Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း{ ၃ }–( ၃ )

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်

Photo: UPI


ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း{ ၃ }–( ၃ )

မွေးရပ်မြေသို့

ကွမ်အန်း မြို့ထဲ လှည့်လည် ကြည့်သည့် အခါ ကွမ်အန်း သည် ရှေးဆန်သည့် ဒေသ တစ်ခု ဖြစ် ကြောင်း တွေ့ ရသည်။ခေတ်မီ အဆောက်အဦ များ ရှိ သော်လည်း တောင်ပိုင်း ဒေသ ၏ ရှေးဟောင်း ပုံစံ အိမ် များက ပို၍ များ ပါသည်။ လမ်းမဘေး ရှိ အိမ်များ မှာ အုတ်ညှပ် သစ်သား ၂ထပ် အိမ်လေး များ ဖြစ်သည်။ အိမ်နံရံ ကို အဖြူ ရောင် မီးခိုး ရောင် သာ သုတ်ထား ကြသည်။ အပေါ် ထပ်တွင် သစ်သား လက်ရန်း ကာထားသည့် ဝရန်တာ ရှိသည်။
ကွမ်အန်း ဒေသ သည် ကျောက်တုံး ကျောက်ခဲ များ ပေါ များ သည့် ဒေသ ဖြစ် ပုံ ရ သည်။ မြို့ ၏ လမ်းမ များ ရှိ လှေကားထစ် များ နှင့် အိမ် အောက်ခံ အုတ်မြစ် များကို လေးထောင့် ကျောက်တုံး များ ဖြင့် ပြု လုပ်ထား ကြ သည်။ အဝတ် လျှော် ရန်၊ ဟင်းသီး ဟင်းရွက် များ ဆေးကြော ရန် သုံးသည့် ကျောက်စည်ပိုင်း များ ကို လည်း တွေ့ ရ သည်။
အရောင်း အဝယ် စည်ကား သည့် လမ်း တစ်လမ်း တွင် လူတွေ တရုန်းရုန်း နှင့် ကြိတ်ကြိတ် တိုး နေ သည်။ နေ့စဉ်သုံး ကုန်ပစ္စည်း မျိုးစုံ ကို အစီအရီ ခင်းကျင်း ထားသည်။ ခေတ်မီ ကုန်စည် များ သည် ဤ တောင်ပေါ် မြို့ငယ်လေးသို့ ဝင်ရောက် လာ ပြီ ဖြစ်သည်။ ခေတ်ဆန်ဆန် ဝတ်ဆင်ထား သော လူငယ်လူရွယ် များသည် ဝါးခြင်းတောင်းကို ထမ်းလျှက်၊ ဝါးပလိုင်း ကို ကျောပိုးလျှက် သွားလာ နေကြသည်။ နီနီ ဝါဝါ ပြာပြာ စိမ်းစိမ်း အရောင် အသွေးစုံ အဝတ် အစား များ၊ မြို့ကြီး ပြကြီး တွင် ခေတ်စား နေသည့် ဆံပင် ပုံစံများ၊ ရောင်စုံ တီဗွီ များ ဖြင့် ဝေးလံသီခေါင် သော တောင်ပေါ် ရွာကလေး များ ၏ လူနေမှု ဘဝ ကို ဖွဲ့စည်း ထား ပါသည်။
