Thursday, 1 May 2014

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၉)

အန္တရာယ် ရပ်ဝန်း (အပိုင်း ၁ - ၉)
 (RICHARD PRESTON ၏ “THE HOT ZONE” ကို ပြန်ဆိုသည်။)
                                                             အီဘိုလာ ပရောဂျက်

Ebola River(from http://shakara.files.wordpress.com)
 အာဖရိက တိုက်ရှိ ထင်ရှားသည့်  မြစ်ကြီး တစ်စင်း ဖြစ်သော ဇိုင်ယာမြစ် ဟုလည်း ခေါ်သည့် ကွန်ဂိုမြစ်ကြီးတွင် မွန်ဂါလာ ဟုခေါ်သော မြစ်လက်တက် တစ်ခုရှိသည်။ ထို မွန်ဂါလာမြစ် ၏ မြစ်ဖျား ပိုင်းတွင် မြစ်ငယ် တစ်ခုရှိသည်။ ထိုမြစ်ငယ် သည် ထူထဲလှ သော မိုးသစ်တော အတွင်းမှ စီးထွက် လာကာ ပြန့်ကြဲ နေသော ကျေးရွာများအား ရစ်ဝိုက် ဖြတ်သန်းပြီး မွန်ဂါလာမြစ် ထဲသို့ စီးဝင်သည်။ ဤမြစ်ငယ်ကား အီဘိုလာမြစ် ပင်တည်း။ ၁၉၇၆ ခု စက်တင်ဘာလ က အီဘိုလာမြစ်၏ မြစ်ဖျားပိုင်းရှိ ရွာပေါင်း ၅၅ ရွာ တွင် ကူးစက်ရောဂါ တစ်မျိုး တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သည်။ ကူးစက်ခံရသူ ၁၀ ဦးတွင် ၉ ဦး သေဆုံးခဲ့သည်။ ဤကူးစက်ရောဂါသည် မည်သည့် နေရာမှ ထွက်ပေါ်လာသည်ကို မသိရသော ဗိုင်းရတ်ပိုး တစ်မျိုးကြောင့် ဖြစ်ပြီး အီဘိုလာမြစ် အား အစွဲပြု၍ ထိုဗိုင်းရတ် ကို အီဘိုလာ ဗိုင်းရတ် ဟုအမည်ပေးခဲ့သည်။ အီဘိုလာ ဗိုင်းရတ် မျိုးကွဲ များတွင် အီဘိုလာ ဇိုင်ယာ မှာ အပြင်းထန်ဆုံး ဖြစ်သည်။ ဆေးဝါးသုတေသန ဌာန (USAMRIID) တွင် အီဘိုလာ ဇိုင်ယာ အား ကိုင်တွယ် သုတေသန ပြုရမည် ကို အလွန်ကြောက်ကြသည်။ အီဘိုလာ ဗိုင်းရတ် အား ကိုင်တွယ် သုတေသန ပြုသူ များကို လူရူးလူမိုက် များဟု သတ်မှတ်ကြသည်။ အီဘိုလာ နှင့် ပတ်သက်ခြင်းသည် သေမင်းကို မျက်စောင်းထိုး နေခြင်းပင် ဖြစ်သည်။ ထောင့်သန်းရောဂါပိုးကို ကိုင်တွယ် သုတေသနပြု ရခြင်းသည်ပင် အီဘိုလာ ဗိုင်းရတ် နှင့် ပတ်သက်ရခြင်းထက် ပို၍ စိတ်ချရပေသည်။
     ယူဂျင်း ဂျွန်ဆင် သည် ကူးစက်​​ရောဂါ ပိုးမွှားများ ဆိုင်ရာ အရပ်သား ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်ပြီး အမေရိကန် ကြည်းတပ် ကူးစက်​​ရောဂါများဆိုင်ရာ ဆေးသုတေသန ဌာန (USAMRIID) တွင် အီဘိုလာ ဗိုင်းရတ် သုတေသန လုပ်ငန်း ကို ဦးစီး ဆောင်ရွက် နေသူ ဖြစ်သည်။ သူသည် အလွန်ပြင်းထန် ကြောက်ဖွယ်​​ကောင်း သည့် ဗိုင်းရတ် များ အကြောင်း ကျွမ်း ကျင် ပိုင်နိုင်ပြီး မည်သို့ကိုင်တွယ် ရမည်ကို တကယ်လက်​​တွေ့ သိရှိသူ တစ်ဦး ဖြစ်သည်။ ကမ္ဘာ ပေါ် တွင် ဤသို့သော ပညာရှင်မျိုး လက်တစ်ဆုပ်စာ မျှသာ ရှိသည်။ သူသည် ကမ္ဘာပေါ်တွင် ထိပ်တန်း အီဘိုလာ ဗိုင်းရတ် မုဆိုး တစ်ဦးလည်း ဖြစ်သည်။      
