Marburg,Germany (from http://johnsigrid.blogspot.sg) |
အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၅)
(RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
ရောဂါရှာဖွေခြင်း
ဒေါက်တာ ဆီဗာစတင် သည် နိုင်ရိုဘီတွင် နေထိုင်သော်လည်း အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အနီးတွင် သူပိုင် အိမ်တစ်လုံးရှိသည်။ မကြာသေးသော နွေရာသီ နေ့တစ်နေ့ က စာရေးသူ စီးပွားရေးကိစ္စ တစ်ခုဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် ဒေါက်တာ ဆီဗာစတင် ကို သူ့အိမ်အနား ရှိ ရှော့ပင်းမော တစ်ခုတွင်းမှကော်ဖီဆိုင် တစ်ဆိုင်တွင် တွေ့ဆုံခဲ့သည်။ ကျွန်ုပ်တို့သည် စားပွဲငယ် တစ်ခုတွင် ထိုင်ကြသည်။သူက စာရေးသူအား မိုနက်နှင့် ဒေါက်တာ မူဆိုတို့ နှစ်ဦး၏ ကေ့စ် ကို ပြောပြသည်။ ဒေါက်တာဆီဗာစတင် မှာ အသက်၄၀ ကျော် အရပ်ပျပ်ပျပ် ပိန်ပိန်၊ မုတ်ဆိတ်မွေးနှင့် ဖြစ်ပြီး မျက်မှန် တပ်ထားသည်။ စူးရှတောက်ပသော မျက်လုံး ရှိသည်။သူသည် အမေရိကန် တစ်ဦးဖြစ်သော်လည်း စကာပြောရာတွင် ဆာဝါဟီလီ လေသံဝဲသည်။ စာရေးသူနှင့်တွေ့ဆုံခဲ့သည့် ထိုနေ့က သူသည် ဒီနမ်း ဂျက်ကက်နှင့် အပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားသည်။သူ့ အသားမှာ နေလောင်ထား၍ ကြေးနီရောင် ပေါက်နေသည်။ ကျန်းမာပြီး အပူအပင် ကင်းသည့် ဟန်ရှိသည်။သူ့မှာ ကိုယ်ပိုင်လေယာဉ် တစ်စီးရှိပြီး သူကိုယ်တိုင်မောင်းသည်။ အရှေ့အာဖရိကတွင် အကြီးဆုံးသောကိုယ်ပိုင်ဆေးခန်း ရှိပြီး ထိုဆေးခန်းကြောင့်ပင် နိုင်ရိုဘီ တွင် ထင်ပေါ်သူ တစ်ဦး ဖြစ်သည်။သူသည် ကင်ညာသမ္မတ ၏ သမားတော်လည်း ဖြစ်ပြီး သမ္မတ၏ ပြည်ပခရီးစဉ်များတွင် အတူလိုက်ပါရသည်။အရှေ့အာဖရိကရှိ ထင်ရှားကျော်ကြား အရေးပါသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း သူ ကုသ ပေးရသည်။အကျင့်ပျက် နိုင်ငံရေးသမားများ၊ သရုပ်ဆောင်မင်းသား မင်းသမီးများ၊ မူးမျိုးမတ်နွယ်များကိုလည်း သူကုသပေးရသည်။ ဒေါက်တာမူဆိုကို သူကုသပေးခဲ့ ရခြင်းကြောင့်လည်း ဤရောဂါ သမိုင်းတွင် သူ၏ နာမည်မှာ လူသိများလာခဲ့သည်။ ဒေါက်တာ မူဆို ကို သူကုသရာတွင် အခြေခံ ကုထုံးမျှသာ သူလုပ်ပေးနိုင်ခဲ့ကြောင်းအာဟာရ ဖြည့်ပေးခြင်း အဖျားချပေးခြင်း ဝေဒနာခံစားမှု သက်သာစေရန် ဆောင်ရွက်ပေးခြင်းသာပြုလုပ်ပေးနိုင် ကြောင်း စာရေးသူအား ပြောပြခဲ့သည်။