မော်တော်ကား နှင့် နွားလှည်း၊ ရောင်စုံ တီဗွီ နှင့် ဝါးခြင်းတောင်း တို့ သည် ယနေ့ တရုတ်ပြည် ၏ ထူးခြား သော လက္ခဏာ ပင် ဖြစ် ပါ သည်။
လူဦးရေ အလွန် များ ပြီး အခြေခံ လိုအပ်ချက် များ ရှိနေသည့် နိုင်ငံ တစ်နိုင်ငံ အတွက် ဆင်းရဲ မွဲတေမှု၊ ခေတ်နောက်ကျမှု တို့ ကို တစ်ခဏချင်း ဖြင့် ဖယ်ရှား ပစ် ရန် မဖြစ် နိုင်ပေ။ သို့သော်လည်း ချမ်းသာ ကြွယ်ဝသော၊ စည်ပင် ဖွံဖြိုးသော နိုင်ငံတော် တစ်ခု အဖြစ် ကျွန်မတို့ ခြေလှမ်း ကျဲကျဲ ဖြင့် ချီတက်လျှက် ရှိ ပါသည်။
လယ်သမား များကို ကြည့်ပါ။
လယ်ထဲတွင် ကောက်ပင်များ စိမ်းစို နေသည်။ စပါးကျီ တွင် စပါးများ ပြည့် နေသည်။ သူတို့၏ ခြေထောက် သည် ယခင်က ကဲ့သို့ ဖိနပ် မပါ ခြေဗလာ မဟုတ်တော့ ပါ။ သူတို့ သည် အနောက်တိုင်း ဝတ်စုံ ကို ပင် ဝတ်နေ ကြ ပြီ ဖြစ် သည်။ ဤ သည် မှာ ပြောင်းလဲမှု တစ်ခုပင် မဟုတ်ပါ လား။
စီချွမ် သားတို့ သည် အစားအသောက် ကောင်းကောင်းစားနိုင် ကြ သည်။
ဈေးဆိုင်များ တွင် လတ်လတ် ဆတ်ဆတ် ငါးများ၊ ဆူဆူ ဖြိုးဖြိုး အသားများ နှင့် စီချွမ် ဒေသ ၏ နာမည် ကျော် ဝက်အူချောင်း များကို ခင်းကျင်း ရောင်းချ နေ ကြ သည်။ လမ်းဘေး ဈေးဆိုင် ငယ်လေးများ ၏ အိုး များထဲ တွင် ချက်ပြုတ် ထားသည့် အမျိုးမျိုး အဖုံဖုံ သော စားဖွယ် များသည် အငွေ့ တထောင်းထောင်း ထ နေသည်။ နုနယ် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ မုန်လာဥ၊ ပဲပင်ပေါက်၊ ဗိုလ်စားပဲ စသည် တို့သည် မြို့သူမြို့သား တို့ စိတ်ကူးထဲ မှာသာ တွေ့ရသည့် အရာများ ဖြစ်သည်။
တိုတောင်းသော အချိန် အတွင်း မှာပင် ဤ ဒေသ ကို ကျွန်မ ချစ်မြတ်နိုး သွား သည်မှာ ဇာတိမြေ ဟူသော အကြောင်း ကြောင့် ပင် ဖြစ် ပေ မည်။
ကျွန်မ တို့ ၏ ဇာတိရွာ ဖြစ်သော ရှယ်ရှင်း ရွာ သည် ကွမ်အန်း စီရင်စု မှ လီ ၂၀ မျှ ဝေး သေး သည်။ ထို့ ကြောင့် မြို့ အတွင်း လှည့်လည် ကြည်ရှု အပြီး မြောက် စူးစူး သို့ အမြန် ခရီးဆက် ကြ ရ သည်။