     ဂျွန်ဆင် သည် လူထွားကြီး ဖြစ်​​သည်။ ကျယ်ပြန်သော မျက်နှာ တွင် ထူပျစ်​​သော အညိုရောင် မုတ်ဆိတ်​​မွေး များ ရှိသည်။ အညိုရောင် ဆံပင်များက ဦးခေါင်းထက်တွင် အမြဲ ဖရိုဖရဲ ဖြစ်​​နေတတ်သည်။ စူးရှသည့် မျက်လုံး ဖြင့် စိန်းစိန်း ကြည့်တတ် သည်။ စူထွက်​​နေသည့် ဗိုက်သား များက ခါးပတ် ကို ကျော်ထွက်​​နေသည်။ သူ၏ ပုံပန်း သဏ္ဌာန်မှာ စစ်တပ်အတွက်ရေးပါ သော လုပ်ငန်းများ လုပ်ကိုင် နေသူ တစ်ဦး ဟု မထင်ပေ။ တကယ်​​တော့ သူသည် ကူးစက်​​ရောဂါ ပျံ့ပွား ခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ ဘာသာရပ်တွင် ထိပ်တန်း ပညာရှင် တစ်ဦး အဖြစ် ဂုဏ်သတင်ကျော်​​စော သူတစ်ဦး ဖြစ်သည်။ လုပ်ကိုင်​​နေသည့် လုပ်ငန်း သဘောသဘာဝ အရ သူ၏တွေ့ ရှိချက်တိုင်း ကို ထုတ်ပြန်ခြင်း မပြု နိုင်​​ပေ။ ထို့ကြောင့်ပင် သူ၏ ဂုဏ်သတင်ကျော်​​စောမှု မှာ လျို့ဝှက် ဆန်​​နေခြင်း ဖြစ်သည်။ ဂျွန်ဆင် ၏ အကြောင်ပြောကြ လျှင် အများဆုံး ကြားရမည်မှာ "ဒါ ဂျွန်ဆင် လုပ်တာ" "ဒါ ဂျွန်ဆင် ရဲ့ တွေ့ရှိ ချက်" စသည့် အံ့ဩ တကြီး ရေရွတ်သံ များပင် ဖြစ်သည်။ သူသည် ရှက်ရွံ့ တတ်သူ ဖြစ်ပြီး လူအများ နှင့် ဆက်ဆံရာ တွင် သံသယ နှင့် ဆက်ဆံ တတ်သည်။ ဗိုင်းရတ် များနှင့် ဆက်ဆံရာ တွင်မူ အလွန့်အလွန် ကြီးမားသော သံသယ နှင့် ဆက်ဆံ လေသည်။ စာရေးသူ တွေ့ဖူး သမျှ သူများသည် ဂျွန်ဆင် ကို ဗိုင်း ရတ် ပိုးမွှား များထက် ပို၍ ကြောက်ရွံ့ ကြလေသည်။ ဤ ကြောက်ရွံ့မှု မှာ ပညာရှင် အား အထင်ကြီးခြင်လေးစားခြင်း စသည့် အသိတရား မှ ထွက်​​ပေါ်လာ ခြင်း ဖြစ်သည်။ သူသည် အီဘိုလာ ဗိုင်းရတ် နှင့် မားဗတ် ဗိုင်းရတ် ၏ ပေါက်ပွားရာ မူရင်း ဒေသကို သိရှိရန် ဗဟို အာဖရိက၌ နှစ်ပေါင်းများစွာ သွားလာ ရှာဖွေခဲ့ ဖူးသည်။ အာဖရိက တစ်ခွင် ပြဲပြဲစင် အောင် ရှာဖွေခဲ့သော်လည်း ထိုဗိုင်းရတ်တို့ သဘာဝအလျောက် ပေါက်ပွား ခိုအောင်းရာနေရာ ကို ရှာမတွေ့ ခဲ့ပါ။ ဤဖီလို ဗိုင်းရတ်မျိုးနွယ်တို့ အဘယ်သို့သော နေရာက လာပြီး အဘယ်သို့သော သဘာဝ ဝန်းကျင်တွင် ပေါက်ပွား ရှင်သန်ကြသည်ကို မည်သူမျှ မသိကြပါ။ သစ်တောများ အတွင်းမှ ထွက်လာကာ ဗဟိုအာဖရိက မြက်ခင်းပြင်၊ လွင်ပြင် များသို့ ရောက်ရှိသွားသည့် ခြေရာများ ကိုတော့ တွေ့ရပေသည်။ ပုန်းကွယ်နေသည့် အီဘိုလာ ဗိုင်းရတ် ရိပ်မြုံကို ရှာဖွေတွေ့ရှိရေးသည် ဂျွန်ဆင်၏ မဟာရည်မှန်းချက်ကြီး ပင်ဖြစ်သည်။

