၁၁၊ ၀၄၊ ၁၉၈၈
တနင်္လာနေ့
ဒီနေ့ လှိုင်မျိုး
အလုပ်ပြန်ဆင်းတယ်။ သူတို့ ETEC စာမေးပွဲ ပြီးသွားပြီ။ သူ ခွင့်ယူ ထားတုန်း က ပျင်းစရာ ကောင်းလိုက်တာ။
လှိုင်မျိုး နဲ့ ငါ က ညီအကို လို ခင်ကြတာ။ သက်တူ ရွယ်တူပဲ။ အမြင်ချင်းတူ၊
သဘောချင်း တိုက်ဆိုင်တာ များတယ်။ တစ်ယောက် သဘော တစ်ယောက် နားလည်ကြ တယ်။
သူခွင့်ယူ ထားတုန်း က ငါ့ မှာ ဦးနှောက် ခြောက်စရာ တွေ တော်တော် ကြုံရတယ်။ ကို ဌေးလှိုင် ကတော့ သူ့ကိစ္စသူရှင်းတယ်။ သူများကိစ္စ ကိုဝင် မပါဘူး။ တစ်ခါ တစ်လေ စိုးရိမ်လွန် တတ်တယ်။ တစ်ခါ တစ်လေ တော့လည်း သူ က အစွန်းရောက် အောင် တွေး တတ်တယ်။ ဒါပေမဲ့ စိတ်ချရတဲ့သူ။ အားကိုးရတဲ့ သူပါ။
အခုတစ်လော ငါလည်း အလုပ်တွေ ရှုပ်၊
ကိုဌေးလှိုင်လည်း အလုပ်တွေရှုပ်နေ ကြတယ်။ နှစ်ယောက်သား စိတ်ချ လက်ချ တိုင်ပင်လို့
ရမယ့် သူ မရှိတော့ စိတ်ညစ်နေ ကြတယ်။ အလုပ် ထဲ မှာ စိတ်ချ လက်ချ တိုင်ပင် လို့ ရတာ
ဆို လှိုင်မျိုး တစ် ယောက်ပဲ ရှိတာလေ။
ဒီနေ့ အလုပ်ပြန်ဆင်း တော့ ငါတို့
နဲ့ အလုပ် ကူလုပ်တယ်။ နေ့ခင်း ငါ စာမေးပွဲ အောင်လို့ သူတို့ ကို အအေးတိုက် တယ်။
လူ့ဘဝ မှာ တွေ့ကြ ဆုံကြ ခွဲခွါကြ
ရတာ ဖြစ်ရိုးဖြစ်စဉ် တွေပဲ။ တွေ့ဆုံခြင်းဟာ ခွဲခွါခြင်းရဲ့ အစပဲ။ တစ်ယောက်နဲ့
တစ်ယောက် ခင်မင်ကြ ပေမဲ့လည်း ကိုယ်ဘဝ ဇာတ်ကြောင်းနဲ့ ကိုယ် ဆိုတော့ စိတ်အလို
အတိုင်း မလိုက် နိုင်ကြဘူး။ အခု ငါကဘွဲ့ရပြီ ဆိုတော့ တစ်ခြားအလုပ်ရှာတော့မယ်။
ခင်ပေမယ့် အတူ အလုပ်လုပ်ချင် ပေမယ့် မဖြစ်နိုင်တော့ဘူး။ ကိုယ့်ခရီး ကိုယ်လျောက်
ရတော့မယ်။ ကိုယ့်လမ်း ကိုယ်လျောက် ပြီး ကိုယ့် ဘဝ ကိုယ်ကျောင်း ရတော့မယ်။ ခွဲခွာ
ကြရတော့မယ့် အချိန် တဖြည်းဖြည်း နီးလာပြီပေါ့။ နောက်ဆို ပြန်တွေ့ ကြမလား
မတွေ့ကြဘူး လား ဆိုတာ သေသေချာချာ မပြောနိုင်ဘူး။ ကံမကုန်သေးရင် ရေစက်ရှိသေးရင်
တော့ ပြန်တွေ့ကြရမှာပေါ့။ ငါကသာ ကြိုတွေးနေတာ သူတို့တွေက စဉ်းတောင် စဉ်းစား ကြမှာ
မဟုတ်ဘူး။
နေ့လည် ၁၂နာရီခွဲ လောက်မှာ
ကိုကျော်ဆင့် စက်ရုံထဲ ကိုလာတယ်။ ငါ့ အတွက် ပုဆိုး တစ်ထည် အကျႌ တစ်ထည် စွပ်ကျယ်
တစ်ထည် လာပေးတယ်။ (၁၊၀၄၊၁၉၈၈ - ရက်နေ့ ညက အိမ် မှာ သူခိုး ခိုး ခံရ တယ်။ မေမေ နဲ့
ငါတို့ မောင်နှမ တွေရဲ့ ရှိစု မဲ့စု အဝတ်အစား တွေ အကုန်ပါသွားတယ်။ ငါ့ အကျႌ တစ်ထည်
ပဲ ကျန်ခဲ့တယ်။ ၂၊၀၄၊၁၉၈၈ - မနက် ကျောင်းမှာ အောင်စာရင်း သွားကြည့် တော့
ကိုကျော်ဆင့် နဲ့ တွေ့ ပြီး သူသိသွားတာ။ သူလည်း စာမေးပွဲ အောင်တယ်။) ငါက မယူဘူး
လို့ အတန်တန် ငြင်းပါတယ်။ မရဘူး။ အတင်းပေးသွားတယ်။ ခုကာလ မှာ ပုဆိုး အကျႌ
တစ်ထည်ရဲ့ တန်ဘိုးက နည်းတာ မဟုတ်ဘူး။ သူ့အလှည့် ကိုယ့် အလှည့် ရှိမြဲပဲလေ။
တစ်နေ့တော့ ပြန်ဆပ်ခွင့် ကြုံဦး မှာပါ။
ဒီနေ့ ငွေစုငွေ ချေး ပေးတော့ ထင်တဲ့
အတိုင်းပဲ ငါ မရဘူး။ အိမ်မှာ ငွေလိုနေတယ်။ မေမေ့ ကို ဘယ်လို ပြောရ မှန်းတောင်
မသိဘူး။ ဒီငွေလေး ကို မျှော်နေ ကြတာ။ ဘယ်သူ့မှလည်း အပြစ် မတင် ချင်တော့ပါဘူး။
ငွေစုငွေချေး ကိုင်တဲ့ သူတွေ ကလည်း လက်သင့် ရာပဲ ဦးစားပေး ချပေး နေကြတာ။
စိတ်ပင်ပန်း တာ တော်တော် ဆိုးတယ်။ ခေါင်းမူးနောက် ပြီး ကိုက်ခဲနေတယ်။ ရင်ထဲ
မရှင်းဘူး။ ထမင်းစား လို့လဲ မရဘူး။ အိပ်ချင်စိတ် လည်း မရှိဘူး။ စိတ်ရှုပ်ထွေး ပြီး
လွင့်နေတယ်။ စိတ်လိုက် မာန်ပါ တစ်ခုခု လုပ်ပစ် ချင်စိတ် တွေ ပေါ် နေတယ်။ ဒါပေမယ့်
အဓိပ္ပါယ် မရှိတဲ့ ပရမ်း ပတာ တွေ ပဲ ဖြစ်သွား မယ်ဆို တာ သိလို့ ထိန်းချုပ်ထားရတယ်။
စိတ်ကျဉ်း ကျပ်ပြီး ပင် ပန်း လိုက်တာ။
No comments:
Post a Comment