၁၅၊ ၀၄၊ ၁၉၈၈
နှစ်ဆန်းတစ်ရက်နေ့။ သင်္ကြန် ပြီးပြီ။ မေမေ နဲ့
ဂျိုး ဥပုသ် စောင့်သွားကြတယ်။ ဗျိုင်း နဲ့ ကျွန်တော် ပဲ ကျန်ခဲ့တယ်။
စားသောက်ပြီးတော့ ထုံးစံ အတိုင်း စာဖတ် နေကြတယ်။
ပထမ နှစ် ကနေ နောက်ဆုံး နှစ် အထိ
ပို့ချချက် စာအုပ်တွေ ထုတ်ပြီး ပြန်ဖတ်တယ်။ ပါဠိ ပို့ချချက် တွေ ထဲက
သီလဝီမံသနဇာတ်၊ သမ္မောဒါမာနဇာတ်၊ နရိန္ဒဇာတ်၊ လောကနီတိ နဲ့ ဓမ္မပဒ တွေကို ပြန်ဖတ်
တယ်။ ကဗျာ ပို့ချ ချက် ထဲက ဓနုဖြူတွင် ချီ ရတု ကို ဖတ်ရင်း စျာန်ဝင်သွားတယ်။
ရေကြောင်းစစ်ချီ ရင်း ဓနုဖြူ ကို ရောက်တော့ ည မိုးချုပ် နေပြီ။ မြစ်ပြင် တစ်ခုလုံး
မှောင်မိုက် နေတယ်။ မိုး က ရွာ၊ လေပြင်းတွေတိုက်၊ လှိုင်း တွေ ရိုက်၊ ရေ တွေ ကြီး၊
လှေ တွေ မထိမ်းနိုင် မသိမ်းနိုင်ဖြစ် ပြီး မြစ်ထဲမှာ ရှုပ်ရှက် ခတ် ကုန်တယ်။ မိုး
က လည်း မစဲပဲ ရွာ၊ မြစ်ကမ်း ကမ်းပါး ကလည်း ရွှံ့ညွှန် တွေ အပြည့်၊ ကိုင်းပင်တွေ၊
ကျူပင် တွေ၊ ချုံနွယ် တွေ ကလည်း တိုး မပေါက်၊ မှက် ခြင် ဖြုတ် တွေ ကလည်း ကြဲချ
လိုက် သလို တဖွဲဖွဲ ကျလာ၊ ရဲမက် တွေ ညကြီး မိုးချုပ် မြစ်ထဲ မှာ ကြံုကြ ရပုံ ကို
ဖွဲ့ ထားတာ သိပ်ပီပြင်တာပဲ။
ပရစ်ဖြာစီ ချီ ရတု၊ တင့်လှပေဟန်
ချီ ရတု၊ နွဲ့နွဲ့ကိုယ်ပြင် ချီ ရတု၊ ထစ်အုံ့ပျသည် ချီ ရတု၊ နွေနှင့်နှီး၍ ချီ
ရတု၊ ဝဏ္ဏပဘာ ချီ ရတု တွေ ကိုလည်း ပြန်ပြီး စေ့စေ့ စပ်စပ် ဖတ်ဖြစ်တယ်။ စာမေးပွဲ
အတွက် ဖတ်တာ မျိုး မဟုတ်တော့ အရသာ ခံစား လို့ ရတယ်။ ဖတ်ရင်း တွေးရင်း စဉ်းစားရင်း
ရင်ထဲထိအောင် ခံစားရတယ်။
ဒဂုန်တာရာ ရဲ့ ဝတ္ထုတို
ပေါင်းချုပ် ကို လည်း ဖတ်ဖြစ်တယ်။ အဖွဲ့အနွဲ့ ကောင်းတယ်။ စကားလုံး တွေ လှ တယ်။
ဖတ်ရင်း ကြိုက်တဲ့ စာပိုဒ် တွေကို စာအုပ် တစ်အုပ် နဲ့ ကူးရေးတယ်။ စု တု ပြု ဖို့
စုနေတာလေ။
ရေနွေးကြမ်း ခါးခါး တစ်အိုး နဲ့
တစ်နေ့ခင်းလုံး စာဖတ် နေလိုက်တယ်။
No comments:
Post a Comment