Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် (နိဒါန်း)

 ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော်

ပြန်ဆိုသူ - ရဲဇော်


နိဒါန်း
၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၅ရက်နေ့ ညသန်းခေါင် အချိန်တွင် ချုံကင်းမြို့ ၌ ကျွန်မကို မွေးဖွား ခဲ့ပါသည်။
အမိဝမ်းတွင်းမှ ထွက်လာသော ကျွန်မသည် အသာအယာ ငိုကြွေးပြီး နောက် မျက်လုံး အစုံကို မှိတ်ကာ အိပ်ပျော်သွား ပါတော့သည်။ ကျွန်မကို မည်သူက ချောချောမောမော မွေးဖွားပေး လိုက်သည်ကို ပင်မသိခဲ့ပါ။
ထို့ထက်ပို၍ တရုတ်ပြည်မကြီးသည် မိုးမြေသိမ့်သိမ့်တုန် လောက်အောင် သမိုင်းတွင်ရစ်မည့် ပထမ အကြိမ် တော်လှန်ရေးကြီး ဆင်နွှဲ နေစ ကာလ ဖြစ်သည်ကို ပို၍ပင် မသိခဲ့ပါ။
တပ်သား ၈သန်းခန့် သေကြေပျက်စီးကာ လေအဟုန်နောက် တိမ်တိုက်များ လွင့်ပါသွား ရသည့်နှယ် ကူမင်တန် တို့ ခွက်ခွက်လန်အောင် ရှုံးနိမ့် တပ်ပျက် ထွက်ပြေး သွားကြပြီး တရုပ်ပြည်၏ ကြီးမား ကျယ်ပြန့်သော မြေပြင် ပေါ်တွင် ပြည်သူ့ သမ္မတ နိုင်ငံတော်သစ် တစ်ခု ပေါ်ထွန်း လာခဲ့ပါသည်။
မြေပြင် ပေါ်တွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် အသည်းတထိတ်ထိတ် ရင်တဖိုဖို နှင့် သူမတူအောင် ကြီးကျယ် ခမ်းနားလှသော်လည်း ကျွန်မ လူ့လောကထဲ ရောက်လာသည် ကတော့ ဘာမျှ ပြောပလောက်အောင် မှတ်သားစရာ မရှိခဲ့ပါ။
သေးလည်းသေး ပိန်လည်းပိန် ကာ ခေါင်းတွင် အဝါရောင် ဆံပင်လေးများ ကျိုးတိုးကျဲတဲ ဖြစ်နေသော ကျွန်မကို အမေက မော်မော် (Mao Mao) ဟု အမည်ပေး ပါသည်။
ကျွန်မ သည် ဤမိသားစုတွင် စတုတ္ထမြောက် ကလေး ဖြစ်ပါသည်။ ကျွန်မတွင် အစ်မ ၂ ယောက်၊ အစ်ကို ၁ ယောက် ရှိပြီး နောက် တစ်နှစ်ခွဲ ခန့် အကြာတွင် မောင်လေး တစ်ယောက် ထပ်တိုးလာပါသည်။
အဖေ နှင့် အမေ သည် ကျွန်မတို့ မောင်နှမ ၅ ယောက် ကို လူ့လောက ထဲသို့ ခေါ်ဆောင်လာပြီး အဖွား ကိုပါ အားဖြည့် ကာ ဤ မိသားစု ကို စုစည်း ဦးဆောင် ခဲ့ပါသည်။
နွေဦး ရာသီ မရောက်သေး၍ ညဉ့်အချိန်သည် အုံ့မှိုင်း အေးမြကာ စိုစွတ်နေသော ကာလတွင် ကျွန်မကို မွေးဖွားခဲ့သည်။
လူ့လောကထဲ ရောက်လာ သည့် ကျွန်မ ဘဝ သည် သာမန် ရိုးရိုးစင်းစင်း ဘဝ မဟုတ်ပါ။ ချမ်းမြေ့ သာယာမှု၊ ကြမ်းတမ်း ခက်ထရော်မှု တို့ ပေါင်းစု နေသည့် ဘဝဖြစ် သည်။ ဤသို့သော ကံကြမ္မာ ကို တစ်သက်လုံး လက်တွဲ သွားရမည့် ဇာတာပိုင်ရှင် ဖြစ်နေသည်။
ဤသို့သော ဘဝကြမ္မာ ကို ကျွန်မ မည်သို့ သိနိုင် ပါမည်နည်း။
ကျွန်မသည် သာမန် မဟုတ်သည့် ပတ်ဝန်းကျင်တွင် မွေးဖွား လာခဲ့သည်။ ကြီးပြင်းလာ ခဲ့ရသည်။ မေ့လျော့ ဖျောက်ဖျက်၍ မရ နိုင်သော သမိုင်းဝင် ကာလ များကို အများ ထက်ပင် ပို၍ မြင်တွေ့ ခဲ့ရပါသည်။ ကြားသိခဲ့ရ ပါသည်။ ဖြတ်သန်းခဲ့ရ ပါသည်။