ညတစ်ည ၏ နာရီပြန် ၂ချက်တီး အချိန်ခန့်တွင် နိုင်ရိုဘီ ရှိ ဒေါက်တာ ဆီဗာစတင်၏ အိမ်၌ တယ်လီဖုန်း မြည်သံ ထွက်ပေါ် လာသည်။ တောင်အာဖရိကရှိ အမျိုးသားဗိုင်းရတ်ပိုးမွှားဗေဒဌာန သို့ ပို့ခဲ့သော ဒေါက်တာ မူဆို ၏ သွေးထဲတွင် ထူးခြားမှု တစ်ခု တွေ့ရကြောင်းကင်ညာ အခြေစိုက် အမေရိကန်သုတေသီ တစ်ဦး က သတင်းပို့ခြင်း ဖြစ်သည်။ သူ့သွေးထဲမှာ မားဗတ်(Marburg ) ဗိုင်းရတ်ပိုး တွေ့ကြောင်း
အလွန် စိုးရိမ်ဖွယ်ရာဖြစ်ပြီး မားဗတ် ဗိုင်းရတ် အကြောင်းကိုလည်း များများစားစား မသိရသေးဟု ပြောပြသည်။
ဒေါက်တာ ဆီဗာစတင် သည်လည်း မားဗတ် ဗိုင်းရတ် ကိုမကြားဖူး ပါ။ ဖုန်းပြောပြီးနောက် သူ ပြန်အိပ် မရတော့။ မားဗတ် ဗိုင်းရတ် ဆိုတာ ဘာလဲဘယ်လိုလဲ စဉ်းစားနေမိသည်။ သူ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ မူဆို ခံစားနေရ ပုံကို မြင်ယောင်နေမိသည်။ ဘယ်လို ကြောက်မက်ဖွယ် သက်ရှိ ဇီဝမျိုးလဲ။ ဒေါက်တာ မူဆိုကို ဆုံးရှုံး ရတော့မှာလား။ “ကျွန်တော်တို့မားဗတ် ဗိုင်းရတ် အကြောင်း များများစားစား မသိရသေး ပါ” ဆိုသည့် အသံကို ထပ်တလဲလဲ ကြားယောင် နေသည်။ဘယ်လိုမှ အိပ်မရတော့။ နောက်ဆုံး အိပ်ရာမှထကာ အ၀တ်အစားလဲပြီး ဆေးရုံသို့ ထွက်လာ သည်။အရုဏ် မတက်ခင် ဆေးရုံသို့ ရောက်လာသည်။ သူသည် ဆေးပညာ စာအုပ်များကို မွှေနှောက်ပြီး မားဗတ်ဗိုင်းရတ် အကြောင်း ရှာဖွေ တော့သည်။
မားဗတ် ဗိုင်းရတ် အကြောင်း အကျဉ်းမျှရေးထားသည်ကို တွေ့ရသည်။ မားဗတ် ဆိုသည်မှာ ဂျာမန် နိုင်ငံ မှ မြို့တစ်မြို့ အမည် ဖြစ်ပြီးဗိုင်းရတ်၏ မူရင်းဇာတိမှာ အာဖရိက ဖြစ်သည်။ ဗိုင်းရတ်များ အား အမည်ပေး ရာတွင် ပထမဆုံးရောဂါ ဖြစ်ပွားမှု တွေ့ရှိရာမြို့ အမည်ကို ပေးလေ့ရှိသည်။ မားဗတ် မှာ ဂျာမန် အလည်ပိုင်းရှိ မြို့ဟောင်းတစ်မြို့ ဖြစ်ပြီး သစ်တောများ မြက်ခင်းပြင်များ ၀န်းရံ နေသည့်မြို့ဖြစ်သည်။ မြို့၏ တောင်ကြား လွင်ပြင်တွင် စက်ရုံများ တည်ရှိသည်။ ၁၉၆၇ ခုနှစ်တွင် ဤမြို့လေး၌မားဗတ် ဗိုင်းရတ် ဟု အမည်တွင်ခဲ့သည့် ဗိုင်းရတ်တစ်မျိုး ကူးစက်ပြန့်ပွားခဲ့သည်။ စတင်ရာနေရာမှာ (ရောဂါ) ကာကွယ်ဆေး ထုတ်လုပ်သည့် ဆေးဝါးလုပ်ငန်းစက်ရုံ တစ်ရုံ ဖြစ်သည်။ ထိုစက်ရုံမှာ အာဖရိကန် မျောက်စိမ်းများ၏ ကျောက်ကပ်ဆဲလ် ကို အသုံးပြုကာ ကာကွယ်ဆေးများ ထုတ်လုပ်သည်။စက်ရုံ အတွက် လိုအပ်သော မျောက်များကို ယူဂန်ဒါနိုင်ငံမှ တင်သွင်းသည်။ လေကြောင်းမှ တင်သွင်းခဲ့သည့်မျောက်ကောင်ရေ ၅၀၀-၆၀၀ ခန့်တွင် ဤဗိုင်းရတ်ရောဂါပျိုး လာသော မျောက် အနည်းဆုံး ၂ ကောင်၃ ကောင် ပါလာခဲ့သည်။ ထိုမျောက်များမှာ အလွန်မကျန်းမမာသည့် အဆင့်မျိုး မရောက်သေး၍ မျက်မြင်မျှဖြင့် မခွဲခြားနိုင်ပေ။ သို့သော် မကြာမီပင် အခြားမျောက်များကို ကူးစက်တော့သည်။ မျောက်အချို့မှာ နောက်ဆုံးအဆင့် ကွဲကြေပွင့်ထွက်ခြင်း ဖြစ်ပြီး ဒွါရပေါက်များမှ သွေးများယိုစီးကာသေဆုံးကုန်သည်။ ထို့နောက် မားဗတ် ဗိုင်းရတ်သည် လူသားများအား ကူးစက်ကာ မားဗတ်မြို့လေး၏လူထုထဲမှ ထွက်ပေါ်လာတော့သည်။ ဤသည်မှာ ဗိုင်းရတ်တို့၏ မျိုးပွားချဲ့ထွင်ပုံ နမူနာပင်ဖြစ်သည်။
မားဗတ် ဗိုင်းရတ် ပထမဆုံး ကူးစက်ခံရသည့်လူသားမှာထို ဆေးဝါးကာကွယ်ရေးစက်ရုံ မှ ၀န်ထမ်း တစ်ဦး ဖြစ်သည့် ကာလပ် ဆိုသူဖြစ်သည်။ သူ၏ တာဝန်မှာမျောက်များကို အစာကျွေးခြင်းနှင့် မျောက် လှောင်အိမ်များကို ဆေးကြော ရခြင်းဖြစ်သည်။သူ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ရက် နေ့တွင် မားဗတ် ဗိုင်းရတ် ကူးစက်ခံရသည့် လက္ခဏာများ ပေါ်ထွက် လာပြီးနောက် ၂ ပတ်အကြာတွင် သေဆုံးခဲ့သည်။
မားဗတ် ဗိုင်းရတ် အကြောင်း အနည်းအကျဉ်းသာသိရှိကြပြီး စာအုပ်စာတမ်းအနေဖြင့် ၁၉၇၀ ခုနှစ်တွင် မားဗတ်တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့်မားဗတ် ဗိုင်းရတ်အကြောင်း စာတမ်းဖတ်ပွဲတွင် ဖတ်ကြား ခဲ့သော စာတမ်း များကို စုစည်း ထုတ်ဝေထားသည့်စာအုပ်တစ်အုပ်သာ ရှိသည်။ ထိုစာအုပ်တွင် ဤသို့ ဖေါ်ပြထားသည်။
" မျောက်များကို ကိုင်တွယ်သူဟိန်းနရစ် သည် အားလပ်ရက် ခရီးထွက်ရာမှ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင်ပြန်လည် အလုပ်ဝင်ခဲ့ပြီးသူ၏တာဝန် ဖြစ်သော မျောက်များကို သတ်ပေးခြင်းကို သြဂုတ်လ ၁၄ ရက် မှ ၂၃ ရက်နေ့ အထိ လုပ်ကိုင်ခဲ့သည်။သြဂုတ်လ ၂၁ ရက်တွင် မားဗတ် ဗိုင်းရတ် ကူးစက်ခံရသည့် လက္ခဏာများ သူ့တွင် ပေါ်ထွက်လာခဲ့သည်။”