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း{ ၃ }–( ၂ )

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်

hoto: wiki.china.org.cn


ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း{ ၃ }–( ၂ )

မွေးရပ်မြေသို့

ဤ အိမ်တော်ဝင်းထဲ တွင် စိတ်ဝင်စားဖွယ် အကောင်းဆုံး အရာမှာ တံခါး အတွင်းဘက် ရှိ မုန်တိုင်ပင် ကြီး ၄ ပင် ဖြစ်ပါသည်။ မုန်တိုင်ပင် သည် ကျွန်မတို့ ကွမ်အန်း ဒေသ တွင် ပေါက်ရောက် သည့် အပင်မျိုး မဟုတ်ပါ။ စစ်ဘုရင် ယန်စင်း က လီ ၁၀၀၀ ခန့် ဝေးသော ကွမ်တုန်း ဒေသ မှ သင်္ဘော ဖြင့် သယ်ယူ စိုက်ပျိုး ခဲ့ ခြင်း ဖြစ်သည်။
ဤ အပင်ကြီး ၄ ပင် သည် စိုက်ပျိုး ပြီး ကတည်းက အခက် အလက် အရွက်များ ဝေဝေဆာဆာ နှင့် ရှင်သန်ခဲ့ သော်လည်း အပွင့် လုံးဝ မပွင့် ခဲ့ပါ။
ပါတီ နှင့် နိုင်ငံတော် တာဝန် ကို အဖေ ဒုတိယ အကြိမ်ပြန်လည် ထမ်းဆောင် ရသည့် ၁၉၇၈ ခုနှစ် တွင် မှ ဤ မုန်တိုင်ပင်ကြီး ၄ ပင်သည် ထူးဆန်းစွာ ပန်းများ ဝေဝေဆာဆာ ဖူးပွင့် လာ ခဲ့ သည်။ အရွက်များ ကြား တွင် ရွှေ ရောင် တောက် နေ သည့် အပွင့် များ ပြည့်နှက် နေသည်။ အလွန် တင့်တယ် လှပ သည် ဟု ပြော ကြ သည်။ အဖေ့ ဇာတိမြေ မှ ရပ်ရွာ လူကြီးများက ဂုဏ်ယူ ဝံ့ကြွား စွာ ဖြင့်ဓါတ်ပုံ ရိုက်ကူးကာ ပီကင်းသို့ ပို့ပေး ခဲ့ ကြ သည်။
ဤ မုန်တိုင်ပင် ကြီး များ ယခင် က တကယ်ပင် အပွင့် မပွင့်ခဲ့ ကြောင်း ကျွန်မတို့ ကံသေကံမ မပြော နိုင် ပါ။ သို့သော် လည်း ဤ ဖြစ်ရပ် သည် အဖေ့ ကို ချစ်ခင် ရိုသေ သည့် ဇာတိမြေ မှ ပြည်သူ တို့ ၏ စိတ်ဓါတ် ကို ထင်ဟပ် ပြ နေ ခြင်း ပင် ဖြစ်ပါသည်။
နံနက်စာ စားပြီး နောက် ကျွန်မ တို့ သည် ကွမ်အန်း မြို့ထဲ လှည့်လည် ကြည့်ရှု ကြ သည်။ ရောက်ခဲ့သည့် နေရာ များအနက် တစ်နေရာမှာ ကွမ်အန်း မူလတန်း ကျောင်း ဟောင်း ဖြစ်သည်။
ကျောင်းမှာ ၂ ထပ် ဆောင် ဖြစ်ပြီး နံရံ ကို မီးခိုးရောင် အုတ် များ နှင့် ကာထား သည်။ တံခါး၊ ပြူတင်းပေါက် နှင့် လှေကား လက်ရန်း တို့ ကို သစ် ဖြင့် ပြု လုပ် ထားသည်။ အမိုး ကို အစိမ်း ရောင် အုတ်ကြွပ် များ ဖြင့် မိုး ထား သည်။ ယခု အခါ အပေါ်ထပ် အောက်ထပ် တွင် အခန်း ၂ ခန်း စီ သာ ကျန် တော့ သည်။ ဤ ကျောင်း ဟောင်းလေး ကို မြေယာ စီမံ ခန့်ခွဲရေး ရုံး အဖြစ် အသုံးပြု နေ ကြ သည်။ ကျန် နေ သေး သည့် အခန်း များ ကို လည်း မကြာခင် ဖြိုချ တော့မည် ဟု ယူဆ ရ သည်။
ကျွန်မ နှင့် ဒေါ်ဒေါ် တို့ ကျောင်းရှေ့ တွင် ဓါတ်ပုံ ရိုက် ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၇၀ ကျော် က ဤ မူလတန်း ကျောင်းလေး တွင် အဖေ ကျောင်းတက် ခဲ့ ဖူးကြောင်း ကျွန်မ သိ ထား သည်။
ထိုစဉ်ကကျောင်း လေးသည် ယခု တွေ့ ရ သကဲ့သို့ ဟောင်း အို နေမည် မဟုတ်သော် လည်း သိပ်ပြီး လှပ သစ်လွင် နေ မည် မဟုတ် ပါ။
ဂွမ်းကပ် အင်္ကျီရှည် ဝတ်၊ ခေါင်းဆောင်း ဆောင်း ထား သော ကလေးငယ် များ သည် စာအုပ် ကို ကိုင်ကာ ကျောင်း လှေကား ပေါ် တွင် တဒုန်းဒုန်း တဒိုင်းဒိုင်း နှင့် ပြေးဆင်း ပြေးတက် ဆော့ကစား နေ ကြ သည် ကို ကျွန်မ မြင်ယောင် မိ သည်။
အဖေ ၁၀ နှစ် သားတွင် ဤ ကျောင်း၌ မူလတန်း အောင်ခဲ့ ပြီး ကွမ်အန်း စီရင်စု အလယ်တန်းကျောင်း ကို တက်ရောက် ခဲ့သည်။ သို့သော် ထို ကျောင်း ၌ ရက် အနည်းငယ် သာ စာသင် ခဲ့ ရ သည်။ အလုပ်လုပ် ရင်း ပညာ ဆည်းပူး နိုင်သော အစီအစဉ် ဖြင့် ပြင်သစ် သို့ သွားရန် ကြိုတင် ပြင်ဆင် ရေး အတွက် ချုံ့ချင့် သို့ ထွက် လာ ခဲ့ ရသည်။
ဤ မူလတန်းကျောင်း သည် မွေးရပ်မြေ တွင် အဖေ ပုံမှန် ကျောင်းတက် ခဲ့သည့် တစ်ခုတည်း သော ကျောင်း ပင် ဖြစ်ပါသည်။
အဖေ့ သည် ဤ မူလတန်း ကျောင်းလေး ကို အတော် သံယောဇဉ် ရှိ မည် ဟု ကျွန်မ ယူဆပါသည်။ အဖေ ၏ ကလေး ဘဝ တစ်ခုလုံး ဤ ကျောင်း လေး မှာပင် ကုန်လွန်ခဲ့ ရ သည် မဟုတ်ပါလား။