Biosafety Level 4 Suit
(from http://www.wolfhazmat.de)
     ဤသုတေသန ဌာန၌ အီဘိုလာ သုတေသန လုပ်ငန်းအား ဖြစ်နိုင်လျှင် မည်သူမျှ မပတ်သက် လိုပါ။ အီဘိုလာ ဗိုင်းရတ် က လူသားမျိုးနွယ်တစ်ခုလုံး အား ကမ္ဘာ မြေပေါ်မှ ပျောက်ကွယ်သွား စေနိုင်သည့် ရောဂန္တရ ကပ်ဆိုးကြီးကို ဖြစ်ပေါ်စေနိုင်သည်။ အီဘိုလာ သုတေသန ကို လုပ်ကိုင်နေသူများ အား ဤ ကပ်ဆိုးကြီး က အမြဲ ခြိမ်းခြောက် နေသည်။ အာကာသ ဝတ်စုံ ကဲ့သို့ တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့် အလွန်လုံခြုံသည့် ကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံ ပြည့် ဝတ်ဆင်ထားလျက် ကပင် ဤ ဗိုင်းရတ်ပိုး အား ကိုင်တွယ်ရမည်ကို ကြောက်ရွံ့ ကြသည်။ အီဘိုလာ ဗိုင်းရတ်ကို သုတေသနပြုရင်း အီဘိုလာ ဗိုင်းရတ် က သူတို့အား သုတေသနပြု သွားခြင်းမျိုး မဖြစ်လိုပေ။ မည်သည့် သက်ရှိ သတ္တဝါ မျိုးတွင် အီဘိုလာ ဗိုင်းရတ် ခိုမှီ ရှင်သန်နေသည် မသိ။ ဤသက်ရှိ သတ္တဝါသည် ယင်ကောင် လား၊ လင်းနို့ လား၊ မွှား လား၊ ပင့်ကူ လား၊ ကင်းမြီးကောက် လား၊ တွားသွား သတ္တဝါ တစ်မျိုးမျိုး လား၊ ကုန်းနေ ရေနေ သတ္တဝါ တစ်မျိုးမျိုး (ဥပမာ ဖား လား၊ ရေပုတ်သင် လား)၊ မသိနိုင်သေးပါ။ အခြား တိရစ္ဆာန် တစ်မျိုးမျိုး (ဥပမာ ကျားသစ် လား၊ ဆင် လား) မသိနိုင်သေးပါ။ ဗိုင်းရတ် ရှိနေသည့် သတ္တဝါ မှ အခြားသတ္တဝါ သို့ မည်သို့ မည်ပုံ ကူးစက် ပျံ့နှံ့စေသည် ကိုလည်း တိတိပပ မသိရသေးပါ။
     ဂျွန်ဆင် သည် အီဘိုလာ ဗိုင်းရတ် ကို သုတေသန ပြုလုပ်သည့် အချိန်မှ စ၍ ထိတ်လန့်ဖွယ် အိပ်မက်ဆိုး တစ်ခုကို မကြာခဏ မက်ခဲ့သည်။ အိပ်မက် မှာ အမြဲ ထပ်တူ နီးပါး ဖြစ်ပြီး ချွေးစေး များ ရွှဲနစ် အေးစက်ကာ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် လန့်နိုး ခဲ့သည်ချည်း ဖြစ်သည်။ အိပ်မက်ထဲတွင် ဂျွန်ဆင်သည် ကူးစက်ရောဂါ ကာကွယ်ရေး ဝတ်စုံပြည့် ဝတ်ဆင်ကာ အလုပ် လုပ်နေသည်။ လက်အိပ်ဝတ်ထားသည့် သူ၏ လက်နှစ်ဖက်တွင် အီဘိုလာ ဗိုင်းရတ် များ ပါသော အရည် ထည့်ထားသည့် ဖန်ပြွန် ကို ကိုင် ထားသည်။ ထိုစဉ် ဖန်ပြွန်ထဲမှ အရည်များ သူ့လက်ပေါ်သို့ ဖိတ်ကျသွားသည်။ ရာဘာ လက်အိပ်ဝတ် ထားသော်လည်း အသေအချာ ကြည့်သော အခါ  သူ့လက်အိပ် တွင် အပေါက်များ အပြည့် ဖြစ်နေသည်။ ဗိုင်းရတ် အရည်များသည် အပေါက်များမှ သူ့လက်ပေါ် စီးကျ လာပြီး ဝတ်စုံ အတွင်းရှိ ခန္ဓာ ကိုယ်ပေါ် ရောက်ရှိ လာခဲ့သည်။ သူသည် ထိတ်လန့်စွာ အော်ဟစ် ရင်း လန့်နိုး သွားသည်။ မိမိ ဘေး၌ အိပ်မောကျ နေသော ဇနီးသည် ကို မြင်မှ အိပ်မက် မက်မှန်း သတိပြုမိသည်။
     လက်တွေ့ကျကျ ပြောရလျှင် အီဘိုလာ ဗိုင်းရတ်သည် လူသားများ ထံသို့ လုံးလုံးလျားလျား အပြီးအပြတ် ထိုးဖေါက် ဝင်ရောက် လာနိုင်ပြီ ဟု မဆိုနိုင်သေးပါ။ သို့သော် ထိုသို့ ဖြစ်ရန် အလွန် နီးစပ် နေပြီ ဟု ဆိုနိုင်ပါသည်။ အာဖရိက တွင် ဤ နေရာတွင် ပေါ်လာလိုက်၊ ဟိုနေရာ တွင် ပေါ်လာ လိုက် နှင့် ဖြစ်နေရာ ကူးစက်မှု အငယ်စားလေးများ မှသည် ထိန်းချုပ် မရနိုင်သည့် ရောဂန္တရ ကပ်ဆိုးကြီး အဖြစ်သို့ ရောက်ရှိ သွားမည် ကို စိုးရိမ် နေကြရ သည်။ ကာကွယ် ဆေးလည်း မရှိ၊ ကုသ၍ လည်း မရ၊ ကူးစက် ခံရသူ ၁၀ ဦး တွင် ၉ ဦး သေဆုံး စေ သော ဤရောဂါ သည် တစ်ကမ္ဘာ လုံး ကူးစက် ပျံ့နှံ့ သွားသည် ဆိုပါစို့။ ဖြစ်ပေါ် လာမည့် ပျက်စီး ဆုံးရှုံး မှု ကား မတွေးရဲပါ။ “ အီဘိုလာ မည်သို့ ဖြစ်လာသည်၊ ဘာတွေ လုပ်ဆောင် ဦးမည် ကို မသိပါ။ ကြိုတင် မခန့်မှန်း နိုင်ပါ။ အီဘိုလာ ဗိုင်းရတ် သည် သန္ဓေ အဆင့်ဆင့် ပြောင်းကာ ယခု ဖြစ်ပွားနေသော အအေးမိ တုပ်ကွေးရောဂါ ကဲ့သို့ လေထဲမှ တစ်ဆင့် ကူးစက် နိုင်သည့် အနေအထားဖြင့် လည်း ပေါ်ထွက်လာ နိုင်သည်။ ထိုအခါ မျိုးတွင် တစ်ကမ္ဘာ လုံး လွှမ်းခြုံ သွားရန် တစ်လခွဲ ခန့်သာ ကြာပါမည်။ ကပ်ရောဂါ တစ်ခု အသွင်ဖြင့် လူဦးရေ အမြောက်အများ ကို အသက်ဆုံးရှုံး စေနိုင်မည်။ သို့မဟုတ် တိတ်တိတ်ဆိတ်ဆိတ် ခိုအောင်းနေပြီး လူဦးရေ အနည်းငယ် စီကို တတိတိ ဖြင့် သုတ်သင် ၍လည်း နေနိုင်ပါသည်။ ” ဟု ဂျွန်ဆင် က ဆိုသည်။
     အီဘိုလာ ကား မီးမုန်တိုင်း တစ်ခု ဟု ဆိုနိုင်ပါသည်။ လူသား မျိုးနွယ် တစ်ခုလုံးအား အချိန်တိုတို အတွင်း ပျက်သုဉ်းသွား စေနိုင်သည့် အဖျက်စွမ်းအား ရှိသည်။ အီဘိုလာ သည် ဝက်သက် ရောဂါ၊ ပါချိတ်ရောင် ရောဂါ၊ ခွေးရူးပြန် ရောဂါ တို့နှင့် အနည်းငယ် ဆက်စပ်မှု ရှိပါသည်။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ များကို ဖြစ်စေသည့် အချို့သော ဗိုင်းရတ် များ (Pneumonia viruses, Parainfluenza viruses, Respiratory