“၁၉၆၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဓာတ်ခွဲခန်း လက်ထောက် ရီနာတီ သည် ကူးစက်စေ နိုင်သော ဗိုင်းရတ် ပိုးများပါသည့်စမ်းသပ်ဖန်ပြွန်ကို ပိုးသတ်ရန်ပြင်ဆင်စဉ် မတော်တဆကွဲသွားသည်။ စက်တင်ဘာ ၄ ရက်နေ့တွင် သူ့တွင် ကူးစက်ရောဂါ လက္ခဏာများတွေ့ရသည်။”
Marburg Virus (Photo from wiki) |
ဤသို့ဖြင့် လူနာများသည် ကူးစက်ခံရပြီး၇ ရက်မြောက်နေ့တွင် ခေါင်းကိုက်ခြင်းဖြင့် စတင်ကာ အပြင်းအထန်ဖျားခြင်း သွေးခဲခြင်းသွေးယိုစီးခြင်း စသည်ဖြင့် သေလုမြောပါး ဝေဒနာများ ခံစားကြရ တော့သည်။ မားဗတ် ဗိုင်းရတ်ပျံ့နှံ့ ဖြစ်ပွားစဉ်အတွင်း ထိုမြို့မှ ဆရာဝန်များက ကမ္ဘာပျက်သုဉ်းမည့် အချိန် ရောက်လာပြီဟုပင်ထင်မိကြသည်။ စုစုပေါင်း လူ ၃၁ ဦး မားဗတ် ဗိုင်းရတ် ကူးစက်ခံရကာ ၇ ဦး သွေးအိုင်ထဲတွင်အသက်ဆုံးခဲ့ရသည်။ မားဗတ် ဗိုင်းရတ် ကူးစက်မှု ကြောင့် သေဆုံးမှုနှုန်းမှာ ၄ ပုံ ၁ ပုံရှိသည်။ ခေတ်မှီ အသက်ကယ် ဆေးဝါးနှင့် စက်ပစ္စည်းများ သုံးစွဲနိုင်သော အကောင်းဆုံးဆေးရုံကြီးများတွင်ပင် မားဗတ် ဗိုင်းရတ် ကူးစက်ခံရသူ လူနာများ၏ ၂၅ ရာခိုင်နှုန်းမှာ သေဆုံးကြသည်။သေဆုံးမှုနှုန်း အလွန်မြင့်သည်ဟု သတ်မှတ်ထားသော ငန်းဝါအဖျားရောဂါ (yellow fever) ဖြစ်စေသည့် ဗိုင်းရတ် ၏ သေဆုံးမှုနှုန်းမှာ ၂၀ ပုံ ၁ ပုံသာရှိသည်။ ထို့ကြောင့်ပင် မားဗတ် ဗိုင်းရတ်သည်အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော ဗိုင်းရတ် ဖြစ်လာခဲ့သည်။
မားဗတ် ဗိုင်းရတ်မှာ ဖီလိုဗိုင်းရတ်(Filoviruses) မျိုးနွယ်ဝင် အဖြစ် ပထမဆုံး တွေ့ရှိသည့် ဗိုင်းရတ် တစ်မျိုး ဖြစ်သည်။ ဖီလိုဗိုင်းရတ် ဟူသည် လက်တင် ဘာသာအရ ချည်မျှင် ဗိုင်းရတ် ဟု အဓိပ္ပါယ် ရသည်။ ဖီလို မျိုးနွယ် ဗိုင်းရတ်များမှာ တစ်မိသားစုတည်း မှ ညီအမများ ကဲ့သို့ ပုံသဏ္ဌာန် အားဖြင့် တူညီကြသည်။အခြားသော ဗိုင်းရတ်မျိုးနွယ် အများစုမှာ လုံးဝိုင်းပြီး ငရုတ်ကောင်းစေ့ နှင့် တူသည်။ဖီလိုဗိုင်းရတ်နွယ်ဝင် ဗိုင်းရတ်များမှာမူ မြွေ၊ သန်ကောင်၊ ဆံပင်ချည် ကဲ့သို့ ရှည်မျောမျောဖြစ်သည်။ ရှုပ်ထွေးနေသည့် ကြိုးမျှင်များနှင့်လည်းတူသည်။ သူတို့သည် သားကောင်(လူနာ)အားအပြီးသတ် ခြေမှုန်းပြီးနောက် လူနာ၏ ခန္ဓာကိုယ်မှ ယိုစီးထွက်လာသော အရည်များ( သွေး၊ ဝမ်း) စသည် တို့တွင် စီးမျောပါ လာတတ်သည်။ ဥပမာပြုရလျှင် ကြာဆံဟင်းရည် ကြမ်းပြင်ပေါ်မှောက်ကျသကဲ့သို့ ဖြစ်သည်။ မားဗတ်ဗိုင်းရတ်သည် တစ်ခါတစ်ရံ ကြိုးကွင်းကဲ့သို့ အဝန်အဝိုင်း သဏ္ဌာန်တွေ့ရတတ်သည်။ မားဗတ်ဗိုင်းရတ်မှာ အဝိုင်း သဏ္ဌာန် ရှိသည့် တစ်မျိုးတည်းသော ဗိုင်းရတ်ဖြစ်သည်။