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၃ } – ( ၁ )

 ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်

Photo: wiki.china.org.cn


ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၃ } – ( ၁ )

မွေးရပ်မြေသို့

အဖေသည် ဇာတိမြေသို့ သူ ကိုယ်တိုင် မပြန်ရုံသာမက ကျွန်မတို့ ကိုလည်း ပြန်ခွင့် မပြုပါ။ ကျွန်မတို့ ပြန်သွားလျှင်လူအများ အုန်းအုန်းကျွက်ကျွက် ဖြစ်လိမ့်မည်။ ဒေသလှုပ်လှုပ်ရှားရှား ဖြစ် လိမ့်မည် ဟု အဖေက ပြော ပါသည်။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ရောက်သည် အထိ ကျွန်မသည် ဒေါ်လေး တိန့်ရှင်ဖူး နှင့် ကွမ်အန်း သို့ တစ်ကြိမ် သာ ပြန်ခဲ့ ဖူး ပါသည်။
တကယ်တော့ ကျွန်မကွမ်အန်း တွင် နေ လည်း မနေဖူး ပါ။ ယခင် ကလည်း မရောက်ဖူး ပါ။ သို့သော် ကွမ်အန်း သည် ကျွန်မတို့ ဘိုဘွား များ ၏ ဇာတိမြေ ဖြစ်၍ ပထမဦးဆုံးအကြိမ် သွားရောက် ခြင်း ဖြစ် သော် လည်း “ပြန်” သည် ဟု သုံး ခြင်း ဖြစ် ပါသည်။
အောက်တိုဘာလ ၏ တစ်ခု သော နံနက်ခင်း ။
ကျွန်မ တို့ အိပ်ရာ မှ စောစောထ ကာ စီချွမ် ပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့ ဖြစ်သော ချိန်တူးမြို့မှ ကွမ်အန်းမြို့ သို့ ကားဖြင့် ထွက်ခဲ့ပါသည်။ လမ်းတစ်လျှောက် ကားကို အမြန်မောင်း လာ ခဲ့သည်။ စွေ့နင် တွင် ပထမဆုံး နား သည်။ နန်ချုန်း တွင် ဒုတိယ အကြိမ် နား သည်။ ထို့နောက် ဆက်မောင်းလာရာ ကွမ်အန်း နယ်နိမိတ် သို့ ရောက်သောအခါ မိုးချုပ် နေပြီ ဖြစ်သည်။ ဧည့်ဂေဟာတွင် ညအိပ်ပြီး နောက် တစ်နေ့ မှ ခရီး ဆက်ရန် ဖြစ်သည်။
တစ်ည လုံး အိပ်မပျော် ခဲ့ပါ။ ဂွမ်းစောင်များ စိုထိုင်းထိုင်း ဖြစ်နေ ၍လား၊ စိတ်လှုပ်ရှား နေ၍လား မသိ။ ဟိုဘက် စောင်းလိုက်၊ ဒီဘက် စောင်းလိုက် တလူးလူး တလိမ့်လိမ့် နှင့်ပင် မိုးလင်းသွားသည်။ အိပ်ရာ မှ စောစောထကာ အပြင်သို့ ထွက်လာခဲ့သည်။