Syncytial viruses) တို့ နှင့် လည်း ဆက်စပ်မှု ရှိသည်။  အီဘိုလာ ဗိုင်းရတ် သည် အခြားသော ဗိုင်းရတ် တို့ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာ များထဲမှ အဆိုးဝါးဆုံးသော လက္ခဏာများ  ကို စုစည်း ရယူထား ပါသည်။ ဥပမာ ဝက်သက် ကဲ့သို့ တစ်ကိုယ်လုံး အနီရောင် အဖုအပိန့်များ ထွက်ခြင်း၊ ခွေးရူးပြန် ကဲ့သို့ စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း၊ ရူးသွပ်ခြင်း၊ နှင့် အခြားသော အအေးမိ ဖျားနာခြင်း လက္ခဏာ များ ဖြစ်သည်။
     အီဘိုလာ ဗိုင်းရတ် တွင် မတူညီသည့် ပရိုတိန်း ၇ ခု ပါရှိ သည်။ ထို ခြားနား ကွဲပြား သော မော်လီကျူး ၇ ခု ဖြင့် ဖွတ်မြီးထိုး ထားသည့် ကြိုး သဖွယ် ဖွဲ့စည်း ထားသည်။  ပါဝင်သည့် ပရိုတိန်း ၇ ခုတွင် ၃ ခုအကြောင်းကို အနည်းအကျဉ်း သိရှိပြီး ကျန် ၄ ခု အကြောင်း ကို လုံးဝ မသိရသေးပါ။ ယင်းတို့၏ ဖွဲ့စည်းပုံ နှင့် ဆောင်ရွက်ချက်များကို နားမလည် သေးပါ။ အီဘိုလာ ဗိုင်းရတ် တွင် ပါသည့် ပရိုတိန်း သည် ခန္ဓာ ကိုယ်၏ ရောဂါ ကာကွယ်ရေး စနစ်ကို အဓိက ထား တိုက်ခိုက် သည်ဟု ယူဆသည်။ ဤ အချက်သည် အိတ်ချအိုင်ဗွီ (HIV) ဗိုင်းရတ် နှင့် ဆင်တူသည်။ (HIV) ဗိုင်းရတ် သည်လည်း ခန္ဓာ ကိုယ်၏ ရောဂါ ကာကွယ်ရေး စနစ်ကို အဓိက ထား တိုက်ခိုက် သည်။  ကွာခြားချက်မှာ (HIV) ဗိုင်းရတ် က ရောဂါ ကာကွယ်ရေး စနစ်ကို ဖြည်းဖြည်းခြင်း ဖျက်ဆီးခြင်း ဖြစ်ပြီး အီဘိုလာ ဗိုင်းရတ် က အလျင်အမြန် ဖောက်ခွဲ ဖျက်ဆီး ခြင်းဖြစ်သည်။ အီဘိုလာ ဗိုင်းရတ် က ကူးစက်ခံရ သူ၏ ရောဂါ ကာကွယ်ရေး စနစ် တစ်ခုလုံးကို သိမ်းကျုံး ဖြိုလှဲ ပစ်ခြင်းဖြင့် ခန္ဓာ ကိုယ်၏ ခုခံ မှု စွမ်းရည်ကို ဆုံးရှုံး သွားစေသည်။ ပိတ်ဆို့ထားသည့် ခံတပ် တံခါးများ လုံးဝ ပွင့်ထွက်သွားသည့် မြို့ ကဲ့သို့ ဖြစ်သွားသည်။ ရန်သူများ အလုံးအရင်း နှင့် ဝင်ရောက် လာကာ မြို့၏ အချက်အချာ နေရာများတွင် တပ်စွဲပြီး တစ်မြို့လုံးအား ပစ်ခတ် တိုက်ခိုက်တော့သည်။ အီဘိုလာ ဗိုင်းရတ် သွေးထဲ ရောက်ရှိသွားချိန် သည် စစ်ပွဲ ပြီးချိန်၊ သေဒဏ် စီရင်ချက် ချချိန်ပင် ဖြစ်သည်။ အအေးမိ ဖျားနာ ခြင်းကို ခုခံကာကွယ် သလိုမျိုး အီဘိုလာ ဗိုင်းရတ် ကို ခုခံ ၍ မရပါ။ အေအိုင်ဒီအက်စ် (AIDS) က ၁၀ နှစ် ခန့် အချိန်ယူ ဖျက်ဆီးရသည့် လုပ်ငန်းကို အီဘိုလာ (Ebola) က ၁၀ ရက်အတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်ပါသည်။