Ebola Virus (Photo from www.gizmag.com) |
မားဗတ်ဗိုင်းရတ်သည် ဗဟိုအာရုံကြောစနစ်ကို တိုက်ခိုက်ဖျက်ဆီးကာ ဦးနှောက်ကို ကြောက်စရာ ကောင်းအောင်ပင် ထိခိုက်ပျက်စီးစေသည်။ဤသည်မှာ ခွေးရူးပြန် ရောဂါဖြစ်စေသည့် ဗိုင်းရတ်၏ တိုက်ခိုက်ပုံ မျိုးဖြစ်သည်။ ဤဗိုင်းရတ်နှစ်မျိုးမှာ ပုံသဏ္ဌာန် အားဖြင့်လည်း ဆင်တူသည်။ ခွေးရူးပြန် ဗိုင်းရတ်မှာ ကျည်ဆန် ပုံသဏ္ဌာန် ရှိပြီး ဆွဲဆန့်လိုက်လျှင် ကြိုးတစ်ချောင်းနှင့်တူကာ ခွေထားလျှင် ကြိုးကွင်း ကဲ့သို့ဖြစ်သွားသည်။ထို့ကြောင့်ပင် တွေ့ရှိစက မားဗတ်ဗိုင်းရတ် ကို ခွေးရူးပြန် ဗိုင်းရတ်နှင့် ဆက်စပ်မှုရှိမည်ဟု ယူဆခဲ့သည်။ နောက်ပိုင်းတွင်မူ မားဗတ်ဗိုင်းရတ်သည် သီးခြားမျိုးနွယ် ဖြစ်ကြောင်းခိုင်ခိုင်မာမာ တွေ့ရှိခဲ့သည်။
ချားမိုနက် သေဆုံးပြီး နောက်ပိုင်းတွေ့ရှိချက်အရ ဖီလိုဗိုင်းရတ် မျိုးနွယ်တွင် မားဗတ်ဗိုင်းရတ်အပြင် အီဘိုလာ(Ebola) ဟုအမည်ပေးထားသည့်ဗိုင်းရတ် နှစ်မျိုးပါဝင်ကြောင်း သိရသည်။ ထို အီဘိုလာဗိုင်းရတ် နှစ်မျိုးမှာ အီဘိုလာဇိုင်ယာ ( Ebola Zaire) နှင့် အီဘိုလာ ဆူဒန် (Ebola Sudan) တို့ဖြစ်သည်။ ဤ ဖီလိုဗိုင်းရတ်ညီအစ်မ သုံးဖော်တွင် မားဗတ်ဗိုင်းရတ်မှာ အသိမ်မွေ့ဆုံးဖြစ်သည်။ အကြမ်တမ်းဆုံး ကား အီဘိုလာဇိုင်ယာ ဖြစ်သည်။ သတ်ဖြတ်နှုန်းမှာ ကူးစက်ခံရသူ လူသား ဆယ်ယောက်တွင် ကိုးယောက် ဖြစ်သည်။တစ်နည်းဆိုသော် အီဘိုလာ ဇိုင်ယာ ကူးစက်ခံရသူ ၉၀% မှာ သေဆုံးကြရသည်။ အီဘိုလာ ဇိုင်ယာသည်လူသားမျိုးနွယ် တစ်ခုလုံး ကို မျိုးတုံးအောင် သုတ်သင်နိုင်သည့် ကြောက်စရာ အကောင်းဆုံးဗိုင်းရတ် ဖြစ်သည်။