မြောက်များလှ စွာသော သမိုင်းဝင် ပုဂ္ဂိုလ် ကျော်တို့သည် ကျွန်မ အပါးမှ ပင် ဖြတ်သန်းသွားခဲ့ ကြသည်။ မြောက်များ လှစွာသော သမိုင်းဝင် ဖြစ်ရပ်တို့သည် ကျွန်မ ပတ်ဝန်းကျင်တွင် ဖြစ်ပွားပေါ်ပေါက် ခဲ့ပါသည်။
ကျွန်မ ဘဝ ခရီးမှာ တိုတောင်း လှသော်လည်း မြင်ရ၊ ကြားရ၊ မှတ်သားရ၊ သိရှိရသည် တို့မှာ များပြားလွန်း လှပါသည်။ ပြန်လည် သတိရစရာတွေ က များလည်း များသည်။ စိတ်ဘဝင်တွင် လည်း နက်နက်ရှိုင်းရှိုင်း စွဲထင်နေသည်။ ကာလ ကလည်း ကြာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ မှတ်တမ်း မှတ်ရာ အဖြစ် ကျန်ရစ်အောင် ရေးလိုသော ဆန္ဒ သည် တစ်စတစ်စ အမြစ်တွယ် လာပါသည်။
ကျွန်မ သိခဲ့ရသည် တို့မှာ အကန့်အသတ် ရှိသော်လည်း၊ ကျွန်မ မြင်တွေ့ ခဲ့ရသည် တို့မှာ အပေါ်ယံ မျှသာ ဖြစ်သော်လည်း မေ့လျှော့ ပျောက်ပျက် မသွားသင့် သော အရာများ ဖြစ်ပါသည်။
အထူးသဖြင့် ကျွန်မ အဖေ ဖြစ်ပါသည်။
သူ၏ အမည်ရင်းမှာ တိန့်ရှီးရှန် ( Deng XiXian) ဖြစ်ပါသည်။ တိန့်ပင်း ( Deng Bin) ဟုလည်း ခေါ်ခဲ့ဖူး ပါသည်။ နောက်ပိုင်းတွင် တိန့်ရှောင်ဖိန် ( Deng XiaoPing) ဟု ပြောင်းခဲ့ ပါသည်။
သူ ၁၆ နှစ်သား အရွယ် တွင် ဇာတိ ရပ်မြေမှ ထွက်ခွာ ခဲ့သည်။ ၁၈ နှစ် အရွယ်တွင် ကွန်မြူနစ် ဝါဒ ယုံကြည်ချက် ဖြင့် နိုင်ငံတော် နှင့် ပြည်သူ လူထု ကို ကယ်တင်ရန် တိကျ ခိုင်မာစွာ သန္နိဋ္ဌာန် ချခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော် ကြာ ခဲ့သည့် တော်လှန်ရေး သမားကြီးဘဝ တွင် သူသည် မြေအောက် တော်လှန်ရေး လုပ်ငန်းကို လည်း လုပ်ခဲ့ဖူးသည်။ စစ်ရေး စစ်ရာများ ကိုလည်း ကွပ်ကဲ စီမံ ခဲ့ဖူးသည်။ အစိုးရ အဖွဲ့တွင် အရေးပါ အရာရောက်သော ပုဂ္ဂိုလ် လည်း ဖြစ်ခဲ့ဖူးသည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တော်၏ ရာဇဝင်တွင် ခွဲထုတ်၍ မရသော စာမျက်နှာ တစ်မျက်နှာ အဖြစ် သူ၏ နာမည်သည် ခိုင်မြဲစွာ တည်ရှိ နေမည် ဖြစ်သည်။
သူ၏ အထုပ္ပတ္တိ ကို သူ မရေးပါ။ အခြားသူ များ ရေးသား ခြင်းကို လည်း သူ မနှစ်သက် ပါ ဟု အဖေ က ပြောခဲ့ ဖူးပါသည်။
သို့သော်လည်း သမီး တစ်ယောက် အနေဖြင့် ပြောရလျှင် အဖေ့ အကြောင်း သိရှိခဲ့ ရ သမျှ ကို ရေးသား မှတ်တမ်း မတင်ခဲ့လျှင် သမိုင်းတွင် ကျွန်မ သည် တာဝန် မကျေသူ တစ်ဦး ဖြစ်သွား ပေမည်။ ကျွန်မသည် ယခု ဘဝတွင် အခြားဘာတစ်ခု ကိုမျှ အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသူ ဖြစ်စေ ကာမူ ကျွန်မ ဝမ်းမနည်းပါ။
သို့သော် အဖေ့ အထုပ္ပတ္တိ ကို ရေးသားလိုသည့် ရည်မှန်းချက် အား ပြီးပြည့်စုံ အောင် အကောင်အထည် မဖော် နိုင်ခဲ့လျှင် ကျွန်မ ဘဝ တစ်လျှောက်လုံး ဝမ်းနည်းကြေကွဲ ရပေတော့မည်။

No comments:

Post a Comment