     အီဘိုလာ ဗိုင်းရတ် ၏ တစ်ဦး မှ တစ်ဦး သို့ မည်သို့မည်ပုံ ကူးစက်သည် ကို သေသေချာချာ မသိသေးပါ။ AIDS ဖြစ်စေသော ဗိုင်းရတ် ကဲ့သို့ ရောဂါရှိသူ၏ သွေး၊ ခန္ဓာ ကိုယ် မှ ထွက်သည့် အရည်များ (ဆီး၊ သလိပ်၊ တံတွေး၊ သုတ် စသည်) တို့နှင့် တိုက်ရိုက် ထိတွေ့ ခြင်းကြောင့် ကူးစက်နိုင်သည် ဟု စစ်ဘက် သုတေသန ပညာရှင်များ က ယူဆကြသည်။ ထို့အပြင် အခြားသော နည်းလမ်းများ ဖြင့်လည်း ကူးစက် နိုင်သေးသည်ဟု ဆိုကြသည်။ အာဖရိက မှ အီဘိုလာ ကူးစက်ခံရသူ အချို့မှာ အီဘိုလာ ကြောင့် သေဆုံး သည့် အလောင်းများကို ကိုင်တွယ်ခဲ့ကြ သူများဖြစ်သည်။ ဤ ကူးစက်နည်း မှာ သေသူ မှ ရှင်သူ သို့ ကူးစက်ခြင်းဖြစ်သည်။ သေဆုံးသူ ထံမှ ယိုစီးထွက်ကျ လာသည့် မခဲသေးသော သွေး နှင့် အကျိအချွဲ များမှ ကူးစက်ခြင်း ဖြစ်နိုင်သည်။ ၁၉၇၆ ခု ဇိုင်ယာ တွင်ဖြစ်ပွားခဲ့သော အီဘိုလာ ကပ်ဆိုးတွင် ပူဆွေးဝမ်းနည်းနေသည့် ဆွေမျိုး များက အလောင်းအား ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ သင်္ဂြိုလ် ရန် ပြင် ပေးခြင်း များ ပြုခဲ့ကြသည်။ နောက် ၂ ပတ်ခန့် အကြာတွင် ထိုသူတို့ သည် အီဘိုလာ ဗိုင်းရတ် ကြောင့် သေဆုံး ခဲ့ကြသည်။
     ဂျွန်ဆင် ၏ အီဘိုလာ ဗိုင်းရတ် လက်တွေ့သုတေသန ပြုပုံမှာ ရိုးရိုးစင်းစင်း ပင်ဖြစ်သည်။ မျောက် အချို့ ကို အီဘိုလာ ဗိုင်းရတ် ကူးစက်စေပြီး သင့်တော်မည် ထင်သည့် ဆေးဝါးများဖြင့် စမ်းသပ် ကုသ ခြင်းဖြစ် သည်။ ဤနည်းဖြင့် အီဘိုလာ ဗိုင်းရတ်ကို တွန်းလှန် နိုင်သည့်၊ ကုသနိုင်သည့် ဆေးဝါး ကို တွေ့ရှိ ရန် မျှော်လင့်သည်။
    လူ နှင့် မျောက် သည်  ဇီဝဗေဒ သဘောအရ တူညီချက် အတော် များများ ရှိသည့် အဆင့်မြင့် နို့တိုက် သတ္တဝါ များ ဖြစ်သည်။ သားရဲ တိရစ္ဆာန် တစ်ကောင် က သတ္တဝါ တစ်ကောင်၏ အသားကို စားသောက် ပစ်သလို အီဘိုလာ ဗိုင်းရတ် က ပရိုင်းမိတ် များ ပေါ်မှီခို စားသောက် သည်။ အီဘိုလာ ဗိုင်းရတ် သည် လူသား မှ မျောက် ၊ မျောက် မှ လူသား ထံသို့ အပြန်အလှန် အလွယ်တကူ ကူးစက် နိုင်သည်။ အီဘိုလာ ဗိုင်းရတ် က သူမှီခို နေထိုင်သည့် သတ္တဝါ ကို လူ လား၊ မျောက် လား မခွဲခြား တတ်ပါ။ ထို့ ကြောင့် ဆေးဝါး သုတေတနပြုရန် မျောက် တို့ကို အသုံးပြု ခြင်းဖြစ်သည်။