ဂျာမနီတွင် မားဗတ်ဗိုင်းရတ် ကူးစက်ခံရပြီးသေမင်းခံတွင်းဝမှ လွတ်မြောက်လာသူ အားလုံးမှာ ဆံပင်များ ကျွတ်ထွက်ပြီး ခေါင်းပြောင်သွားသည်။ဓာတ်ရောင်ခြည်သင့်သကဲ့သို့ ဆံပင်အမြစ်သေပြီး အဖုတ်လိုက် ကျွတ်ထွက်ကုန်သည်။ မားဗတ်ဗိုင်းရတ်သည်လူနာ၏ ခန္ဓာကိုယ်မှ တစ်ရှုးများကို ဖျက်ဆီးပစ်သည်။ ကိုယ်တွင်း ကလီစာများ ဆက်သွယ်တစ်ရှုးများအူများနှင့် အရေပြားတို့ကို ရက်ရက်စက်စက် တိုက်ခိုက် ဖျက်ဆီးပစ်သည်။ ခန္ဓာကိုယ်တွင်းသွေးယိုမှုဖြစ်စေကာ ဒွါရပေါက်များမှ သွေးများယိုစီးထွက်လာသည်။ မားဗတ်ဗိုင်းရတ်ကြောင့် သေဆုံးခါနီး ယောက်ျား လူနာတစ်ဦး၏ဓာတ်ပုံကို စာရေးသူ တွေ့ဖူးသည်။ မသေဆုံးခင် နာရီအနည်းငယ်က ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။သူသည် အိပ်ရာထဲ လှဲနေပြီး အင်္ကျီဝတ်မထားပါ။ မျက်နှာမှာ ခံစားချက် ကင်းမဲ့ နေသည်။ မျက်နှာ၊ရင်ဘတ်၊ လက်မောင်းတို့တွင် အညိုအမည်းကွက်များ ထွက်နေသည်။ သူ၏ နို့သီးခေါင်းနှစ်ဖက်တွင် သွေးစက်များ သီးနေသည်ကိုတွေ့ရသည်။
အသက်မသေသည့် လူနာများမှာလည်း နာလန်ထကာလတွင်မျက်နှာ လက် ခြေ နှင့် အဂါင်္ဇာတ် တို့မှ အရေခွံများ ကွာထွက်ကုန်သည်။ အချို့သော အမျိုးသားလူနာများမှာကပ်ပယ်အိတ်ကို ကူးစက်ခံရသည်။ ကပ်ပယ်အိတ် နီရဲရောင်ရမ်းကာ တစ်စိတ်တစ်ပိုင်း ပုပ်သည်အထိခံစားရသည်။ အဆိုးရွားဆုံး တွေ့ရသည့် ကပ်ပယ်အိတ်တွင် ကူးစက်ခံရမှုမှာ ရေခဲတိုက်ဝန်ထမ်းတစ်ဦးတွင် ဖြစ်ပွားခဲ့သည်။ သူသည် မားဗတ် ဗိုင်းရတ်ဖြင့် သေဆုံးသည့် အလောင်းများကိုကိုင်တွယ်ရင်း မားဗတ်ဗိုင်းရတ် ကူးစက်ခံရခြင်း ဖြစ်သည်။ မားဗတ်ဗိုင်းရတ်သည်အချို့လူနာများ၏ မျက်လုံးအတွင်းရှိ အရည်တွင် လနှင့်ချီပြီး ခိုအောင်း နေသည်ကို တွေ့ရသည်။မားဗတ်ဗိုင်းရတ်သည် မျက်လုံးနှင့် ကပ်ပယ်အိတ်ကို ဘာ့ကြောင့် ပိုမို နှစ်သက်မှန်း မသိပေ။အမျိုးသားတစ်ဦးမှာ မားဗတ်ဗိုင်းရတ် ကူးစက်နေသည့် သူ၏ အမျိုးသမီးနှင့် လိင်ဆက်ဆံရာမှကူးစက်ခံခဲ့ရသည်။
မားဗတ်ဗိုင်းရတ်သည် ဦးနှောက်ကိုထူးထူးခြားခြား ထိခိုက်စေကြောင်း ဆရာဝန်များ သတိပြုမိ ကြသည်။ လူနာများသည် စိတ်မကြည်မလင်မှုန်ကုပ်ကုပ်ဖြစ်ကာ အနည်းငယ်ရန်လို လာတတ်ကြောင်း တွေ့ရသည်။ လူနာတစ်ဦးမှာ ဦးနှောက်ပျက်စီးကာစိတ်ဖောက်ပြန်သွားသည်။ ဟန့်-အို-ဗွီ ဆိုသူ အခြားလူနာတစ်ဦးမှာမူ စိတ်ဖောက်ပြန်သည့် လက္ခဏာလုံးဝမတွေ့ရပါ။ အဖျားကျသွားပြီး ပုံမှန် အနေအထား ရောက်လာပြီဟု ထင်ရသည်။ သို့သော် ကောက်ခါငင်ခါသွေးပေါင်ချိန်ထိုးကျသွား ကာ နောက်ဆုံးအခြေအနေသို့ ရောက်သွားပြီး သေဆုံးသွားခဲ့သည်။သူ၏အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ ကြသည်။ သူ၏ဦးခေါင်းခွံကို ဖွင့်လိုက်သည့်အခါ ဦးနှောက်အလယ်တွင် အလွန်ဆိုးရွားသော သွေးယိုမှုကို တွေ့လိုက်ရသည်။ ပွင့်ထွက်ခြင်းသည် သူ၏ဦးနှောက်အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ပင်တည်း။
အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များသည်ဂျာမနီသို့ တင်သွင်းခဲ့သည့် မျောက်များ၏ မူရင်းဒေသကို သိရှိရန်စုံစမ်းခဲ့ကြသည်။ ထိုမှတစ်ဆင့်မားဗတ်ဗိုင်းရတ် ရှင်သန်ပေါက်ဖွားရာ သဘာဝဝန်းကျင်ကို တိတိကျကျ ဖော်ထုတ်နိုင်မည်ဖြစ်သည်။မားဗတ်ဗိုင်းရတ်သည် မျောက်များတွင် စတင်ပေါက်ဖွားခြင်းတော့ မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်ဗိုင်းရတ် ပေါက်ဖွားမျိုးပွားရန် အငှားခန္ဓာအိမ်အဖြစ် အောင်မြင်စွာ မပြောင်းလဲနိုင်ခင်မှာပင် မျောက်တို့မှာ တိုတောင်းသောကာလအတွင်း သေဆုံးကုန်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် မားဗတ်ဗိုင်းရတ် ပေါက်ပွားရာ မူလခန္ဓာအိမ်သည်အခြားသော သတ္တဝါမျိုးဖြစ်နိုင်ပေသည်။ အင်းဆက်လား၊ ကြွက် လား၊ ပင့်ကူ လား၊ တွားသွားသတ္တဝါ တစ်မျိုးလား။ မျောက်တို့အား မည်သည့်နေရာဒေသမှထိုဗိုင်းရတ် ကူးစက်ခဲ့ပါသနည်း။ ထိုနေရာကား မားဗတ်ဗိုင်းရတ် ပုန်းခိုရာနေရာ ဖြစ်ပေမည်။
ဂျာမနီတွင် မာဗတ်ဗိုင်းရတ် တွေ့ရှိပြီးနောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် ယူဂန်ဒါနိုင်ငံသို့သွားရောက်ပြီး မားဗတ်ဗိုင်းရတ် ကူးစက်ခဲ့သော မျောက်များ၏ မူလနေရာကို ဖေါ်ထုတ်ရန် ကြိုးပမ်းခဲ့သည်။ထိုအဖွဲ့သည် ယူဂန်ဒါ အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် တဝဲလည်လည်ဖြစ်ကာ မားဗတ်ဗိုင်းရတ်၏ ရင်းမြစ်ကို မဖော်ထုတ်နိုင်ခဲ့ပေ။
ဤကိစ္စသည် နှစ်အတန်ကြာအောင် ပဟေဠိဆန်သောပုစ္ဆာ တစ်ပုဒ်ဖြစ်နေခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မားဗတ်ဗိုင်းရတ် ကူးစက်ခံရသည့် မျောက်တို့အကြောင်း သိရှိသည့်မျက်မြင်သက်သေတစ်ဦး ပေါ်ထွက် လာခဲ့သည်။ ထိုသူမှာ အမည် မဖော်လိုသူ အင်္ဂလိပ်လူမျိုး တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သည်။ (ရဲညွန့်ဇော်)
No comments:
Post a Comment