော့ပေ။ ဤသို့သာ ဆက်ထွက်နေပါက လူနာမှာသွေးလွန်တော့မည်။ သွေးတိတ်ဆေးကို ဒေါက်တာ မူဆို၏ အသည်းပေါ် အုံပေးသော်လည်း သွေးမတိတ်ပါ။သွေးများကို စုတ်ထုတ် သော်လည်း ပြန်ပြည့်လာပြန်သည်။ ရေကြောအောက်တွင် တွင်းတူး မိသကဲ့သို့စုတ်ထုတ်၍ မနိုင်အောင် ဖြစ်နေသည်။ တံတောင်ဆစ်မြုပ် အောင်ပင် သွေးများ အိုင်နေသည်ဟုခွဲစိတ်မှုတွင်ပါသည့် ဆရာဝန်တစ်ဦး က နောင်အခါ ပြောပြခဲ့သည်။ သူတို့သည် အသည်းမှ နမူနာအသားစတစ်ခု လှီးယူကာ ဆေးရည်ပါသည့် ပုလင်း တစ်လုံးထဲထည့် သိမ်းပြီး ဒေါက်တာ မူဆို၏ ဝမ်းဗိုက်ကိုအမြန်ပြန်ပိတ် လိုက်ကြသည်။
ခွဲစိတ် ပြီးနောက် ဒေါက်တာ မူဆို၏ အခြေအနေမှာပိုဆိုးလာသည်။ ကျောက်ကပ် အလုပ်မလုပ်တော့။ နောက်ဆုံး အချိန်ရောက်နေပြီ။ ထိုစဉ် ဒေါက်တာဗက်ရှာဝီမှာ နိုင်ငံခြားခရီး ထွက်ရန် အကြောင်း ပေါ်လာရာ သူသည် ဒေါက်တာ ဒေးဗစ် ဆီဗာစတင်၏ကုသမှု အောက်ရောက်ရှိလာခဲ့သည်။ ဒေါက်တာ မူဆို၏ ကျောက်ကပ် ပျက်စီးခြင်း၊ စက်ဖြင့် ကျောက်ကပ်သန့်စင်နေရခြင်း သတင်းကြောင့် ဆေးရုံ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ လူချစ်လူခင်များသူလည်းဖြစ်ရာ သူ့ကို ဆုံးရှုံး ရမည်ကို စိတ်မကောင်းဖြစ်ကြသည်။ ဒေါက်တာ မူဆို တစ်ယောက်ထူးခြားသော ပုံမှန်မဟုတ်သော ဗိုင်းရတ် တစ်မျိုးမျိုး ကူးစက် ခံရခြင်းဖြစ်မည်ဟု ဒေါက်တာဆီဗာစတင်သည် စတင်သံသယ ဝင်လာသည်။ ထို့ကြောင့်သူသည် ဒေါက်တာ မူဆို သွေးမှ သွေးနီဥကိုဖယ်ရှားပြီး အဝါရောင် သွေးရည်ကြည်ကို ထုတ်ယူခဲ့သည်။ အေးခဲထားသည့် ထိုသွေးရည်ကြည် ဖန်ပြွန် တချို့ကို တောင်အာဖရိကနိုင်ငံ စန်ဒရင်ဟန်ဒေသရှိ “အမျိုးသား ဗိုင်းရတ်ပိုးမွှားဗေဒဌာန” နှင့် အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်အတ္တလန်တာမြို့ ရှိ “ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန” သို့ ဓာတ်ခွဲစမ်းသပ်ရန် ပို့ပေးလိုက်ပြီးအဖြေကို စောင့်မျှော် နေခဲ့သည်။
( ရဲညွန့်ဇော် )
No comments:
Post a Comment