ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်
ရေးသူ - မော်မော် (Mao Mao)
ဤ အိမ်တော်ဝင်းထဲ တွင် စိတ်ဝင်စားဖွယ် အကောင်းဆုံး အရာမှာ တံခါး အတွင်းဘက် ရှိ မုန်တိုင်ပင် ကြီး ၄ ပင် ဖြစ်ပါသည်။ မုန်တိုင်ပင် သည် ကျွန်မတို့ ကွမ်အန်း ဒေသ တွင် ပေါက်ရောက် သည့် အပင်မျိုး မဟုတ်ပါ။ စစ်ဘုရင် ယန်စင်း က လီ ၁၀၀၀ ခန့် ဝေးသော ကွမ်တုန်း ဒေသ မှ သင်္ဘော ဖြင့် သယ်ယူ စိုက်ပျိုး ခဲ့ ခြင်း ဖြစ်သည်။
ဤ အပင်ကြီး ၄ ပင် သည် စိုက်ပျိုး ပြီး ကတည်းက အခက် အလက် အရွက်များ ဝေဝေဆာဆာ နှင့် ရှင်သန်ခဲ့ သော်လည်း အပွင့် လုံးဝ မပွင့် ခဲ့ပါ။
ပါတီ နှင့် နိုင်ငံတော် တာဝန် ကို အဖေ ဒုတိယ အကြိမ်ပြန်လည် ထမ်းဆောင် ရသည့် ၁၉၇၈ ခုနှစ် တွင် မှ ဤ မုန်တိုင်ပင်ကြီး ၄ ပင်သည် ထူးဆန်းစွာ ပန်းများ ဝေဝေဆာဆာ ဖူးပွင့် လာ ခဲ့ သည်။ အရွက်များ ကြား တွင် ရွှေ ရောင် တောက် နေ သည့် အပွင့် များ ပြည့်နှက် နေသည်။ အလွန် တင့်တယ် လှပ သည် ဟု ပြော ကြ သည်။ အဖေ့ ဇာတိမြေ မှ ရပ်ရွာ လူကြီးများက ဂုဏ်ယူ ဝံ့ကြွား စွာ ဖြင့်ဓါတ်ပုံ ရိုက်ကူးကာ ပီကင်းသို့ ပို့ပေး ခဲ့ ကြ သည်။
ဤ မုန်တိုင်ပင် ကြီး များ ယခင် က တကယ်ပင် အပွင့် မပွင့်ခဲ့ ကြောင်း ကျွန်မတို့ ကံသေကံမ မပြော နိုင် ပါ။ သို့သော် လည်း ဤ ဖြစ်ရပ် သည် အဖေ့ ကို ချစ်ခင် ရိုသေ သည့် ဇာတိမြေ မှ ပြည်သူ တို့ ၏ စိတ်ဓါတ် ကို ထင်ဟပ် ပြ နေ ခြင်း ပင် ဖြစ်ပါသည်။
နံနက်စာ စားပြီး နောက် ကျွန်မ တို့ သည် ကွမ်အန်း မြို့ထဲ လှည့်လည် ကြည့်ရှု ကြ သည်။ ရောက်ခဲ့သည့် နေရာ များအနက် တစ်နေရာမှာ ကွမ်အန်း မူလတန်း ကျောင်း ဟောင်း ဖြစ်သည်။
ကျောင်းမှာ ၂ ထပ် ဆောင် ဖြစ်ပြီး နံရံ ကို မီးခိုးရောင် အုတ် များ နှင့် ကာထား သည်။ တံခါး၊ ပြူတင်းပေါက် နှင့် လှေကား လက်ရန်း တို့ ကို သစ် ဖြင့် ပြု လုပ် ထားသည်။ အမိုး ကို အစိမ်း ရောင် အုတ်ကြွပ် များ ဖြင့် မိုး ထား သည်။ ယခု အခါ အပေါ်ထပ် အောက်ထပ် တွင် အခန်း ၂ ခန်း စီ သာ ကျန် တော့ သည်။ ဤ ကျောင်း ဟောင်းလေး ကို မြေယာ စီမံ ခန့်ခွဲရေး ရုံး အဖြစ် အသုံးပြု နေ ကြ သည်။ ကျန် နေ သေး သည့် အခန်း များ ကို လည်း မကြာခင် ဖြိုချ တော့မည် ဟု ယူဆ ရ သည်။
ကျွန်မ နှင့် ဒေါ်ဒေါ် တို့ ကျောင်းရှေ့ တွင် ဓါတ်ပုံ ရိုက် ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၇၀ ကျော် က ဤ မူလတန်း ကျောင်းလေး တွင် အဖေ ကျောင်းတက် ခဲ့ ဖူးကြောင်း ကျွန်မ သိ ထား သည်။
ထိုစဉ်ကကျောင်း လေးသည် ယခု တွေ့ ရ သကဲ့သို့ ဟောင်း အို နေမည် မဟုတ်သော် လည်း သိပ်ပြီး လှပ သစ်လွင် နေ မည် မဟုတ် ပါ။
ဂွမ်းကပ် အင်္ကျီရှည် ဝတ်၊ ခေါင်းဆောင်း ဆောင်း ထား သော ကလေးငယ် များ သည် စာအုပ် ကို ကိုင်ကာ ကျောင်း လှေကား ပေါ် တွင် တဒုန်းဒုန်း တဒိုင်းဒိုင်း နှင့် ပြေးဆင်း ပြေးတက် ဆော့ကစား နေ ကြ သည် ကို ကျွန်မ မြင်ယောင် မိ သည်။
အဖေ ၁၀ နှစ် သားတွင် ဤ ကျောင်း၌ မူလတန်း အောင်ခဲ့ ပြီး ကွမ်အန်း စီရင်စု အလယ်တန်းကျောင်း ကို တက်ရောက် ခဲ့သည်။ သို့သော် ထို ကျောင်း ၌ ရက် အနည်းငယ် သာ စာသင် ခဲ့ ရ သည်။ အလုပ်လုပ် ရင်း ပညာ ဆည်းပူး နိုင်သော အစီအစဉ် ဖြင့် ပြင်သစ် သို့ သွားရန် ကြိုတင် ပြင်ဆင် ရေး အတွက် ချုံ့ချင့် သို့ ထွက် လာ ခဲ့ ရသည်။
ဤ မူလတန်းကျောင်း သည် မွေးရပ်မြေ တွင် အဖေ ပုံမှန် ကျောင်းတက် ခဲ့သည့် တစ်ခုတည်း သော ကျောင်း ပင် ဖြစ်ပါသည်။
အဖေ့ သည် ဤ မူလတန်း ကျောင်းလေး ကို အတော် သံယောဇဉ် ရှိ မည် ဟု ကျွန်မ ယူဆပါသည်။ အဖေ ၏ ကလေး ဘဝ တစ်ခုလုံး ဤ ကျောင်း လေး မှာပင် ကုန်လွန်ခဲ့ ရ သည် မဟုတ်ပါလား။
No comments:
Post a Comment