Friday 12 July 2024

ကျွန်မ ဖေဖေ တိန့်ရှောင်ဖိန် အခန်း { ၁ } – ( ၄ )

ကျွန်မဖေဖေ တိန့်ရှောင်ဖိန်
ရေးသူ - မော်မော် (Mao Mao)
ပြန်ဆိုသူ - ရဲဇော်


အခန်း { ၁ } – ( ၄ )

အငြိမ်းစား ယူသည့် ထိုတစ်နေ့

နှစ် ၈၀ ကျော် ဖြတ်သန်းခဲ့ရသော လူ့ဘဝ တွင် နှစ် ၆၀ ကျော် ပါဝင်ခဲ့သော တော်လှန်ရေး ခရီးစဉ် သည် လွယ်လွယ် ကူကူ၊ ပေါ့ပေါ့ သေးသေး မဟုတ်ပါချေ။
အဖေ အနားယူ သင့်ပါပြီ။
အဖေ့ ကို ကြီးလေး လှသည့် တာဝန် တို့မှ ပေါ့ပါး လွတ်လပ် စေ သင့်ပါပြီ။
အနားယူ လိုခြင်းသည် လွန်ခဲ့သော နှစ် အတန်ကြာ ကတည်းက အဖေ ၏ မျှော်လင့်ချက် ဖြစ်ပါသည်။
အဖေသည် ပါတီ၏ အရေးပါသော တာဝန်များကို ဒုတိယအကြိမ် ပြန်လည် ထမ်းဆောင် ရ သည်မှ စ၍ မျိုးဆက်သစ် ခေါင်းဆောင် များသို့ တာဝန်များ လွှဲ ပြောင်းပေးရန် စီစဉ်ခဲ့သည်။
၈၀ စု နှစ်မှ စ၍ ဆန့်ကျင်ဘက် အမြင်များကို ကျော်လွှားပြီး ခေါင်းဆောင်မှု ရာထူး အချို့ မှ သူကိုယ်တိုင် ဦးဆောင် အနားယူ ခဲ့ပါ သည်။
အဖေ ကျန်းကျန်းမာမာ နှင့် အသက်ရှည်ရှည် နေနိုင်ရေး အတွက် အနားယူရန် ကိစ္စကို ကျွန်မတို့ က ထောက်ခံပါသည်။
အဖေ ကိုယ်တိုင် ကလည်း နိုင်ငံတော်၏ အနာဂါတ် အတွက်၊ ပါတီ၏ အကျိုး အတွက် စံနမူနာ အဖြစ် အနားယူရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထား ပါသည်။
ယနေ့တွင် အဖေ၏ မျှော်မှန်းချက် သည် နောက်ဆုံးတော့ အကောင်အထည် ပေါ်လာ ခဲ့ပါပြီ။
အဖေ၏ ရင်ထဲတွင် မချမ်းမြေ့ဘဲ ဘယ်မှာရှိပါ မည်နည်း။
ကျွန်မတို့၊ ဆွေမျိုးသားချင်းတို့ သည်လည်း အဖေ့ အတွက် အူလှိုက်သည်းလှိုက် ဝမ်းမသာဘဲ အဘယ်မှာ ရှိပါမည်နည်း။

နောက်တစ်နေ့၊ ၁၉၈၉ နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ် ပြည်သူ့နေ့စဉ် သတင်းစာ ၌ အဖေ၏ အနားယူ ရန် အဆိုပြုလွှာ နှင့်
၁၃ ကြိမ်မြောက် ညီလာခံ ပဉ္စမ အကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး မှ ဆုံးဖြတ်ချက်တို့ကို ဖော်ပြခဲ့သည်။