တောင်ပိုင်း ဒေသ ၏ ဆောင်းကူး ရာသီ မှာ အေးမြ ရုံသာရှိသည်။ မချမ်းပါ။ လေထု မှာ သန့်ရှင်း လတ်ဆတ် ပြီး စိုထိုင်း သည်။ နံနက်ခင်း မှာ မြူနှင်း တို့ဖြင့် မှုန်မှိုင်း နေသည်။ တောင်ခါးပန်း တွင် မြူ များ ဝန်းပတ် နေ သည်။ အရပ်လေးမျက်နှာ တွင် တောင်ကြောများ ဝန်းရံ နေပြီး သစ်ပင်တို့မှာ စိမ်းစို နေ သည်။ အစိမ်းရောင် သစ်ရွက်များ တွင် နှင်းရည်များ ခိုတွဲကာ ကျောက်စိမ်းတုံးလေးများ ကဲ့သို့ ဝင်းပ နေသည်။ နှင်းမြူ များ ကြောင့် နေရောင်မှာ တောက်ပခြင်း မရှိ။ မှုန်တီမှုန်မွှား သာ ရှိသည်။ ပေကျင်း မှာ ကဲ့သို့ ခြောက်သွေ့ အေးမြ သော၊ ထွန်းလင်းတောက်ပ သော နံံနက်ခင်း မျိုး မဟုတ်ပေ။
ကျွန်မတို့ တည်းခိုသည့် ဧည့်ဂေဟာ မှာ တောင်ခါးပန်း တွင် တည်ရှိ သည်။ အောက်ဖက်တွင် ကွမ်အန်း စီရင်စု ပါတီ ကော်မတီရုံး ရှိသည်။ ထို အဆောက်အဦ မှာ အတော်ထူးခြား နေ သည်။ မေးမြန်း ကြည့်ရာ စီချွမ် ဒေသ ၏ နာမည်ကျော် စစ်ဘုရင် ယန်စင်း ၏ အိမ်တော် ဖြစ်ကြောင်း သိရ သည်။
အိမ်တော်ကို တောင်ခါးပန်း တွင် တစ်ထပ် ပြီး တစ်ထပ် အဆင့်ဆင့် ဆောက်ထား သည်။ အောက်ဆုံး အဆင့်တွင် ဝင်ပေါက် တံခါးမကြီး ရှိသည်။ တံခါးမကြီး ကို ဖြတ်ပြီး အပြင်မှ ဝင်လာသည် နှင့် မြင့်မားလှသော မုန်တိုင်ပင် ကြီး ၄ ပင် က ကြိုဆို နေပါ သည်။ လှေခါး ထစ် ၁၀ ထစ် ခန့် တက်လိုက် လျှင် ကျယ်ဝန်း သော ခြံဝင်း ကို တွေ့ ရ သည်။ ခြံဝင်း အတွင်း တွင် အုတ်ကြွပ်မိုး အဆောက်အဦ များ ရှိသည်။ ထို အဆောက်အဦများတွင် ယခင်က စစ်ဘုရင် ယန်စင်း နှင့် ဇနီး တို့ နေခဲ့ ကြ မည်။ ယခုအခါ ရုံးခန်း များ ဖြစ် နေ ပေ ပြီ။ ဆက်လျှောက် သွား လျှင် စစ်ဘုရင် ယန်စင်း ၏ အနောက်ဘက် ဥယျာဉ် သို့ ရောက် သည်။
အစိမ်းရောင် ကျောက် လှေခါးထစ် များ ၏ ဘေး နှစ်ဖက် တွင် ပန်းပင် များ ရှိသည်။ လှေခါး ထစ် နှင့် ပန်းပင် များ သည် နှင်းမြူ ထဲတွင် ပေါ် လိုက် ပျောက် လိုက် ဖြစ် နေ သည်။ တောင်ထိပ် တွင် အမိုးခုံး အဆောက် အဦလေး တစ်ခု ရှိ ပြီး စစ်ဘုရင် ယန်စင်း တရားထိုင်ရာ နေရာ ဖြစ် ပေ မည်။
ကွမ်အန်း ဒေသ သည် တောကျ သည့် ဒေသ တစ်ခု ဖြစ်သော် လည်း စစ်ဘုရင် ယန်စင်း မှာ မူ ခေတ် မီ သူ တစ်ဦး ဖြစ်သည်။ သူ ၏ အိမ်တော် ထဲ ၌ တင်းနစ် ကွင်း တစ်ခု ရှိခြင်း က သက်သေ ခံ နေ သည်။ သူသည် ရှန်ဟိုင်း မှ တင်းနစ် နည်းပြ ဆရာ ကို ငွေ အမြောက်အများ ပေးကာ နည်းပြ ခန့် ပြီး တင်းနစ် ကစားခဲ့ သည်။ ကျွန်မတို့ စီချွမ် ဒေသ တွင် တင်းနစ် အားကစား ကို စစ်ဘုရင် ယန်စင်းက စတင် ခဲ့ သည် ဟု ဆိုနိုင် ပါသည်။

