Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၂ )

 
ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်


အခန်း { ၁ } – ( ၂ )

အငြိမ်းစား ယူသည့် ထိုတစ်နေ့

နေ့လည်စာ စားချိန်။
ကျွန်မတို့ မိသားစု ထမင်းစားပွဲ ၌ ဝိုင်းထိုင်နေကြသည်။ ထမင်းစားပွဲ တွင် ပြောသော အကြောင်းအရာမှာ အဖေ အနားယူခြင်း အကြောင်းသာဖြစ်သည်။
မမ က..

“ တို့မိသားစုတွေ အဖေ့ ကို ဂုဏ်ပြုပွဲ လုပ်‌ ပေး ရအောင်”

ကိုကို က…

“ဒါဆို အရက် အကောင်းစား တစ်ပုလင်း ထည့်မယ်”
အမေ က..

“ညနေ၊ နေကောင်းရင် မှတ်တမ်းတင် ဓါတ်ပုံ ရိုက်တာ လိုက် ကြည့် ချင် သေးတယ်”
အဖေ က..

“ အနားယူပြီးရင် သာမန် ပြည်သူ တစ်ယောက် လိုပဲ နေချင်တယ်။ ရိုးရိုး အရပ်သား ဘဝ မျိုး ပေါ့။
သူတို့လို လမ်းမပေါ် လျှောက်သွားချင်တယ်။ သွားချင်တဲ့ နေရာတိုင်း လွတ်လွတ်လပ်လပ် သွားချင်တယ်၊ လျှောက်လည် ချင်တယ်”
“ဖိုးဖိုး က တကယ် စိတ်ကူးယဉ်‌ နေတာပဲ”
မြေး အကြီးမ မြင့်မြင့် က ရယ်မောလျှက် ဝင်ပြောသည်။
ညနေ ၃ နာရီတွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ ၁၃ ကြိမ်မြောက် ညီလာခံ ပဉ္စမ အကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ၌ အဖေ ၏ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်ခွင့်ပြုပါရန် တင်ပြခြင်းကို မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုခဲ့ သည်။

အဖေသည် ၄ နာရီ ကျော်ကျော်တွင် ပါတီဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး တက်ရောက် နေသူများ နှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ရန် ပြည်သူ့အစည်းအဝေး ခန်းမကြီးသို့ ကားဖြင့် ထွက်သွားသည်။
နားနေဆောင် သို့ အဖေ ဝင်လာသည်နှင့် အစည်းအဝေး ခန်းမ အတွင်းမှ ထွက်လာ ကြသည့် ဗဟိုကော်မတီ ခေါင်းဆောင် ရဲဘော်အသီးသီးက အဖေ့ ထံလာ၍ လက်ဆွဲနှုတ်ဆက် ကြသည်။
ဗဟိုစစ်ကော်မရှင် ဥက္ကဌ အဖြစ် ယခုပင် ‌ရွေးချယ်ခံထား ရသည့် ရဲဘော် ကျန်းဇီမင်း က အရှေ့သို့ ထွက် လာကာ အဖေ့ လက် ကို တင်းတင်း ဆုပ်ကိုင်ပြီး နှုတ်ဆက်သည်။
သူက အဖေ နှင့် ခေါင်းဆောင် ရဲဘော်များ အတူ ဓါတ်ပုံ ရိုက်ရန် အဆိုပြုသည်။
ကျန်းဇီမင်း(Jiang ZeMin)၊
ရန်ရှန့်ခွန်း(Yang ShangKun)၊
လီဖုန်(Li Peng)၊
ယောင်ယိလင်(Yao YiLin)၊
ချောင်ရှီ(Qiao Shi)၊
စုန့်ဖိန်(Song Ping)၊
လီရွေ့ဟွမ်(Li RuiHuan)၊
ဝမ်တင့်(Wang Zhen)၊
ပေါ်ယိပေါ(Bo YiBo)၊
ဝမ့်လီ(Wan Li)၊
စုန်းရန့်ချုန်(Song RenQiong)၊
ဟူချောင်မု(Hu QiaoMu)
စသော ရဲဘော် ၁၂ ယောက်က အဖေ့ ကို ဝန်းရံပြီး တန်းစီ ကြသည်။
သတင်းထောက်များ အလုအယက် တိုး ဝှေ့ကာ လျှပ်တစ်ပြက် မီးများ တဖျပ်ဖျပ် နှင့် သမိုင်းဝင် ဓါတ်ပုံကို ရိုက်ယူခဲ့ ကြလေသည်။
ဤ ပုဂ္ဂိုလ်ကြီးများသည် ကျွန်မတို့၏ ပါတီနှင့် နိုင်ငံတော်၏ ခေါင်းဆောင်ကြီးများ ဖြစ်သည်။
အချို့ မှာ ဆံပင်များ ဖြူ ကာ အိုမင်း နေပြီ။ အချို့ ကတော့ ငယ်ရွယ် ကြသည်။ ဆံပင် မဖြူသေး။
သူတို့ အားလုံး စုစုစည်းစည်း၊ စည်းစည်းလုံးလုံး အတူတကွ ရပ်တည် နေကြ ပါသည်။

8

No comments:

Post a Comment