     ဂျွန်ဆင် ၏ အီဘိုလာ ပရောဂျက်တွင် ရောဂါဗေဒ ပညာရှင် တစ်ဦး အဖြစ် လုပ်ကိုင်ရန် နန်စီ သည် မိမိ သဘော အလျောက် ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။ အီဘိုလာ ပရောဂျက်သည် ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ သတ်မှတ် ထားသော သုတေသန လုပ်ငန်း ဖြစ်သည်။ ကာကွယ်ဆေး ဒဏ် မခံနိုင်သည့် နန်စီ အတွက် ကာကွယ်ဆေး ထိုးရန်မလိုသော၊ ကာကွယ်ဆေး မရှိသော  ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ သုတေသန လုပ်ငန်း သည် အံဝင်ခွင်ကျ ဖြစ်နေသည်။ သူ၏ အရည်အချင်း ကို လက်တွေ့ သက်သေပြရန် နှင့် အန္တရာယ် ကြီးလှသည့် ဗိုင်းရတ် များကို ကိုင်တွယ် သုတေသနပြုရန် အလွန်စိတ် အား ထက်သန် နေသည်။ သို့သော် လည်း ဤ ဌာန ရှိ အချို့သော ဝန်ထမ်း များ က ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ သုတေသန လုပ်ငန်း ခွင်တွင် လုပ်ကိုင် နိုင်ပါမည်လား ဟု နန်စီ အား သံသယ ရှိ ကြသည်။ နန်စီ သည် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်ခြင်း ကြောင့် ထောက်ထား ငဲ့ညှာ စရာ သံယောဇဉ် အမျှင်တန်း များရှိသည်။ အရေးအကြောင်း ဆိုလျှင် တည်တည်ငြိမ်ငြိမ် မရှိ၊ ပြာယာခတ် တတ်သည်။ အထူး သဖြင့် သူ၏ လက်ချောင်းများ လှုပ်ရှား မှုမှာ အမြဲ ကိုးယိုးကားယား မသေမသပ် ဖြစ်နေရာ အန္တရာယ် ကြီး လှသော အဆင့် ၄ ဗိုင်းရတ် များ ကို ကိုင်တွယ် လုပ်ကိုင်ရန် မသင့်တော် ဟု ထောက်ပြ ကြသည်။ မသန့်ရှင်း သည့် ဓား၊ အပ် စသည်တို့ နှင့် ကိုယ့်ဘာသာ ထိခိုက် နိုင်သည်။ အခြားသူများ ကိုလည်း မတော်တဆ ထိခိုက် စေလိမ့် မည်ဟု ပြောကြသည်။ သူ၏ လက် ကို အကြောင်းပြ ကြသော်လည်း တကယ်တန်း အဓိက အချက်မှာ အိမ်ထောင်ရှင်မ တစ်ဦး ဖြစ်ခြင်းကြောင့် ပင်တည်း။
     နန်စီ ၏ တာဝန်ခံ အထက်အရာရှိ မှာ ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင် ဖြစ်သည်။ သူသည် စကားပြော ညင်သာ ပြီး အေးဆေး တည်ငြိမ်စွာ လုပ်ကိုင်တတ်သူ တစ်ဦး ဖြစ်သည်။ ယခု နန်စီ အား ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ ဇုံ ၌ လုပ်ကိုင်ခွင့် ပြုသင့် မပြုသင့် ဆုံးဖြတ်ချက် ကို သူချမှတ် ပေးရမည်ဖြစ်သည်။ ဆုံးဖြတ်ချက် မချမီ နန်စီ အကြောင်း ကို သူရှင်းရှင်းလင်းလင်း သိချင်သည်။ နန်စီ ၏ စွမ်းဆောင်ရည်၊ အားသာချက်၊ အားနည်းချက် တို့ကို ဌာနအတွင်း မေးမြန်း စုံစမ်း ခဲ့သည်။ ရလဒ် အဖြစ် နန်စီ ၏ ခင်ပွန်း ဗိုလ်မှုး ဂျယ်ရီ ဂျက် သူ၏ ရုံးခန်းသို့ ပေါက်ချလာသည်။ ဂျယ်ရီ က ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ ဇုံ ၌ နန်စီ လုပ်ကိုင်မည်ကို သဘောမတူ ကြောင်း၊ ဤကိစ္စ နှင့် ပတ်သက်၍ သူတို့ မိသားစု တွင်း ဆွေးနွေးပြီး ဖြစ်ကြောင်း ပြောသည်။ ဂျယ်ရီ သည် ကူးစက်ရောဂါ ကာကွယ်ရေး အဆင့် ၄ ဇုံ ၌ သူလည်း မလုပ်၊ သူ၏ ဇနီး ကိုလည်း လုပ်ခွင့် မပြုနိုင်ပါ။ အီဘိုလာ ဗိုင်းရတ် ကို ကိုင်တွယ် လုပ်ကိုင်ရ မည်ကို သူ အစိုးရိမ် ဆုံးဖြစ်သည်။ ကာကွယ်ဆေး မရှိ၊ ကုသ၍ မရသော ဤ ကြောက်မက်ဖွယ် ဗိုင်းရတ်အား ကလေးနှစ်ယောက် ၏ မိခင်ဖြစ်သူ၊ သူ၏ ချစ်လှစွာသော ဇနီးဖြစ်သူ က ကိုင်တွယ် သုတေသန ပြုမည် ဆိုခြင်းကို လုံးဝ ခွင့်မပြုနိုင်ကြောင်း  ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ သည်။ သူ၏ “တစ်ဦး တည်းသော ဇနီးမယား အား အဆုံးရှုံး မခံနိုင်ပါ” ဟုပင် ပြောခဲ့သည်။
ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင် သည် ဂျယ်ရီ ၏ ကန့်ကွက်ချက် နှင့် အခြားသူ များ၏ ထင်မြင်ချက် များကို သုံးသပ်ပြီး နန်စီ ကို ခေါ် ယူတွေ့ဆုံခဲ့သည်။ နန်စီ ကလည်း အတော် ခေါင်းမာသည်။ သူကို ဘာအထူး အခွင့်ရေး မှ ပေးစရာ မလို။ ငဲ့ညှာစရာ မလို ဟုဆိုသည်။ တစ်ချိန်လုံး နန်စီ ၏ လက် လှုပ်ရှားမှု ကို သူ အကဲခတ် နေသည်။ အခြားသူများ ထောက်ပြပြောဆို ခဲ့သည့် ကိုးရိုးကားရား ပရမ်းပတာ လှုပ်ရှားမှု မျိုး မတွေ့ရ။ အလွန် မြန်ဆန်မှု မျိုးလည်း မတွေ့ရ။ အားလုံး ပုံမှန်သာဖြစ်သည်။ သူမြင်တွေ့ရသည်က နန်စီ၏ စိတ်အား ထက်သန်မှု ပင်တည်း။ သူဆုံးဖြတ်ချက် ချသည်။ နန်စီ ကို အီဘိုလာ သုတေသန လုပ်ငန်း တွင် လုပ်ကိုင်ခွင့်ပြုမည်။
     အစပိုင်း တွင် အီဘိုလာ ဗိုင်းရတ် ဇုံ အတွင်း သူ အတူ လိုက်ပါ ၍ သင်ပေးမည်။ သူ ကိုယ်တိုင် နန်စီ ၏ လက်လှုပ်ရှား မှု ကို အကဲခတ်မည်။ သိမ်းငှက် တစ်ကောင်၏ မျက်လုံးကဲ့သို့ နန်စီ လုပ်ကိုင်သမျှကို စေ့စေ့ စပ်စပ် ကြည့်ရှုမည်။ အီဘိုလာ ဇုံတွင် နန်စီ စိတ်ဝင်တစား ကြိုးကြိုး စားစား လုပ်ကိုင်နိုင်မည် ဟု ယူဆပါသည် ဆိုသော ဒုတိယဗိုလ်မှုးကြီး အန်တိုနီ ဂျွန်ဆင်၏ စကား ကို ကြားသည့် အခါ နန်စီ ငိုချလိုက်တော့ သည်။ ဝမ်းသာ၍ ကျသည့် မျက်ရည်ပင်တည်း။ အီဘိုလာ ဗိုင်းရတ် ကို ကိုင်တွယ် သုတေသန ပြုရတော့မည်။ ဤ ကြောက်စရာ ဗိုင်းရတ် ကို ကိုင်တွယ်သုတေသန ပြုခွင့်ရခြင်းသည် နန်စီ အတွက် အကြီးမားဆုံးသော ဆု ပင်ဖြစ်ပေသည်။


( ရဲညွန့်ဇော်)

No comments:

Post a Comment