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၆ )

 ကျွန်မဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်



ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၆ )

အငြိမ်းစား ယူသည့် ထိုတစ်နေ့

ယနေ့မှ စ၍ အဖေ အငြိမ်းစား ယူလိုက်ပြီ ဖြစ်သည်။
အဖေ အနား ယူနိုင်ပါပြီ။ လုပ်ငန်းတာဝန်များ မှ သက်သာ ပေါ့ပါးသွားပါပြီ။
အငြိမ်းစား ယူခြင်း သည် အမှန်တကယ်ပင် အငြိမ်းစား ယူ ခြင်း ဖြစ် ရ မည်ဟု အဖေ ပြောခဲ့ ဖူး ပါသည်။
အဖေ ကျန်းမာရန်၊ အသက်ရှည်ရန်၊ ဘဝ နေဝင်ချိန်တွင် ချမ်းမြေ့ သာယာစွာ၊ တည်ငြိမ်စွာ ဖြတ်ကျော် နိုင်ရန် ကျွန်မတို့ တကယ် ပင် မျှော်လင့် မိပါသည်။
အဖေ့တွင် မပြည့်ဝ သေး သော ဆန္ဒ တစ်ခု ရှိ ပါသည်။ ၁၉၉၇ ခုနှစ် ရောက်လျှင် အမိနိုင်ငံတော် အောက် သို့ ဟောင်ကောင်ကျွန်း ပြန် ရောက် လာမည် ဖြစ်သည်။
ပြန် ရောက်လာ လျှင် အမိနိုင်ငံတော် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော ဟောင်ကောင်မြေ ကို အဖေ ခြေချ လိုသည်။
အဖေ က
“ဝှီးချဲ နှင့် သွား ရ၊ သွား ရ၊ သွားမည်။ ဟောင်ကောင် မြေပြင်တွင် တစ်မိနစ် မျှ ရပ် ရလျှင် ပင် ကျေနပ်ပါပြီ”
ဟု ပြောခဲ့သည်။
ထိုအချိန် ရောက်လျှင် အဖေ့ အသက် မှာ ၉၃ နှစ် ကျော် ရှိ လိမ့်မည်။ အကယ်၍ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက် လိုက်ကြ လျှင် အဖေ၏ ဤ မျှော်လင့်ချက် မုချ အကောင် အထည် ပေါ် လာရ မည်ဟု ကျွန်မ တို့ တစ်အိမ်သားလုံး က ယုံကြည် ကြပါသည်။
အဖေ အနားယူ လိုက် သော် လည်း လူအများ က အလွန်ဂရုစိုက် မြဲ ဖြစ်သည်။ အဖေ၏ ကျန်းမာရေး အခြေအနေ ကို အတော် အလေးထား ကြ သည်။
တရုတ် လူမျိုး များ သာမက နိုင်ငံခြားသား များ ကပါ မကြာ မကြာ မေးမြန်း ကြသည်။ သူ့ ဘဝ တစ်ခုလုံး၏ ဆုံးရှုံးမှု၊ စွန့်လွှတ်မှု၊ အကျိုးအကြောင်း အဆိုးအကောင်း မှန်သမျှ ကို စိတ်ဝင်စားကြသည်။
သူ၏ အတွေးအခေါ် နှင့် နိုင်ငံရေး ဘက် တွင် အောင်မြင်မှု ကို ဝေဖန် သုံးသပ် သုတေသန ပြု သူ တို့ မှာ ပြည်တွင်း ရော ပြည်ပ တွင် ပါ အလွန် များပြား လှ သည်။ ရှုပ်ထွေး များမြောင်လှသော အတွေ့အကြုံ တို့ကို လည်း အလွန် စိတ်ဝင်စား ကြသည်။ ဂျာမန်၊ ဟန်ဂေရီ၊ ဟောင်ကောင် နှင့် ပြည်တွင်းမှ စာရေးဆရာ အချို့က အဖေ၏ အတ္ထုပ္ပတ္တိ နှင့် ဝေဖန်သုံးသပ်ချက် တို့ကို ရေးသားခဲ့ ကြသည်။
အဖေ သည် ခံစားချက် ကို စိတ်ထဲ၌ သာ သိုသို သိပ်သိပ် ထားတတ် သည်။ တိတ်တိတ် ဆိတ်ဆိတ် နေတတ် သည်။ စကားနည်းသည်။ မိမိကိုယ် မိမိ ဂုဏ် မဖော် တတ်။
သူဘဝ အတွေ့ အကြုံများ ကို အခြားသူများ အား ပြောပြခြင်း မရှိသည် သာမက သူ့ အနီးအနားတွင် ရှိနေသော ကျွန်မတို့ မိသားစုဝင်များ ကိုပင် အတိတ်က အဖြစ်အပျက်များ အား အနည်းအကျဉ်း သာ ပြောပြခဲ့သည်။ ထို့ကြောင့် လူအများစု မှာ အဖေ၏ ပစ္စုပ္ပန် အဖြစ်အပျက် များကိုသာ ပိုမို သိရှိကြပြီး အတိတ် က အဖြစ်အပျက် များကို သိပ်မသိကြပေ။ သိလျှင်လည်း အပေါ်ယံ မျှသာ သိကြပြီး အတွင်းကျကျ မသိခြင်းကြောင့် အဖေ ၏ ဘဝ ဖြစ်စဉ် များကို မှားမှားယွင်းယွင်း ပြောဆိုနေခြင်းများ ပင် ရှိနေပါသည်။
အဖေ၏ ဘဝသည် သာမန် ရိုးရိုးစင်းစင်း ဘဝ မဟုတ်ပါ။ ထွန်းလင်းတောက်ပ သော ဘဝ တစ်ခု ဖြစ်ပါသည်။
အဖေ၏ ထူးခြားသော ဘဝ အတ္ထုပ္ပတ္တိ ကို ရေး လောက်သော အရည်အချင်း မျိုး ကျွန်မတွင် မရှိပါ။ သို့သော် ကျွန်မ သိသမျှ ကို တော့ ရိုးရိုးသားသား တင်ပြလိုပါသည်။
ဤသည်မှာ ဆယ်ရေးတရေး ကိုးရေးတစ်ရာ ကြိုတင် ပန်ကြား ထားခြင်းဖြစ်ပါသည်။
အရာခပ်သိမ်းတွင် မူလ ဇာစ်မြစ် ရှိပါသည်။
ဇာတ်လမ်းတိုင်းတွင် မူလ အစ ရှိပါသည်။
တိန့်ရှောင်ဖိန် အကြောင်း ရေးမည် ဆိုလျှင်လည်း သူ့ဘဝ စတင်ရာ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော စီချွမ် မှ အစပြု သင့်ပါသည်။

