Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၁ )

 ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန်

ရေးသူ - မော်မော် (Mao Mao)

ပြန်ဆိုသူ - ရဲဇော်

အခန်း { ၁ } – ( ၁ )

အငြိမ်းစား ယူသည့် ထိုတစ်နေ့
၁၉၈၉ ခု နိုဝင်ဘာလ ၉ ရက်၊ နံနက်ခင်း။
ကောင်းကင်တွင် အလင်းရောင်ပင် ထွက်ပေါ်မလာသေး။ ဆောင်းကူးရာသီ နှောင်း ပိုင်း တွင် တဖွဲဖွဲ ကျနေသော မိုးစက်လေးများကြောင့် မြေပြင်သည် စိုစွတ်နေသည်။
အဖေသည် ခါတိုင်းလိုပင် အချိန်မှန် အိပ်ရာထသည်။ အချိန် မှန်မှန် နံနက်စာ စားသည်။ စားပြီးသည်နှင့် သတင်းစာ၊ စာစောင် နှင့် စာအုပ်များ ကိုဖတ်နေသည်။
ကျွန်မ ၏ ကလေး မှာ အအေးမိ နေ၍ မူကြိုကျောင်း မသွားနိုင် ပေ။ သူ က အငယ်ဆုံး ကလေး။ ကျွန်မ က ကလေးကို ချီ၍ အဖေ့ ကိုသွားပြသည်။
“မိုးရွာ နေလား”
အဖေ က မေးသည်။
" ဟုတ်တယ် အဖေ၊ မိုးနှင်းတွေ စ ကျ နေပြီ”
အဖေသည် ကျွန်မ အဖြေကို ကြားသည်နှင့် ချက်ချင်း ထ ကာ ပြူတင်းပေါက်ကို ကျယ်ကျယ် ဖွင့်ထား လိုက်သည်။ ထို့နောက် တံခါးမကြီးကို ဆက်ဖွင့်ကာ အပြင်သို့ ထွက်သည်။
အပြင်တွင် လေမှာ အေးမြ စိုစွတ်နေသည်။ မိုးရေပေါက်များနှင့် အတူ နှင်းပွင့်လေးများ ရောထွေးကာ လေအဝှေ့တွင် တလူလူ လွင့်ပျံပြီး တဖွဲဖွဲ ကျဆင်းနေသည်။
အဖေသည် မိုးစက် နှင့် နှင်းပွင့် တို့ကို ငေးကြည့်ရင်း ဝမ်းပန်းတသာ ပြောသည်။
“‌ကောင်း လိုက်တဲ့ မိုးနှင်းတွေ။ ပီကင်းမှာ နှင်း ကျ ဖို့ လိုနေပြီလေ”
အဓိက အကြောင်း ကတော့ မှန်လုံအိမ် အကျိုးသက်ရောက်မှု ဖြစ်သည်။ ယခုနှစ် ဆောင်းကူး ရာသီ အဝင်နောက်ကျသည်။ ဆောင်းရာသီ လည်း နောက်ကျသည်။ နိုဝင်ဘာလ ရောက်သော်လည်း ရာသီဥတု က မအေးသေး။ ယနေ့ကျသော မိုးနှင်းမှာ သည်းသည်းထန်ထန် မဟုတ်သော်လည်း ပီကင်း၏ ယခုနှစ်ဆောင်း တွင် ပထမ ဆုံး ကျသည့် နှင်းပင် ဖြစ်ပါသည်။
၉ နာရီ ကျော်ပြီ။ ရုံးအဖွဲ့မှုး ဝမ်ရွေ့လင် ရောက်လာကာ ယခုကျင်းပနေသော ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး၏ အခြေအနေ အချို့ကို အဖေ့ အားတင်ပြသည်။
မှန်ပါသည်။ ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အဖေအနားယူတော့မည့် အဆိုပြုချက် ကို ဆွေးနွေး နေပါသည်။ နေ့ရက် စီစဉ်ထားရှိမှု နှင့် ဆွေးနွေးနေသည့် အခြေအနေ စသော အရေးကြီး သည့် အကြောင်းအရာတို့ကို အဖေ့ အား တင်ပြသည်။
အဖေ အနားယူဖို့ ဆုံးဖြတ်ခြင်းနှင့် ဆုံးဖြတ်ရသည့် အကြောင်းရင်း ကို အစည်းအဝေး မှ ရဲဘော်များ အားလုံး က နားလည်ကြ ကြောင်း၊ ဆွေးနွေးကြစဉ် ရဲဘော် များ က အသည်းနှလုံးထဲမှ လာသော သံယောဇဉ် စကားများ ပြောကြားခဲ့ ကြ ကြောင်း၊ ယနေ့မွန်းလွဲပိုင်း မျက်နှာစုံညီ အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ပြီး ညတွင် သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း တင်ပြ ပါသည်။
အဖေ က နားထောင်ပြီး
“ဒီကိစ္စက အားလုံး ပြီးစီး သွားပြီပေါ့”
ဟု ပြောသည်။ ‌
အဖေ အလွန်ကျေနပ် နေပါသည်။

No comments:

Post a Comment