အဖေက သူ၏ အဆိုပြုလွှာတွင် ဤသို့ ရေးခဲ့သည်။
“ ကျွန်တော်သည် ပါတီ နှင့် နိုင်ငံတော်၏ ခေါင်းဆောင်မှု စံနစ်ကို ပြုပြင်နိုင် ရေး အတွက် ကေဒါများ၊ ခေါင်းဆောင်များ ရာသက်ပန် တာဝန်ထမ်းဆောင်သည့် စံနစ်ကို ဖျက်သိမ်းရန် ၁၉၈၀ ခုနှစ်တွင် တင်ပြခဲ့ ပါသည်။
ယခုနှစ်များ အတွင်း ခေါင်းဆောင် ရဲဘော်ကြီး အချို့ ဗဟိုကော်မတီ ခေါင်းဆောင်မှု တာဝန်မှ တစ်ယောက်ပြီး တစ်ယောက် နှုတ်ထွက် ခဲ့ကြပါသည်။
ကေဒါများ ခေါင်းဆောင်များ ရာသက်ပန် တာဝန် ထမ်းဆောင်သည့် စံနစ် ဖျက်သိမ်းရေး ကို ကိုယ်ဖိရင်ဖိ ဆောင်ရွက်နိုင်ရန် ကျွန်တော် ကိုယ်တိုင် အနားယူလိုကြောင်း ၁၉၈၇ ခုနှစ် ပါတီ၏ ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ မကျင်းပခင် တင်ပြခဲ့ပါသည်။
ထိုအခါ ပါတီဗဟိုကော်မတီ က ကျွန်တော် ကိုယ်တိုင် နှင့် ပါတီ တွင်းမှ ထင်မြင် ယူဆချက် များ ကို အပြန်ပြန် အလှန်လှန် သုံးသပ်ခဲ့ပါ သည်။
ထို့နောက် ကျွန်တော့် အား ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင် နှင့် ဗဟိုကော်မတီ အကြံပေးအဖွဲ့ တာဝန်ခံ စသည့် တာဝန်များမှ နှုတ်ထွက် ခွင့်ပြုပါသည်။
ပါတီနှင့် နိုင်ငံတော်၏ စစ်ကော်မရှင် ဥက္ကဌ တာဝန် ကို သာ ထမ်းဆောင်စေရန် ဆုံးဖြတ်ခဲ့ ပါသည်။
နောက်ပိုင်း တွင် ဗဟိုကော်မတီ ဦးဆောင် အဖွဲ့ များက အရေးကြီးသည့် ကိစ္စ များနှင့် ပတ်သက်ပြီး ကျွန်တော့် အမြင်ကို တောင်းခံသည့် အခါ၊ ထို အဖွဲ့ဝင် ရဲဘော်််််အများစု ၏ သဘောထား ကို ကျွန်တော် အမြဲ ထောက်ခံခဲ့ပါသည်။
ထို့အပြင် နေ့စဉ် လုပ်ငန်းဆောင်ရွက်ချက်များ ကို ဝင်ရောက် စွက်ဖက်ခြင်း၊ မေးမြန်းခြင်း မပြုတော့ပါ။
ကျွန်တော် သည် ခေါင်းဆောင်သစ်များ အစားထိုးခြင်း လုပ်ငန်း စောနိုင်သမျှ စောစော ပြီးမြောက်ရန် နှင့် ခေါင်းဆောင်မှု တာဝန်မှ လုံးဝ အနားယူ လိုသည့် ဆန္ဒ ပြည့်ဝစေရန် တစ်လျှောက်လုံး မျှော်လင့် ခဲ့ပါသည်။
၁၃ ကြိမ်မြောက် ဗဟိုကော်မတီ၊ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ရဲဘော် ကျန်းဇီမင်း ဦးဆောင်သည့် အမြုတေ ခေါင်းဆောင် များ ကို ရွေးချယ်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် နှင့် အောင်အောင် မြင်မြင် ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိ ရပါသည်။
ဂရုတစိုက် ဆင်ဆင်ခြင်ခြင် ဝေဖန် သုံးသပ် ခဲ့ပြီး ကျွန်တော် ကျန်းမာရေး ကောင်းနေသေးသည့် ဤအချိန်တွင် ယခု ထမ်းဆောင် နေသည့် တာဝန်မှ အနားယူလိုသည့် မူလ ဆန္ဒ ကို အကောင်အထည် ဖော်ရန် စဉ်းစား မိပါသည်။
ယခုအခါ ပါတီ၊ နိုင်ငံတော် နှင့် တပ်မတော် ၏ လုပ်ငန်းများ အကျိုးဖြစ်ထွန်း၍ အောင်မြင်လျှက် ရှိပါသည်။ ဤ အခြေအနေ မျိုးတွင် ကျွန်တော်၏ တောင်းဆိုချက် ကို ဗဟိုကော်မတီ မှ ခွင့်ပြုပေးမည် ဟု မျှော်လင့် မိပါသည်။
ကွန်မြူနစ်ဝါဒ လုပ်ငန်းများ၊
နိုင်ငံတော် လွတ်လပ်ရေး၊
တပေါင်းတစည်းတည်း စုစည်းရေး၊
နိုင်ငံတော် တည်ဆောက်ရေးနှင့်
ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အတွက်
ဆယ်စု နှစ်များစွာ ကြိုးစား ပမ်းစား တိုက်ပွဲဝင်ခဲ့သော
ပါတီဝင် ပြည်သူအိုကြီး တစ်ယောက် အနေနှင့် ပြောရလျှင်
ကျွန်တော်၏ အသက်ရှင်သန် နေသမျှ ဘဝ သည် ပါတီ နှင့် နိုင်ငံတော် အတွက်သာ ဖြစ်ပါသည်။
အနားယူပြီး သော်လည်း ပါတီ နှင့် နိုင်ငံတော် အပေါ် ဆက်လက် သစ္စာ ရှိပါမည်။
ကျွန်တော်တို့ ပါတီ၊ နိုင်ငံတော် နှင့် တပ်မတော် က ရရှိသော အောင်မြင်မှု အားလုံးသည် ရှေ့ မျိုးဆက် များ ကြိုးစားခဲ့ ခြင်း၏ ရလဒ် ပင်ဖြစ်ပါသည်။
ကျွန်တော် တို့ ၏ ပြုပြင် ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး လုပ်ငန်းများ စတင်ခဲ့သည်မှာ မကြာသေးပါ။ တာဝန်က ကြီးလေး လှပါ သည်။ ခရီးဝေးလံစွာ လျှောက်လှမ်း ရပါဦးမည်။ ရှေ့ ခရီးတွင် အခက်အခဲများ၊ အရှုပ်အထွေး အကောက် အကွေ့များ နှင့် ကြုံတွေ့ ရပါဦးမည်။
သို့သော် ထို အခက်အခဲ များ ကို မုချ ကျော်လွှား နိုင်ကာ ရှေ့ ခေါင်းဆောင် ကြီးများ အစပျိုး ခဲ့သည့် လုပ်ငန်းများသည် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် တိုးတက် ဖွံ့ဖြိုး အောင်မြင် ရမည် ဟု စွဲစွဲမြဲမြဲ ယုံကြည် မိပါသည်။
တရုတ်ပြည်သူတို့ သည် အင်အားရှိစွာ စုစည်း နိုင်ပြီ ဖြစ်၍
ကမ္ဘာ့ အလယ် တွင် မားမားမတ်မတ် အားမာန်ပြည့်စွာ ရပ်တည် နိုင်ပြီ ဖြစ်ပါသည်။”

No comments:

Post a Comment