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၅ )

 ကျွန်မဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်




ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၅ )

အငြိမ်းစား ယူသည့် ထိုတစ်နေ့


အစည်းအဝေး ဆုံးဖြတ်ချက် တွင် အောက်ပါ အတိုင်းဖော်ပြထားပါသည်။
“ ရဲဘော် တိန့်ရှောင်ဖိန် သည် ကျွန်ုပ်တို့ နိုင်ငံတော် ရှိ တိုင်းရင်းသား ပြည်သူ အပေါင်း က မြင့်မြတ်သော၊ ဂုဏ်သိက္ခာရှိသော၊ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုခံရသူ ဖြစ်ပါသည်။"
"ပါတီ က ဦးဆောင်မှု ပြုသော တော်လှန်ရေး၊ တည် ဆောက်ရေး သမိုင်း ကာလ များ တွင် ရဲဘော် တိန့်ရှောင်ဖိန် သည် ကြီးမား ပြောင်မြောက် သော စွမ်းဆောင်မှု များ ပြုခဲ့ပါသည်။”
“ ရဲဘော် တိန့်ရှောင်ဖိန် သည် ကျွန်ုပ်တို့ ပါတီ နှင့် နိုင်ငံတော် အတွက် ထူးခြားသော စွမ်းဆောင်မှု များ ပြုခဲ့ သည် ဟု ယခု အစည်းအဝေးကြီး က မြင့်မားစွာ အကဲဖြတ် ပါသည်။"
"ရဲဘော် တိန့်ရှောင်ဖိန် သည် ထူးချွန်သော မာ့စ် ဝါဒီ၊ ထက်မြက် သော ကွန်မြူနစ် ဝါဒီ၊ ပြောင်မြောက်သော ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ စစ်ရေးပညာရှင် ပီသရုံ သာမက၊ ကျွန်ုပ်တို့ ပါတီ နှင့် နိုင်ငံတော် ၏ ရေရှည် စမ်းသပ်ခံ၊ မှတ်ကျောက်တင်ခံ၊ ထုသားပေသား ကျပြီး သော ခေါင်းဆောင် ဖြစ်ကြောင်း ကို နှစ်ပေါင်း ၄-၅-၆၀ ကြာ တော်လှန်ရေး လက်တွေ့ ဆောင်ရွက်ချက် များ အရ ပေါ်လွင် ထင်ရှား လှပါသည်။
"သူသည် မာ့စ်-လီနင် ဝါဒ အခြေ ခံ သဘောတရားများ ကို တရုပ်ပြည် လက်တွေ့ အခြေအနေနှင့် အပြန်အလှန် ပေါင်းစပ် ကျင့်သုံးသော သဘောတရား နှင့် ရှုမြင် သုံးသပ်ချက် အား ဖော်ထုတ်ခဲ့သည်။ ယင်းသည် မော်စီတုန်း အတွေးအခေါ် ၏ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ မော်စီတုန်း အတွေးအခေါ်ကို သမိုင်းအခြေအနေသစ် အောက်တွင် အမွေဆက်ခံကာ ဖွံ့ဖြိုး တိုးတက် စေခြင်းဖြစ်သည်။ ယင်း သည် တရုပ်ပြည် ကွန်မြူနစ် ပါတီ နှင့် တရုပ်ပြည်သူ တို့၏ အဖိုးထိုက်တန် သော အတွေးအခေါ်နှင့် စိတ်ပိုင်းဆိုင်ရာ ဥစ္စာ ဓန လည်း ဖြစ်ပါသည်။”
ဤသည်မှာ ဘိုးဘွား နိုင်ငံတော် အတွက်၊ ပြည်သူလူထု အတွက်၊ ပါတီ အတွက် အသက်နှင့် ခွန်အား အလုံးစုံ စိုက်ထုတ် လုပ်ကိုင်ခဲ့သူ တစ်ဦး အပေါ် ပါတီ နှင့် ပြည်သူ တို့၏ ကြီးမြတ်သော အကဲဖြတ် မှုပင် ဖြစ်ပါသည်။
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Faceboo