Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၃ )

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် ( Mao Mao)

ပြန်ဆိုသူ - ရဲဇော်


အခန်း { ၁ } – ( ၃ )
အငြိမ်းစားယူသည့် ထိုတစ်နေ့
အဖေ ခန်းမကြီးထဲ လှမ်းဝင် လိုက်သည်နှင့် လက်ခုပ်သံများ ထွက်ပေါ်လာပါသည်။
အဖေသည် ဗဟို စည်းကမ်းထိမ်းသိမ်း‌ရေး ကော်မတီဝင်များ၊ ဗဟို အကြံပေး ကော်မတီဝင်များ ၏ ထိုင်ခုံတန်းများ ကို ဖြတ်ကျော် လာခဲ့ ပြီး ပြုံးပြုံးရွှင်ရွှင် ဖြင့် မိုက်ကရိုဖုန်း ရှေ့တွင် ရပ်လိုက်သည်။
“ကျွန်တော့် ရဲ့ အနားယူခွင့်တောင်းခံတဲ့ အဆိုပြုလွှာ ကို အစည်းအဝေးကြီး တစ်ခုလုံးက လက်ခံပေးတဲ့ အတွက် အထူး ကျေးဇူး တင်ပါတယ်။
ကျွန်တော့် ကို နားလည် ထောက်ခံ ပေးတဲ့ အတွက် လည်း ရဲဘော် အားလုံးကို နှစ်နှစ်ကာကာ ကျေးဇူးတင်ရှိ ပါတယ်။”
ကျေးဇူးတင် စကား ပြောအပြီးတွင် အစည်းအဝေး တက်ရောက်သည့် ရဲဘော်များနှင့် လေ့လာသူ အဖြစ် တက်ရောက်သည့် ရဲဘော်များသည် အဖေနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကြပါသည်။
အဖေ အစည်းအဝေး ခန်းမကြီးမှ ထွက်လာ ချိန်တွင် ရဲဘော် ကျန်းဇီမင်း က အဖေ့ကို တံခါးဝ သို့ လိုက်ပို့ ပေးသည်။
သူက အဖေ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း
“ကျွန်တော် ဦးဆွေးဆံမြည့် အသက်ထက်ဆုံး သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပါ့မယ်။ သေတဲ့ အထိ နောက် မဆုတ်တမ်း ထမ်းဆောင်ပါ့မယ်”
ဟု ပြောပါသည်။
ညဉ့်လွှာရုံသည် တဖြည်းဖြည်း လွှမ်းခြုံ မှောင်မည်းလာသည်။ ကျွန်မတို့ အိမ်မှာ တော့ မီးရောင်များ ထိန်ထိန်ညီး နေသည်။
မိသားစုအားလုံး တစ်ညနေလုံး အလုပ်များခဲ့ ကြသည်။ ညနေစာ စားချိန် ရောက်သော အခါ မြေး လေး ယောက်က အဖိုးဖြစ်သူကို အတူသွား ခေါ်ကြသည်။
ထို့နောက် သူတို့ကိုယ်တိုင် ပြုလုပ်ထား သော ဂုဏ်ပြု လွှာကို အဖိုးအား ပေးသည်။ ကတ်ပြားပေါ်တွင် လှပသော လိပ်ပြာ ပုံ ပန်း လေး ပွင့် ကို ကပ်ထားသည်။ ထို ပန်းလိပ်ပြာ လေး ပွင့် မှာ သူတို့ မြေး လေး ယောက် ကို ကိုယ်စား ပြုပါသည်။
ကတ်ပြား ပေါ်တွင်
“သားသား မီးမီး တို့လို ဖိုးဖိုး ထာဝစဉ် နုပျို နေပါ စေ”
ဟု သပ်သပ်ရပ်ရပ် ရေး ထားသည်။
မြေး လေး ယောက်၊ တစ်ယောက်ပြီး တစ်ယောက် ဖိုးဖိုး ကို မွှေးမွှေး ပေးကြ သည်။ နောက်ဆုံးကျ သည့် ၃ နှစ် အရွယ် မြေး အငယ်ဆုံး လေး အလှည့်တွင် သူ့ခမျာ ဖိုးဖိုး မျက်နှာ ပေါ်မှ သွားရည်များ ကိုသာ မွှေးမွှေး ပေး ရတော့ သည်။
တစ်မိသားစုလုံး တဟားဟား နှင့် ရယ်မော မိကြသည်။
ကျွန်မတို့ အိမ်တွင် လုပ်သက် အနှစ် ၃၀ ရှိပြီ ဖြစ်သော ဆရာကြီး ယန် ကိုယ်တိုင် ထမင်းစားခန်းရှိ စားပွဲပေါ်တွင် ထမင်းပွဲ ဟင်းပွဲ များကို စားပွဲ အပြည့် ဂရုတစိုက် ခင်းကျင်း ထားသည်။
အခန်း၏ အပြာနုရောင် နံရံ အမြင့်တွင် အနီရောင် စာလုံးများနှင့် စာတန်း တစ်တန်း ကပ်ထားသည်။

“၁၉၂၂ ---- ၁၉၈၉ မှသည် -------- အမြဲထာဝရ
အဖေသည် ထိုစာတန်းကို မော့ကြည့် လိုက်သည်။
အဖေ့ မျက်နှာတွင် လေးနက်သော အပြုံး ပေါ်လာ ၏။
အဖေ ၏ လေးနက်သော အပြုံး ကို ကြည့်ရင်း၊
မိသားစုဝင် များ ဝမ်းသာပျော်မြူး နေပုံ ကို ကြည့်ရင်း၊
အားလုံး ပြိုင်တူ ကိုင် မြှောက် လိုက်သော နီနီ ရဲရဲ ဝိုင်ခွက် များကို ကြည့်ရင်း

ကျွန်မရင်ထဲတွင် ပြောမပြတတ် သော ခံစားမှု တစ်ခုကို တသိမ့်သိမ့် ခံစားနေမိပါသည်။

No comments:

Post a Comment